bap-logo
Politics

ရုရှားနှင့် နီးကပ်စွာ ပူးပေါင်းမှု မဟာဗျူဟာမြောက် အရေးပါကြောင်း မြောက်ကိုးရီးယား ခေါင်းဆောင် အလေးပေးပြော

LRMS7jbtx-qz3VjSm5uvv-image

လွန်ခဲ့သော တစ်နှစ် က

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန် ၎င်း၏ ရုရှားသို့ သွားရောက်ခြင်းသည် နှစ်နိုင်ငံ နီးကပ်စွာပူးပေါင်းမှု၏ "မဟာဗျူဟာမြောက် အရေးပါမှု" ဟု ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံမှုမတိုင်မီ ပြောကြားလိုက်ကြောင်း မြောက်ကိုးရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည်။

 

ခေါင်းဆောင်နှစ်ဦးသည် စစ်ရေးပူးပေါင်းမှုနှင့် လက်နက်နှင့် ကာကွယ်ရေးနည်းပညာများ ကုန်သွယ်ရန် သဘောတူနိုင်ကြောင်း သံသယဖြင့် အမေရိကန်နှင့် မဟာမိတ်များက စောင့်ကြည့်နေကြသည့် ၎င်းနှစ်နိုင်ငံ တွေ့ဆုံမှုမှာ ဗုဒ္ဓဟူးနေတွင် အစောဆုံးဖြစ်နိုင်သည်။

 

ထိပ်သီးတွေ့ဆုံမှုမတိုင်မီ နာရီပိုင်းအလိုတွင် မြောက်ကိုးရီးယားက အရှေ့ကမ်းရိုးတန်း ပင်လယ်ပြင်သို့ တာဝေးပစ်ဒုံးကျည် အနည်းဆုံး နှစ်ခု ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုးရီးယား စစ်တပ်နှင့် ဂျပန် ကမ်းခြေစောင့် တပ်က ပြောကြားသည်။ ဒုံးကျည်အမျိုးအစား အသေးစိတ်ကိုမူ မထုတ်ပြန်သေးပါ။

 

မြောက်ကိုးရီးယား၏ ဒုတိယဒုံးကျည် ပစ်လွှတ်မှုနှင့် ဒုံးကျည်နှစ်ခုလုံး ဂျပန်နိုင်ငံ၏ သီးသန့် စီးပွားရေးဇုန် ပြင်ပသို့ ကျရောက်ခဲ့ကြောင်း ဂျပန်အစိုးရက ပြောကြားသည်။

 

ကင်ဂျုံအန်သည် ထိပ်တန်း ကာကွယ်ရေးစက်မှုလုပ်ငန်းခေါင်းဆောင်များ၊ စစ်ဘက်ဆိုင်ရာ လက်ထောက်များနှင့် အတူ ရုရှားနိုင်ငံ အရှေ့ဖျားဒေသသို့ သီးသန့်ရထားဖြင့် အင်္ဂါနေ့က ရောက်ရှိခဲ့ကြောင်း၊ ဂုဏ်ပြုတပ်ဖွဲ့များ၊ ရုရှားထိပ်တန်းအရာရှိများနှင့် ဒေသဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကြကြောင်း KCNA က ဖော်ပြသည်။

 

ကင်ဂျုံအန် က ၎င်း၏ ရုရှားဖယ်ဒရေးရှင်းသို့ လာရောက်မှုသည် WPK နှင့် DPRK အစိုးရတို့က DPRK-Russia ဆက်ဆံရေး၏ မဟာဗျူဟာမြောက် အရေးပါမှုကို အလေးပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။” ဟု KCNA က ဖော်ပြထားသည်။

 

DPRK ဆိုသည်မှာ မြောက်ကိုးရီးယား၏ တရားဝင်အမည် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ Democratic People's Republic of Korea ဖြစ်ပြီး WPK ဆိုသည်မှာ မြောက်ကိုးရီးယား အာဏာရ ပါတီ Workers’ Party of Korea ဖြစ်သည်။

 

အမေရိကန်အရာရှိများက ရုရှားနှင့် မြောက်ကိုးရီးယားအကြား လက်နက်ဆိုင်ရာ ဆွေးနွေးမှု ခြေလှမ်းများ အသက်ဝင်နေကြောင်း ပြောကြားခဲ့ပြီး ယူကရိန်းစစ်ပွဲအတွက် ရုရှားကို လက်နက်ထောက်ပံ့ရန် ကင် နှင့် ပူတင်တို့ ဆွေးနွေးမည်ကို စိုးရိမ်ရကြောင်း ပြောကြားသည်။

 

ရုရှားသို့ မြောက်ကိုးရီးယားမှ ခဲယမ်းပေးပို့တင်သွင်းမှုများ သို့မဟုတ် နောင်တွင် ပေးပို့တင်သွင်းမည့် အစီအစဉ်များမရှိကြောင်း မြောက်ကိုးရီးယားနှင့် ရုရှားတို့က ငြင်းဆိုခဲ့ကြသည်။

 

ကင်ဂျုံအန် နယ်စပ်မြို့ဖြစ်သည့် Khasan မြို့ ဘူတာသို့ အင်္ဂါနေ့မနက်ပိုင်းက ရောက်ရှိလာစဉ် ကြိုဆိုရေးအခမ်းအနားဖြင့် ကြိုဆိုပုံများနှင့် ရုရှားအရာရှိများနှင့် အခန်းတွင်း ဆွေးနွေးပုံများကို KCNA က ထုတ်ပြန်ခဲ့သည်။

 

၎င်းသည် "၎င်း၏ ဦးတည်ရာသို့" မထွက်ခွာမီ ရုရှား သဘာဝအရင်းအမြစ်ဆိုင်ရာ ဝန်ကြီး Alexander Kozlov အရှေ့ဖျား Primorsky ဒေသ အုပ်ချုပ်ရေးမှူး Oleg Kozhemyako တို့နှင့် တွေ့ဆုံခဲ့ကြောင်း KCNA က ဖော်ပြသည်။

 

ပူတင်နှင့် ကင်မ်တို့သည် Khasan မှ မြောက်ဘက် ၁၇၀၀ ကီလိုမီတာ (၁၀၅၆ မိုင်) ကျော် အကွာအဝေးရှိ ရုရှားအာကာသယာဉ်လွှတ်တင်ရေးစခန်း Vostochny cosmodrome တွင် တွေ့ဆုံမည်ဟု မျှော်လင့်ရကြောင်း ဂျပန် ကျိုဒိုသတင်းဌာနက အမည်မဖော်ပြလိုသည့် ရုရှားအရာရှိတစ်ဦးကို ကိုးကားဖော်ပြသည်။

 

Vladivostok တွင် ကျင်းပသော အရှေ့ဒေသ စီးပွားရေးဖိုရမ်တွင် ပူတင်က Vostochny အာကာသစင်တာသို့ သွားရောက်ရန် စီစဉ်ထားကြောင်း ကင်မ်နှင့် တွေ့ဆုံရန် ရှိ၊ မရှိ မဖော်ပြဘဲ အင်္ဂါနေ့က ပြောကြားသည်။

 

ကင်မ်၏ လာရောက်မှုသည် "ပြီးပြည့်စုံမှု" တစ်ရပ်ဖြစ်ပြီး နှစ်ဘက်လုံးမှ "ဆွေးနွေးမှုများ" ပြုလုပ်သွားမည်ဟု ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က ပြောကြားသည်။ မြောက်ကိုးရီးယားအတွက် လူသားချင်းစာနာမှု အထောက်အပံ့များ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြောက်ကိုးရီးယားအပေါ်ချမှတ်ထားသော အရေးယူချမှတ်မှုများကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ပူတင်နှင့် ကင်မ်တို့၏ လာမည့် ဆွေးနွေးပြောဆိုမှုများသည် ကမ္ဘာ့ ပထဝီဝင်နိုင်ငံရေး နောက်ခံကားချပ် ပြောင်းလဲမှုများအတွက် အရေးကြီးသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

 

နှစ်နိုင်ငံချုပ်ဆိုမှုတွေဟာ အလွန် အရေးကြီးပါတယ်။ ကိုးရီးယားကျွန်းဆွယ်ဟာ ဒေသတွင်းဆိုင်ရာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက် အရေးအကြီးဆုံးဖြစ်ပါတယ်။” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Maria Zakharova က ပြောကြားကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ RIA က ကိုးကားဖော်ပြသည်။

 

အမေရိကန်နိုင်ငံနှင့် တောင်ကိုးရီးယားနိုင်ငံတို့က မြောက်ကိုးရီးနှင့် လက်နက်ကုန်သွယ်မှု တစုံတရာပြုလုပ် ခြင်းသည် ရုရှားက အတည်ပြုရန် မဲပေးခဲ့သော လုံခြုံရေးကောင်စီက ချမှတ်ဆုံးဖြတ်မှုကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း သတိပေးထားသည်။

 

လေးနှစ်နီးပါးအချိန်အတွင်း ရုရှားသို့ ကင်မ်၏ ပထမဆုံးခရီးဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ဘေး နောက်ပိုင်း ပထမဆုံး နိုင်ငံခြား ခရီးစဉ်ဖြစ်ကြောင်း KCNA က ဖော်ပြသည်။

 

၎င်း၏ သွားရောက်မှုသည် DPRK-ရုရှားတို့၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးကို "ပိုမို သစ်လွင် မြင့်မားသော အဆင့်အတန်း"သို့ ရောက်ရှိစေရေး ဖြစ်သည်ဟု ၎င်းသတင်းတွင် ဖော်ပြထားသည်။

 

ကိုးကား - REUTERS

ပုံစာ - မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန် ရုရှားနိုင်ငံ Khasan မြို့သို့ ရောက်ရှိလာစဉ်။ (Photo: KCNA via REUTERS)

 

မြောက်ကိုရီးယား
ရုရှား
ပူတင်
ကင်ဂျုံအန်

Share With
bap-logo