bap-logo
Politics

ချေးငွေနှင့် ဂြိုဟ်တုနည်းပညာ ထောက်ပံ့ရန် ပြင်သစ်နှင့် ဘင်္ဂလားဒေ့ရှ်တို့ လက်မှတ်ထိုးသဘောတူ

1NH-wZwev_OjCgoyKC1Nv-image

လွန်ခဲ့သော တစ်နှစ် က

ဘင်္ဂလားဒေ့ရှ်ကို အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ရည်ရွယ်သော ချေးငွေပေးရန်၊ ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တုစနစ် ထောက်ပံ့ရန် နားလည်မှုစာလွှာတို့ လက်မှတ်ရေးထိုးရာတွင် ပြင်သစ် သမ္မတ Emmanuel Macron က တနင်္လာနေ့တွင် သက်သေပြုခဲ့သည်။

 

၎င်းလက်မှတ်ရေးထိုးမှုများမှာ Macron ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာသို့ နှစ်ရက်ကြာခရီးစဉ်အတွင်း ရေးထိုးခဲ့ခြင်းဖြစ်သည်။ ၎င်းခရီးစဉ်တွင် နှစ်နိုင်ငံဆက်ဆံရေး အားကောင်းခိုင်မြဲစေရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina နှင့်လည်း တွေ့ဆုံခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ် စီးပွားရေး ဆက်သွယ်ဆက်ဆံမှုဌာနမှလည်း ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီနှင့် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်ကို ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုစနစ်ထောက်ပံ့ရန်အတွက် ဘင်္ဂလားဒေ့ရှ် ဂြိုဟ်တု ကုမ္ပဏီလီမိတက် သို့မဟုတ် BSCL နှင့် ပြင်သစ်မှ Airbus ကာကွယ်ရေးနှင့် အာကာသ SAS တို့ နားလည်မှုစာလွှာ လက်မှတ်ရေးထိုးခဲ့သည်။

 

Macron နှင့် Hasina တို့သည် ဝန်ကြီးချုပ်ရုံးတွင် လက်မှတ်ရေးထိုးမှုကို အသိသက်သေပြုခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အသေးစိတ်အချက်အလက်များ အပြီးသတ်နေဆဲဖြစ်သည်ဟု ပြောသည့် အတွက် အသေးစိတ်များကို ရှင်းလင်းစွာ မသိရပါ။

 

ကျွန်တော်တို့ဝယ်ယူမယ့် ဂြိုဟ်တုက ကမ္ဘာပတ်လမ်းမှာ ကမ္ဘာပေါ်က ၃၅၀ မိုင်ကနေ လှည့်ပတ်မှာ ဖြစ်ပါတယ်။ ဒီဂြိုဟ်တုကို ကျွန်တော်တို့ရဲ့ သီးနှံစိုက်ခင်းတွေနဲ့ ပင်လယ် အခြေအနေကို လေ့လာစောင့်ကြည့်ဖို့ အဓိက အသုံးပြုသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျယ်ပြန့်တဲ့ ပင်လယ်တစ်ဝှမ်း စောင့်ကြည့်နိုင်စွမ်း တစ်ခုမှ မရှိပါဘူး။ဟု နိုင်ငံပိုင် ဘင်္ဂလားဒေ့ရှ် ဂြိုဟ်တု ကုမ္ပဏီလီမိတက် ဥက္ကဌ Shahjahan Mahmud က ပြောကြားကြောင်း ဘင်္ဂလားဒေ့ရှ် အင်္ဂလိပ်ဘာသာ သတင်းစာ The Daily Star က ဖော်ပြထားသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် Bangabandhu Satellite-1 ဟု အမည်ပေးထားသည့် Thales Alenia Space တွင် ထုတ်လုပ်ခဲ့သော ၎င်း၏ ပထမဆုံး geostationary ဆက်သွယ်ရေးနှင့် ရုပ်သံလွှင့် ဂြိုဟ်တုကို ပြင်သစ်မှ ဝယ်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လွှင့်တင်ခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်မီဒီယာများက ပြင်သစ်သမ္မတ၏ လည်ပတ်မှုကို အကောင်းဘက်မှ ရှုမြင် တင်ပြခဲ့ကြပြီး အမေရိကန်၊ တရုတ်နှင့် အိန္ဒိယတို့ ပြင်းထန်စွာ ထိတွေ့ရာကဏ္ဍတွင် ပြင်သစ်မှ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာရန် ခြေလှမ်းတစ်ခုအဖြစ် အများက ရှုမြင်ကြသည်။ အချို့က ၎င်းလာရောက်လည်ပတ်မှုသည် လာမည့် ဇန်နဝါရီလတွင် ပြုလုပ်ရန် မျှော်လင့်ရသည့် ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးနှင့် မဟာဗျူဟာမြောက် ထူးခြားမှုဖြစ်နိုင်သည်ဟုပင် ပြောဆိုကြသည်။

 

ပြင်သစ်သည် ဘင်္ဂလားဒေ့ရှ်၏ အင်ဂျင်နီယာလုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ အာကာသနှင့် ရေလုပ်ငန်းတို့တွင် ပဉ္စမမြောက်အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်သည်။

 

ဒီမဟာဗျူဟာမြောက်လှုပ်ရှားမှုအသစ်က ဒေသတွင်းနဲ့ ကမ္ဘာ့ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အတွက် ထိရောက်တဲ့ ကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်မယ်လို့ ကျွန်မတို့ နှစ်နိုင်ငံလုံးက မျှော်လင့်ပါတယ်။” ဟု Hasina က ပြောကြားသည်။

 

အာရှပစိဖိတ် ဒေသ တည်ငြိမ်ရေး ဆက်လက်လုပ်ဆောင်ရန် ခေါင်းဆောင်နှစ်ဦးလုံးက သဘောတူကြောင်း၊ ဘင်္ဂလားဒေ့ရှ်သည် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၏ အဆိုးရွားဆုံး သားကောင် နိုင်ငံတစ်ခုဖြစ်သည့်အတွက် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများပါဝင်သော စီမံချက်များကိုလည်း ဆက်လက်လုပ်ဆောင်ရန် Hasina က ပြောကြားသည်။

 

ပြင်သစ်နိုင်ငံက ဥရောပသမဂ္ဂ၏ ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ရေရှည်ဖွံ့ဖြိုးမှုနှင့် ကောင်းမွန်သော အုပ်ချုပ်မှု ပြုလုပ်စေရန် စွဲဆောင်တွန်းအားပေးပြီး သွင်းကုန်အခွန် လျော့ချပေးသည့် အစီအစဉ် Generalised Scheme of Preferences Plus (GSP+) အရ တောင်အာရှနိုင်ငံနှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရန် လုပ်ဆောင်သွား မည်ဟု ထပ်လောင်းပြောကြားကြောင်းလည်း သူမက ပြောကြားသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် GSP+ အစီအစဉ်တွင် ပါဝင်လိုက်သည်နှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးဆဲနိုင်ငံများအဆင့်သို့ အပြည့်အဝရောက်ရှိသွားသည့်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း World Trad Organization လုပ်ထုံးလုပ်နည်းအရ အကျိုးအမြတ်များ ဆုံးရှုံးနိုင်သည်ဟု ကျွမ်းကျင်သူများ က ပြောကြားသည်။

 

ဘင်္ဂလားဒေ့ရှ်သည် အမေရိကန် ကုမ္ပဏီ ဘိုအင်းမှ လေယာဉ်များ ဝယ်ယူနေခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း မကြာသေးမီက အစိုးရသည် ပြင်သစ်နှင့် အဓိကလုပ်ဆောင်ချက်အဖြစ် Airbus နှင့် သဘောတူညီမှုတစ်ခု လက်မှတ်ရေးထိုးခဲ့သည်။

 

စစ်ရေးမဟုတ်သော အရေးကိစ္စများ၊ ရေကြောင်းပိုင်နက်ဆိုင်ရာ အသိအမြင် ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး ဆန္ဒပြုထားသည့် "မဟာဗျူဟာမြောက်” အဆင့်သို့ မိတ်ဖက် ဆောင်ရွက်ကြရန် ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့ကြသည်ဟု တနင်္လာနေ့နှောင်းပိုင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပြင်သစ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်၏ အထူးသဖြင့် အာဖရိက၌ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်များတွင် "ဦးဆောင်ထည့်ဝင်မှု” ကို ချီးကျူးဖော်ပြခဲ့ပြီး မြန်မာနိုင်ငံမှ အတင်းအကျပ် ရွှေ့ပြောင်းခံရသူ ရိုဟင်ဂျာများကို နေထိုင်ရာ အမိုးအကာနှင့် ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည့် နိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ အားထုတ်မှုများကိုလည်း ချီးကျူးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၁ သန်းကျော်ကို လက်ခံထားရှိသည်။

 

ရိုဟင်ဂျာများ ဆန္ဒအလျောက် လုံခြုံစွာဖြင့် အစဉ်အဆက်နေထိုင်ရာ နေရပ်ပြန်ရေးကို နှစ်နိုင်ငံလုံးက အားထုတ်လုပ်ဆောင်ရန်လည်း ထပ်လောင်း ပြောကြားခဲ့သည်။

 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(World Food Program ) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာစခန်းများတွင် လုပ်ဆောင်ချက်များ အတွက်လည်း ယူရိုငွေ ၁ သန်း ထပ်မံ ထည့်သွင်းကြောင်း ပြင်သစ်က ကြေငြာခဲ့သည်။

 

Hasina သည် သူမ၏ လေးကြိမ်ဆက်တိုက် ဝန်ကြီးချုပ်ရာထူး ဆက်လက်ရယူရန် ဖိအားများနှင့် ရင်ဆိုင်နေခဲ့ရသည်။

 

ယခင် ဝန်ကြီးချုပ်ဟောင်း Khaleda Zia ဦးဆောင်သော ဘင်္ဂလားဒေ့ရှ်၏ အဓိက အတိုက်အခံပါတီသည် Hasina နှုတ်ထွက်ပြီး လာမည့် ရွေးကောက်ပွဲကြီးကြပ်ရန် အိမ်စောင့်အစိုးရတစ်ရပ်ကို အာဏာလွှဲအပ်ခြင်း မပြုပါက ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

 

အမေရိကန်နိုင်ငံက ယုံကြည်ထိုက်သော ရွေးကောက်ပွဲတစ်ခု ဖြစ်စေရန် တွန်းအားပေးနေပြီး Hasina အုပ်ချုပ်မှုအောက်မှ လူ့အခွင့်အရေးဆိုင်ရာများကို မေးခွန်းထုတ်ခဲ့ကာ လာမည့်ရွေးကောက်ပွဲသည် လွတ်လပ် ပြီး မျှတမှု မရှိပါက ပြည်ဝင်ခွင့် ပိတ်ဆို့အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။

 

ရုရှားနှင့် တရုတ်တို့က Hasina ကို ဆက်လက် ထောက်ခံအားပေးကြောင်း ကတိပြုခဲ့ကြပြီး အိမ်နီးချင်း အိန္ဒိယက နွေးထွေးရင်းနှီးသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသည်။

 

ပြင်သစ်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် အခြား မိတ်ဖက်ပူးပေါင်းမှုများအပြင် Macron လာရောက်မှုသည် Hasina အတွက် ရွေးကောက်ပွဲ အရှိန်ရစေရန် မြှင့်တင်ပေးခြင်းအဖြစ် ရှုမြင်ရသည်။

 

ကိုးကား - AP

ပုံစာ - စက်တင်ဘာ ၁၁ ရက် ၂၀၂၃ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ Bangabandhu အောက်မေ့ဖွယ်ပြတိုက်တွင် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးခေါင်းဆောင် Sheikh Mujibur Rahman ကို လာရောက် အရိုအသေပြုနေသည့် ပြင်သစ် သမ္မတ Emmanuel Macron (Photo: AP Photo/Yeasin Kabir Joy)

 

ပြင်သစ်
သမ္မတ
Emmanuel Macron
ဘင်္ဂလားဒေ့ရှ်

Share With
bap-logo