bap-logo
Politics

တရုတ်ကာကွယ်ရေးဝန်ကြီး တရုတ်အစိုးရ၏ စစ်ဆေးမှုခံနေရကြောင်း အမေရိကန် ယုံကြည် ယူဆ

V1DNurOT2TwKX-S-q7G0m-image

လွန်ခဲ့သော တစ်နှစ် က

တရုတ်အစိုးရ စစ်တပ်၏ အထက်တန်းအဖွဲ့ဝင်များကြား မရေရာမှုများဖြစ်ပေါ်နေကြောင်း နောက်ဆုံးအချက် ပြမှုတစ်ခု အဖြစ်လည်းကောင်း နိုင်ငံခြားရေးမူဝါဒ ထူထောင်စတင်နေစဉ်မှာပင် တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu စစ်ဆေးမှုခံနေရကြောင်း အမေရိကန်အစိုးရက ယုံကြည်နေသည်။

 

Li သည် အများမြင်ကွင်းမှ နှစ်ပတ်ကျော် ပျောက်ဆုံးနေပြီး ၎င်း၏တာဝန်ဖြစ်သော ကာကွယ်ရေးဝန်ကြီးအဖြစ်မှ ရုပ်သိမ်းခံရထားသည်ဟု အမေရိကန်အစိုးရက ကောက်ချက်ချကြောင်း အမေရိကန် အရာရှိ သုံးဦးနှင့် အခြား နှစ်ဦးက ထောက်လှမ်းရေးသတင်းများအရ ပြောကြားကြသည်။

 

တရုတ်သမ္မတ Xi Jinping က တရုတ်နိုင်ငံ၏ လျင်မြန်စွာ ကျယ်ပြန့်လာသော တာဝေးပစ်ဒုံးကျည်များနှင့် နျူကလီးယား လက်နက်များကို ကြီးကြပ်ရသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဒုံးကျည်တပ်ဖွဲ့မှ ထိပ်တန်း ဗိုလ်ချုပ်နှစ်ဦးကို ဖယ်ရှားပြီးနောက် နှစ်လအကြာတွင် ယခုကဲ့သို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

 

ဂျူလိုင်လတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ဖယ်ရှားခံရသည့် Qin Gang ပျောက်ကွယ်မှုနောက်ပိုင်း Li ကို စစ်ဆေးနေခြင်းဖြစ်သည်။

 

မည်သည့်အတွက်ကြောင့် Li ကို စစ်ဆေးရသည်ဆိုသည့် Biden အစိုးရ၏ ကောက်ချက်ချမှုကို ထောက်လှမ်းရေးသတင်းရရှိသူများက မပြောကြားကြပါ။ အိမ်ဖြူတော်မှလည်း မှတ်ချက်မပေးသကဲ့သို့ အမေရိကန်နိုင်ငံရှိ တရုတ်သံရုံးကလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

 

Li သည် ယခင်အပတ်က တွေ့ဆုံမှုတစ်ခုကို "ကျန်းမာရေးအရ” ဟုဆိုကာ ရုတ်တရက် ဖျက်သိမ်းခဲ့ကြောင်း ဗီယက်နမ်အရာရှိများကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြသည်။ Qin ကို ဖြုတ်ချခဲ့စဉ်ကလည်း တရားဝင်အခမ်းအနားများမှ ပျက်ကွက်ရခြင်းမှာ ကျန်းမာရေးအရဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းလင်းခဲ့သည်။

 

Trump အုပ်ချုပ်ရေး လက်ထက် ၂၀၁၈ ခုနှစ်တွင် တရုတ်က ရုရှားလက်နက်များ ဝယ်ယူမှုနှင့် ဆက်နွယ်ကာ Li ကို ကန့်သတ် အရေးယူမှုများ ချမှတ်ခဲ့သည်။

 

အမေရိကန်က တရုတ်ဗိုလ်ချုပ်အပေါ် ကန့်သတ်အရေးယူမှုများ ချမှတ်ထားစဉ်အတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin နှင့် Li တို့၏ တွေ့ဆုံမှု စီစဉ်ရန် တရုတ်က ငြင်းပယ်ခဲ့သည့်အတွက် နှစ်နိုင်ငံ စစ်တပ်အချင်းချင်း ဆက်ဆံရေးများ ယိုယွင်းသည်ထက် ယိုယွင်းလာခဲ့သည်။

 

ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Rahm Emanuel က X (Twitter) တွင် Li နှင့် ပတ်သတ်၍ တရုတ် အစိုးရသည် "Agatha Christie ဝတ္ထု 'အဲဒီနောက် တစ်ယောက်မှ မကျန်ရစ်တော့' နှင့် ဆင်တူလာသည်" ဟု ထင်မြင်ချက်ပေးခဲ့သည်။

 

ပထမတော့ နိုင်ငံခြားရေး ဝန်ကြီး Qin Gang ပျောက်သွားတယ်။ နောက်တော့ ဒုံးကျည်တပ်ဖွဲ့ ဦးစီးချုပ် ပျောက်သွားတယ်။ အခုတော့ ကာကွယ်ရေးဝန်ကြီး Li Shangfu ကို အများမြင်ကွင်းမှာ မမြင်တာ နှစ်ပတ်ကြာပြီဟု ၎င်းက hashtag #MysteryInBeijingBuilding အသုံးပြု ရေးသားခဲ့သည်။

 

စုံစမ်းစစ်ဆေးမှုက တရုတ် ဗဟိုစစ်တပ်ကော်မရှင်၏ ဥက္ကဌ တာဝန်ယူထားသည့် Xi တရုတ်လက်နက် ကိုင်တပ်ဖွဲ့များကို ရည်ရွယ်သော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စည်းရုံးလုပ်ဆောင်မှု ထိရောက်ခြင်းအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်လာစေသည်။

 

ကာကွယ်ရေးဝန်ကြီးနဲ့ ဒုံးကျည်တပ်ဖွဲ့ခေါင်းဆောင်တွေကို အကျင့်ပျက်ခြစားမှုကြောင့် ဖယ်ရှားရတယ်ဆိုရင် Xi ရဲ့ ထိပ်တန်း အရာရှိများ ရွေးချယ်စိစစ်ရေးဟာ နက်နက်ရှိုင်းရှိုင်း ယိုယွင်းနေပြီ ဖြစ်ပါတယ်။ အကျင့်ပျက် ခြစားမှုကို Xi က ဆယ်စုနှစ်ချီ ဆန့်ကျင်ခဲ့ပေမယ့် အကျင့်ပျက်ခြစားမှုက စနစ်ထဲမှာ ပုံမှန်ဖြစ်နေပြီလို့ ဆိုရပါမယ်ဟု ယခင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဆိုင်ရာ CIA ကျွမ်းကျင်သူ Dennis Wilder က ပြောကြားသည်။

 

ယခင်က အထွေထွေ စစ်လက်နက်ဌာနဟု ခေါ်ဆိုသည့် ပစ္စည်းကိရိယာဌာနသည် တရုတ်စစ်တပ်အတွင်း “အဆိုးရွားဆုံး အကျင့်ပျက်ခြစားမှု” ရာဇဝင် ရှည်လျားစွာ ရှိခဲ့သည်ဟု Wilder က ဖြည့်စွက်သည်။

 

Li ကို ဖယ်ရှားမှုသည် Austin နှင့် တွေ့ဆုံရေး အတားအဆီးများ ဖယ်ရှားခြင်းပြီး အမေရိကန်-တရုတ် စစ်တပ် ဆက်ဆံရေးကို အထောက်အကူပြုနိုင်သည်ဟု German Marshall Fund မှ တရုတ်ရေးရာကျွမ်းကျင်သူ Bonnie Glaser က ပြောကြားသည်။

 

ဒါက Xi Jinping ရဲ့ တရုတ်စစ်တပ်အပေါ် ထိန်းချုပ်မှုကို မေးခွန်းထုတ်စရာလို့ မထင်ပါဘူး။ ဒါပေမယ့် စနစ်ထဲမှာ အကျင့်ပျက်ခြစားမှုတွေ ဘယ်လောက်ဖြစ်ပေါ်နေလဲဆိုတာ သတိပေးချက်တစ်ခု ဖြစ်နိုင်ပါတယ်။ဟု Glaser က ဖြည့်စွက် ပြောကြားသည်။

 

ကိုးကား - Financial Times Reuters

ပုံစာ - တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu (Photo: Russian Defence Ministry/Handout/Reuters)

 

 Burma Associated Press

တရုတ်
စစ်တပ်
အမေရိကန်
Li Shangfu

Share With
bap-logo