bap-logo
Politics

နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုလျော့ချရန် CIA အကြီးအကဲ တရုတ်သို့ လျှို့ဝှက်သွားရောက်

7JRUCpZ4oQAzA9R51jG7a-image

လွန်ခဲ့သော တစ်နှစ် က

သမ္မတ Joe Biden အယုံကြည်ရဆုံး အရာရှိဖြစ်သော CIA ညွှန်ကြားရေးမှူး Bill Burns ယခင်လက တရုတ်သို့ သွားရောက်မှုသည် ဘေဂျင်းနှင့် ဝါရှင်တန်တို့၏ ဆက်ဆံရေးယိုယွင်းလာမှုကို အိမ်ဖြူတော်က မည်မျှ အရေးထားကြောင်း အချက်ပြခြင်းပင်ဖြစ်သည်။

 

အိမ်ဖြူတော်နှင့် CIA မှ မှတ်ချက်ပေးရန် ငြင်းဆိုသော်လည်း အမေရိကန် အရာရှိတစ်ဦးကမူ Burns နှင့် တရုတ်ထောက်လှမ်းရေးအရာရှိများ တွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့သည်။

 

ညွှန်ကြားရေးမှူး Burns ဟာ ပြီးခဲ့တဲ့လက ဘေဂျင်းကို သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ တရုတ်တာဝန်ရှိသူများနဲ့ တွေ့ဆုံခဲ့ပါတယ်။ သတင်းထောက်လှမ်းရေး လမ်းကြောင်းများအတွက် ဖွင့်ထားတဲ့ လမ်းတွေကို ထိန်းသိမ်း ထားဖို့ အရေးကြီးကြောင်း အာရုံစိုက်ဆွေးနွေးခဲ့ပါတယ်။လို့ အမေရိကန် အရာရှိက ပြောကြားခဲ့သည်။

 

Burns ခရီးစဉ်သည် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နှင့် တရုတ် ထိပ်တန်း နိုင်ငံခြားရေး အရာရှိ Wang Yi တို့ ဗီယင်နာတွင် တွေ့ဆုံခဲ့သည့် လအတွင်းတွင်ပင် သွားရောက်ခဲ့ခြင်းဖြစ်သည်။ အိမ်ဖြူတော်ကမူ ၎င်းတွေ့ဆုံမှုကို တွေ့ဆုံမှု မပြီးမချင်း ကြေငြာခြင်း မပြုခဲ့ပါ။

 

Burns ခရီးစဉ်သည် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဂျူလိုင် ၂၀၂၁ က တီရန်ကျင်းသို့ သွားရောက်ခဲ့သော ခရီးစဉ်နောက်ပိုင်း အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိတစ်ယောက်၏ ခရီးစဉ်လည်း ဖြစ်သည်။

 

Biden သည် CIA ညွှန်ကြားရေးမှူးကို ပြည်တွင်းနှင့် ပြည်ပသို့ သိမ်မွေ့သော လုပ်ငန်းခရီးစဉ်များသွားရောက်ရန် မကြာခဏ ညွှန်ကြားလေ့ရှိသည်။ Burns အနေဖြင့် နိုဝင်ဘာ ၂၀၂၁ ခုနှစ်က မော်စကိုသို့ သွားရောက်၍ ယူကရိန်းကို ကျူးကျော်မှု မပြုရန် ရုရှအရာရှိများကို သတိပေးသည့် ခရီးစဉ်ကို သွားရောက်ခဲ့သေးသည်။

 

ဖေဖော်ဝါရီလက စတင်ခဲ့သည့် မြောက်အမေရိကားအပေါ်မှ ပျံသန်းခဲ့သော တရုတ်သူလျှို လေဘောလုံးကြောင့် ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှုများနောက်ပိုင်း အိမ်ဖြူတော်သည် တရုတ်နှင့် ဆွေးနွေးဖလှယ်မှုများ စတင်ရန် ကြိုးစားနေခဲ့ခြင်းဖြစ်သည်။ ဘာလီတွင် နိုဝင်ဘာက ကျင်းပခဲ့သော G20 တွေ့ဆုံပွဲတွင် Biden နှင့် Xi Jinping တို့ တွေ့ဆုံသဘောတူခဲ့သော ဆက်ဆံရေးအလွှာတစ်ခု တည်ဆောက်ရန် သဘောတူညီခဲ့မှုကို ၎င်းအဖြစ် အပျက်က လမ်းချော်စေခဲ့သည်။

 

အိမ်ဖြူတော်အတွက် ယခင်က တရုတ်ရေးရာအကြံပေးအဖြစ် တာဝန်ယူခဲ့သော Paul Haenle က ပြောကြားသည်မှာ Burns ကို ယင်းကဲ့သို့ စေလွှတ်ခြင်း၏ အကျိုးကျေးဇူးတစ်ခုမှာ သူသည် ဒီမိုကရက်များရော ရီပတ်ဘလီကန်များကပါ လေးစားခံရသူဖြစ်ပြီး တရုတ်အရာရှိများကြား လူသိများသူဖြစ်ခြင်းကြောင့်ဟု ဆိုသည်။

 

သူ့ကို ယုံကြည်ရလောက်တဲ့ စကားဝိုင်းထဲကလူလို့ သိကြတယ်။ မြင်ကွင်းကွယ်ရာမှာ သူနဲ့ တွေ့ဆုံဖို့ အခွင့်အလမ်းကို ကြိုဆိုကြမှာပါ။လို့ လက်ရှိ ကာနက်ဂျီ တရုတ်အတွေးအခေါ်ပညာရှင်များအဖွဲ့၏ ညွှန်ကြားရေးမှူး တာဝန်ယူထားသူ Paul Haenle က ပြောကြားခဲ့သည်။

 

CIA chief made secret visit to China in bid to thaw relations မှ ထုတ်နှုတ် ပြန်ဆိုသည်။

 

 

ပုံစာ - CIA ညွှန်ကြားရေးမှူး Bill Burnsဘေဂျင်းမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်

 

 

 

 

ကိုးကား - Financial Times

 

 

 

Burma Associated Press

 

တရုတ်
အမေရိကန်

Share With
bap-logo