bap-logo
Politics

အတွက်မှားမှုတစ်ခုကြောင့်ပင်လျှင် နျူကလီးယား လက်နက်များက အရှေ့တောင်အာရှကို ကပ်ဘေး ဆိုက်စေနိုင်ဟု အင်ဒိုနီးရှား သတိပေး

T3IVCdoFRA_lgW-8Fplnd-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၁၂။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မှားယွင်းတွက်ချက်မှုတစ်ခုက နျူကလီးယားလက်နက်များဖြင့် အရှေ့တောင်အာရှကို ကပ်ဘေးဆိုက်စေနိုင်ကြောင်း၊ ဒေသတွင်းတွင် ၎င်းလက်နက်များကင်းစင်ရေး သဘောတူစာချုပ် ချုပ်ဆိုရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများကို အင်္ဂါနေ့က ဖိအားပေးလိုက်သည်။ 

 

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဂျကာတာတွင် နှစ်ရက်တာကျင်းပမည့် အာဆီယံ အစည်းအဝေးမတိုင်ခင် သတိပေးပြောကြားခြင်းဖြစ်သည်။ အစည်းအဝေးအစီအစဉ်များသည် မြန်မာနိုင်ငံ လူထုကို အပြင်းအထန် ဖိနှိပ်ရက်စက်မှုများ၊ တောင်တရုတ်ပင်လယ်မှ ဆက်လက်ဖြစ်ပေါ်နေသော တင်းမာမှုများနှင့် ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့်ဖြစ်ပေါ်လာသော နှောင့်နှေးမှုများအကြား ဒေသတွင်းစီးပွားရေး ကြံ့ခိုင်စေရန် အားထုတ်မှုများအကြောင်း ဆွေးနွေးဖွယ်ရှိသည်။ 

 

အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးမူဝါဒ ကြီးကြပ်သူ Wang Yi  အပါအဝင် အာရှနှင့် အနောက်နိုင်ငံများမှ သက်ဆိုင်ရာနိုင်ငံများနှင့် တွေ့ဆုံမည်ဖြစ်သည်။ 

 

အချို့အသင်းဝင်နိုင်ငံများသည် ဝါရှင်တန် သို့မဟုတ် ဘေဂျင်းကို သစ္စာခံရန်နှင့် ပတ်သတ်၍ ကွဲပြားမှုများ ရှိနေစဉ်အတွင်းမှာပင် အမေရိကန်နှင့်တရုတ်တို့၏ အားပြိုင်မှုသည် အာဆီယံ၏ ဆွေးနွေးမှုအစီအစဉ်တွင် တရားဝင် မပါဝင်သော်လည်း ဒီမိုကရေစီစနစ်၊ အာဏာရှင်စနစ်နှင့် ဘုရင်စနစ်တို့ စုပေါင်းပါဝင်သော အသင်း၏ အစည်းအဝေး များတွင် ကြီးမားစွာ ပေါ်ပေါက်လာသည်။ 

 

ဒေသတွင်းမှာ နျူကလီးယားလက်နက်တွေနဲ့ဆိုရင် လုံခြုံမှာ မဟုတ်ဘူး။Marsudi က အာဆီယံမှ ဝန်ကြီးများကို ပြောကြားသည်။ နျူကလီးယားလက်နက်တွေနဲ့သာဆိုရင် တစ်ချက်ကလေး အတွက်လွဲရုံနဲ့ ကမ္ဘာပျက်ကိန်းနဲ့ ကမ္ဘာ့ ကပ်ဘေးဆိုးတွေဖြစ်ပေါ်နိုင်ပါတယ်” 

 

၁၉၉၅ ခုနှစ်တွင် အာဆီယံနိုင်ငံများသည် နျူကလီးယားလက်နက်များကင်းမဲ့ဇုန်အဖြစ် ကြိုးပမ်းအားထုတ်ရေး သဘောတူ စာချုပ်ကို ကမ္ဘာ့ဒေသ ငါးခုအနက်မှ တစ်ခုအဖြစ် ချုပ်ဆိုခဲ့သည်။ မည်သို့ပင်ဖြစ်စေ နျူကလီးယားအင်အားရှိ မည်သည့် ကမ္ဘာ့ခေါင်းဆောင်များကမှ သဘောတူစာချုပ်တွင် လက်မှတ်မထိုးခဲ့ကြောင်း၊ ၎င်းနိုင်ငံများ ပါဝင်လက်မှတ်ရေးထိုးစေရန် အားထုတ်မှု ပြန်လည်စတင်ရမည်ဟု တောင်းဆိုခဲ့သည်။ 

 

ခြိမ်းခြောက်မှုက လက်ငင်းဖြစ်ပေါ်နေတဲ့အတွက် ကျွန်မတို့ ဆက်လက် စောင့်ဆိုင်းဖို့ မဖြစ်နိုင်တော့ပါဘူးဟု ၎င်းက ပြောသည်။ 

 

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံတစ်ခုမှ ပထမဦးဆုံးအနေဖြင့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖွယ် ရှိသည့် တရားဝင်ကြေငြာချက်မူကြမ်းမှာ ဗုဒ္ဓဟူးနေ့တွင် ထွက်ပေါ်ရန် မျှော်လင့်ရသော်လည်း သဘောတူစာချုပ်သည် ကြိုတင်သတ်မှတ်မှုများ မပါဝင်ဘဲ အတည်ပြုရမည်ဆိုသည့် ရေးသားထားသည့် အာမခံချက် ရှိရမည်ဟု ဆိုသည်။ Associated Press မှ မူကြမ်းမိတ္တူတစ်စောင် ရရှိထားသည်။ 

 

တရားဝင်ကြေငြာချက်တွင် လက်မှတ်ရေးထိုးဖွယ်ရှိသည့် နိုင်ငံကို မဖော်ပြထားပါ။ သို့သော် ဂျာကာတာအစည်းအဝေးသို့ တက်ရောက်မည့် အရှေ့တောင်အာရှ သံတမန်နှစ်ဦးကမူ တရုတ်နိုင်ငံဖြစ်သည်ဟု AP ကို ပြောသည်။ ၎င်းတို့က အမည် မဖော်ပြဘဲ ပြောဆိုရခြင်းမှာ ၎င်းတို့ကို အများသိ ဆွေးနွေးရန် ခွင့်မပြုထားသောကြောင့်ဟု ဆိုသည်။ 

 

ထိုစဉ်အတွင်းမှာပင် လွန်ခဲ့သည့်နှစ်နှစ်က စစ်တပ်အာဏာသိမ်းမှုမှ စတင်သည့် အရပ်သားဖိနှိပ်ရက်စက်မှုများကို လျှော့ချရန် ငြင်းဆန်ခဲ့သည့် မြန်မာဗိုလ်ချုပ်များကို အာဆီယံထိပ်သီးအစည်အဝေးသို့ တက်ရောက်ရန် ထပ်မံ ပိတ်ပင်ခဲ့သည်။ 

 

ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နိုင်ငံကို အပြင်းအထန် ဖရိုဖရဲဖြစ်စေခဲ့သည့် မြန်မာနိုင်ငံမှ အကျပ်အတည်းများကို ဖြေရှင်းရန် အာဆီယံကို နိုင်ငံတကာမှ ဖိအားပေးခံခဲ့ရသည်။ 

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီအားပေးထောက်ခံသူ တက်ကြွ လှုပ်ရှားသူများအပါအဝင် အရပ်သား ၃,၇၅၀ သေဆုံးခဲ့ပြီး ၂၄,၀၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်ဟု ဖမ်းဆီးခံရသူများနှင့် ထိခိုက်သေဆုံးသူများကို မှတ်တမ်းတင်နေသည့် ရပိုင်ခွင့်လှုပ်ရှားသူများအဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အချက်အလက်များအရ သိရသည်။ 

 

အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ အာဆီယံမှ ခြွင်းချက်မရှိ ဝင်ရောက်ခွင့်ရရန် စသည်တို့ပါဝင်သည့် အာဆီယံ အကြီးအကဲများ၏ အစီအစဉ်ကို မြန်မာစစ်အစိုးရမှ လျစ်လျူရှုခဲ့ခြင်းကြောင့် မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများမှ ပိတ်ပင်ခဲ့သည်။ 

 

ဗိုလ်ချုပ်များကမူ အခြားနိုင်ငံများ၏ ပြည်တွင်းရေး မစွက်ဖက်ရေး အာဆီယံ အခြေခံစည်းမျဉ်းကို ချိုးဖောက်သည်ဟု စွပ်စွဲ၍ တုံ့ပြန်ခဲ့သည်။ 

 

မြန်မာနိုင်ငံရဲ့ အခြေအနေက စိုးရိမ်ဖွယ်ပါပဲဟု ဖိလစ်ပိုင် နိုင်ငံခြားရေးအတွင်းဝန်  Enrique Manaloက သတင်းထောက်များကို အင်္ဂါနေ့က ပြောကြားသည်။ 

 

မြန်မာအကျပ်အတည်းဖြစ်ပေါ်နေစဉ်မှာပင် အာဆီယံအဖွဲ့ဝင်များအကြား မည်သို့ ဆက်လက်လုပ်ဆောင်မည်ဆိုသည်ကို ကွဲပြားမှုများ ဖြစ်ပေါ်နေသည်။ ထိုင်းနိုင်ငံက မြန်မာစစ်ဗိုလ်ချုပ်များကို ပြစ်ဒဏ်ခတ် ဆောင်ရွက်ချက်များကို ဖြေလျှော့၍ စစ်တပ်က ခန့်အပ်သော ထိပ်တန်းသံတမန်များနှင့် အရာရှိများကို ထိပ်သီးအစည်အဝေးများသို့ ဖိတ်ခေါ်ရန် အကြံ ပြုခဲ့ကြောင်း အရှေ့တောင်အာရှသံတမန် နှစ်ဦးက ပြောဆိုသည်။ 

 

အင်္ဂါနေ့တွင်ပင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ၎င်း၏ အစိုးရသည် အာဆီယံနိုင်ငံများအားလုံးကို အဖွဲ့တွင် ပြန်လည်မြင်တွေ့လိုကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ 

 

ယခုနှစ် အာဆီယံဥက္ကဌကို အလှည့်ကျ သတ်မှတ်ရန်ရှိနေစဉ်မှာပင် အင်ဒိုနီးရှားက မြန်မာနိုင်ငံမှ အဖွဲ့များနှင့် အကြိမ် ၁၁၀ ခန့် တွေ့ဆုံခဲ့ကြောင်း၊ ယုံကြည်မှုတည်ဆောက်ရန် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ခဲ့ကြောင်း Marsudi က ဆိုသည်။ 

 

အာဆီယံအဖွဲ့ဝင်များဖြစ်သည့် ဘရူနိုင်၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့သည် တရုတ်နှင့် ထိုင်ဝမ်တို့နှင့် နယ်မြေ ပိုင်ဆိုင်မှု ပဋိပက္ခများ နှစ်ပေါင်းများစွာ ဖြစ်ပွားနေခဲ့သည်။ အာဆီယံနှင့် တရုတ်တို့သည် အငြင်းပွားမှုများ အလျင်အမြန် တိုးပွားမှုကို ကာကွယ်ရန် ရည်ရွယ်သည့် ရန်မလိုသည့် သဘောတူညီချက်တစ်ခု ရေးဆွဲရန် ဆွေနွေးညှိနှိုင်းနေခဲ့သော်လည်း ပြောဆိုဆွေးနွေးရန် နှစ်ပေါင်းများစွာ နှောင့်နှေးနေခဲ့သည်။ 

 

ရေပိုင်နက်အငြင်းပွားမှုသည် တရုတ်နှင့် အမေရိကန်တို့၏ အားပြိုင်အဖြစ် ပေါ်ထွက်လာခဲ့သည်။ ဘေဂျင်း၏ ပိုင်နက် ရလိုမှုက ဝါရှင်တန်ကို ရန်စစိန်ခေါ်ခဲ့ပြီး လွတ်လပ်စွာ လှည့်လည်သွားလာမှုဟုဆိုကာ စစ်သင်္ဘောများ ချထားမှု၊ လေယျာဉ်ပျံသန်း ကင်းလှည့်မှုတို့က တရုတ်ကို အမျက်ဒေါသထွက်စေခဲ့သည်။ 

 

ကိုးကား − AP

 

ပုံစာ - အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသော အရှေ့တောင်အာရှ နျူလက်နက်ကင်းစင်ရေး ကော်မရှင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi။

 

 

Burma Associated Press

အင်ဒိုနီးရှား
နျူကလီးယား
အာဆီယံ

Share With
bap-logo