bap-logo
Article

ကျန်းမာရေးစနစ် ညံ့ဖျင်းမှုကြောင့် မြန်မာနိုင်ငံတွင် အနာကြီးရောဂါ ပြန်လည်ပျံ့ပွားလာ

aCKHy89EAimfU1IPmim0z-image

လွန်ခဲ့သော တစ်နှစ် က

 

မစန္ဒာ၏ အရေပြားများမှာ ကြမ်းတမ်း၍ အထပ်ထပ်ဖြစ်နေကာ သူမ၏ ခြေမမှာ ညိုမည်းပြီး ရိရော်နေသည်။ အသက် ၂၃ နှစ် အရွယ်ရှိ သူမသည် လုံချည်ကို အသာမ၍ ဒဏ်ရာများကို ပြသနေသော်လည်း ပြုံးရွှင်နေသည်။

 

လွန်ခဲ့သည့် ခြောက်လကဆိုလျှင် သူမကို မှတ်မိနိုင်ဖွယ်ရာ မရှိချေ။ သူမ၏ မျက်နှာအပါအဝင် ခန္ဓာ တစ်ကိုယ်လုံး ပက်ကြားအက်များနှင့် ယောင်ယမ်းနေသော ဒဏ်ရာများ ဖုံးလွှမ်းနေကာ သူမ၏ လက်နှင့် ခြေထောက်များတွင် ထိတွေ့ခံစားမှု တဖြည်းဖြည်းချင်း လျော့နည်းလာသည်။ ထို့နောက် သူမဘဝကို ပြောင်းလဲစေမည့် အခွင့်အလမ်းတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

 

“ကျွန်မ အဒေါ်က ဆိုင်တစ်ဆိုင်မှာ ဆရာဝန်တစ်ယောက်နဲ့ တွေ့လာတယ်။ အဲဒီဆရာဝန်က အနာကြီးရောဂါ ကုတာလို့ ပြောတယ်။” ဟု မစန္ဒာက Telegraph သို့ ဗီဒီယိုဖြင့် ပြောသည်။ “ကျွန်မအခြေအနေကို အဒေါ်ကလည်း တွေးတာပေါ့။ ပြီးတော့ အဲဒီဆရာဝန်ကို ကျွန်မနဲ့ တွေ့ဖို့ အကူအညီတောင်းလိုက်တယ်။ သူက ဆေးရုံကို ခေါ်သွားတယ်။ ပြီးတော့ ဟုတ်တယ်။ အနာကြီးရောဂါလို့ အတည်ပြုလိုက်တယ်။”

 

“ကျွန်မ ဒီရောဂါအကြောင်း ရုပ်ရှင်တွေထဲမှာပဲ ကြည့်ဖူးတာ။ အပြင်မှာ တစ်ခါမှ မတွေ့ဖူးဘူး။” ဟု ပေါင်ပေါ်တွင် သူမ၏ ကလေးငယ်ကို ချော့မြှူရင်း ပြောသည်။ “ရောဂါစစ်ဆေးအတည်ပြုပြီးတော့ ကျွန်မ ကြောက်သွားတယ်။ ဒါပေမယ့် ကျွန်မ ဆေးသောက်ရင် ရောဂါကို ကုနိုင်တယ်ဆိုတာ ဆရာဝန်က သေသေချာ ချာ ထပ်ပြောတယ်။”

 

ကုသမှုပြုလုပ်ခဲ့သော်လည်း မစန္ဒာ၏ အမာရွတ်များမှာ တစ်သက်လုံး ထင်ကျန်နေမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် သူမသည် ကံကောင်းသူများအနက် တစ်ဦးဖြစ်သည်။

ရောဂါစစ်ဆေးအတည်ပြုပြီးတော့ ကျွန်မ ကြောက်သွားတယ်။ ဒါပေမယ့် ကျွန်မ ဆေးသောက်ရင် ရောဂါကို ကုနိုင်တယ်ဆိုတာ ဆရာဝန်က သေသေ ချာချာ ထပ်ပြောတယ်။

 

မကြာမြင့်သေးသည့်နှစ်များဖြစ်သော ကိုဗစ်၊ စစ်အာဏာသိမ်းမှုနှင့် ပဋိပက္ခ နှစ်ကာလများက နိုင်ငံကို ဆင်းရဲတွင်း ပိုမိုနက်ရှိုင်းစေကာ ကျန်းမာရေးစနစ် ကျယ်ပြန့်စွာ ပျက်စီးစေခဲ့သည်။ ၎င်း“ပြင်းထန် ဆိုးရွားမှု” များက အနာကြီးရောဂါကို ဖြစ်ပွားစေခဲ့သည်။ အနာကြီးရောဂါမှာ ဘက်တီးရီးယားကြောင့်ဖြစ်သော ရှေးယခင်က ပေါ်ပေါက်ခဲ့သည့် ရောဂါတစ်မျိုးဖြစ်ကာ ကုသခြင်း မရှိလျှင် လက်များ ကောက်ကွေးခြင်း၊ မျက်စိ ကွယ်ခြင်းနှင့် ကိုယ်လက်အင်္ဂါသေခြင်းတို့ အပါအဝင် ခန္ဓာကိုယ် ချိနဲ့ မသန်စွမ်းမှု ဖြစ်ပေါ်စေပြီး လေထုမှတဆင့် ပျံ့နှံ့နိုင်သည့် ရောဂါဖြစ်သည်။

 

 “ရောဂါမတွေ့ရင် လူတွေကို ပိုပြီး ကူးစက်ပျံ့နှံ့မယ်။ ပြီးတော့ ရောဂါကို ရှာဖွေနေကြတာလည်း မဟုတ်ဘူး။” ဟု လုံခြုံရေးအခြေအနေအရ အမည်မဖော်လိုသည့် အထူးကုဆရာဝန်တစ်ဦးက Telegraph ကို ပြောသည်။

 

တိုက်ပွဲများ မကြာသေးမီက ဖြစ်ပွားလာသည့် မြန်မာနိုင်ငံမြောက်ပိုင်းမှ အခြားသော ကျန်းမာရေးလုပ်သား တစ်ဦးက “ခက်ခဲဝေးလံတဲ့ ဒေသတွေကို လက်လှမ်းမီလာတဲ့အခါ အနာကြီးရောဂါဖြစ်ပွားမှုတွေ တွေ့လာ ရတယ်။ ရောဂါလက္ခဏာက အလွန် သိသာထင်ရှားပါတယ်။ အများပြည်သူကျန်းမာရေးအတွက် စနစ်က ဘယ်လောက် ခက်ခဲကျပ်တည်းနေတယ်ဆိုတာ ပြသနေတာပဲ ဖြစ်ပါတယ်။” ဟု ပြောသည်။

 

‘စစ်အာဏာရှင်တို့ ဖိနှိပ်ထားသည့်’ ဝန်ဆောင်မှုများ

 

အနာကြီးရောဂါသည် မြန်မာနိုင်ငံတွင် ကာလရှည်ကြာစွာ ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး ပထမဆုံး အထူးကုဆေးရုံကို ၁၈၉၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ရောဂါဖြစ်ပွားမှု ဖြည်းဖြည်းချင်း ကျဆင်းလာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်များသို့ ရောက်ရှိလာသောအခါတွင် နှစ်စဉ် ကူးစက်မှု အသစ် ၁၀,၀၀၀ ခန့် တွေ့ရှိခဲ့ရပြီး ၂၀၁၉ ခုနှစ်တွင် ၂,၅၀၀ သို့ အကြမ်းဖျဉ်း ကျဆင်းခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အချက်အလက်များအရ သိရသည်။

 

အပေါ်ယံအချက်အလက်များမှ နောက်ဆုံးရ ကိန်းဂဏန်းများကို ကောက်ယူလျှင် ၂၀၂၂ ခုနှစ်တွင် ကူးစက်မှု အသစ် ၁,၁၁၄ အထိ ကျဆင်းလာကြောင်း တွေ့ရှိရသည်ဟု ယူဆရသည်။ ကျန်းမာရေးစနစ် အားနည်းနေသည့်အတွက် လူဦးရေ မည်မျှ ရောဂါရှာဖွေမှုပြုလုပ်ခဲ့သည်ဆိုသည့် အချက်မှာ စိုးရိမ်ဖွယ် ဖြစ်နေသေးသည်ဟု WHO က ဆိုသည်။

 

ပထမဦးစွာ ကိုဗစ်ဒဏ်ခံရပြီးနောက် ဆက်လက်၍ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ပြည်သူ့ဆေးရုံများမှ ဆရာဝန်နှင့် သူနာပြု အမြောက်အများ ဆန္ဒပြလှုပ်ရှားမှုကို ပါဝင်ရန် နှုတ်ထွက်ကြသဖြင့် အများပြည်သူ ကျန်းမာရေးစနစ်သည် ဝန်ထမ်းမလုံလောက်မှု ကြုံတွေ့ခံစားခဲ့ရသည်။

 

စစ်အုပ်ချုပ်ရေးက ၎င်းတို့ မထိန်းချုပ်နိုင်သော ဒေသများသို့ ဆေးဝါးများ မရောက်ရှိရန် ကန့်သတ်ခဲ့ခြင်းဖြင့် စင်ပြိုင်ကုသရေး ဝန်ဆောင်မှုများကို ဖိနှိပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဆေးရုံနှင့် ကျန်းမာရေးလုပ်သားများကို တိုက်ခိုက်မှု ၁,၀၀၀ ကျော် ကျူးလွန်ခဲ့ရာ အနည်းဆုံး အကြိမ်ရေ ၈၀၀ မှာ စစ်တပ်က ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု Insecurity Insight က ဆိုသည်။

အနာကြီးရောဂါကုသမှုက ပုံမှန်လုပ်ဆောင်ရမှာ ဖြစ်တယ်။ ဆေးဝါး ထောက်ပံ့မှု စဉ်ဆက်မပြတ် ရရှိရမှာ ဖြစ်ပါတယ်

 

ကုသမှု မရရှိခြင်းကြောင့် အနာကြီးရောဂါသည်များ၏ အခြေအနေ ပိုမိုဆိုးရွားလာမည်ဖြစ်သည်။ ဘက်တီးရီးယားများ အခြားသူများသို့ ကူးစက်စေမှုလည်း မြင့်တက်လာမည်ဖြစ်သည်။

 

“အနာကြီးရောဂါကုသမှုက ပုံမှန်လုပ်ဆောင်ရမှာ ဖြစ်တယ်။ ဆေးဝါးထောက်ပံ့မှု စဉ်ဆက်မပြတ် ရရှိရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးစနစ် အနှောင့်အယှက် တစုံတရာဖြစ်ပေါ်ရင် ဒီရောဂါ အမြစ်ပြတ်ဖို့ အားထုတ်မှုကို ထိခိုက်နိုင်ပါတယ်။” ဟု WHO က ပြောသည်။

 

ပြောခွင့်ရသူက ၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်လာသည်ဟု အစီရင်ခံထားကြောင်းလည်း ဖြည့်စွက် ပြောကြားခဲ့ပြီး ကူးစက်မှု ၅၉၅ ခုသာ တွေ့ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် မြေပြင်ရှိ ဆရာဝန်များက လေးနှစ်တာ ပျက်ကွက်လူနာ နှုန်းထား မြင့်တက်မှု၏ သက်ရောက်မှုကို သတိပေးထားသည်။

 

၂၀၂၀ ခုနှစ်က စပြီး နှစ်စဉ် ပျက်ကွက်ခဲ့တာတွေ ရှိပါတယ်။ ကူးစက်မှု ၁,၅၀၀ ကနေ ၃,၀၀၀ အကြား ကျွန်တော်တို့ ပိုပြီး တွေ့ရှိသင့်တာပါ။” ဟု အနာကြီးရောဂါ အထူးကုက ပြောသည်။ “ဒီတော့ ရောဂါရှာဖွေ စမ်းသပ်မှု မပြုလုပ်ထားတဲ့ ကူးစက်မှု အနည်းဆုံး ၆,၀၀၀ ဒါမှမဟုတ် ၇,၀၀၀ ကျော် ရှိပါတယ်။”

 

“အချက်အလက်တွေက ကွက်ကြားဖြစ်နေတဲ့အတွက်၊ ခရီးသွားလာမှု ကန့်သတ်ထားတဲ့အတွက်၊ ပြီးတော့ ဒေသအများအပြားမှာ ကျန်းမာရေးစောင့်ရှောက်မှု အလွန်ကန့်သတ်ထားတဲ့အတွက် ကူးစက်မှုအလုံးစုံကို အခုချိန်မှာ ကျွန်တော်တို့ မမြင်နိုင်ဘူး။ ဒါပေမယ့် အနာကြီးရောဂါ ဘယ်လို ကူးစက်တယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ရောဂါရှာဖွေစမ်းသပ်မှုမပြုလုပ်ထားတဲ့ ကူးစက်မှုတွေက တခြားလူတွေကို ကူးစက်ပြီးတော့ ကူးစက်မှုအသစ်တွေ မြင့်တက်လာမယ်။”

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုး မရိုက်ခတ်မီနှင့် စစ်တပ်အာဏာမသိမ်းမီကပင် အနာကြီးရောဂါအတွက် အရင်း အမြစ်များ အကန့်အသတ်ဖြစ်နေမှုကို ပြောကြားခဲ့သည်။ ကမ္ဘာ့ကျန်းမာရေး အစည်းအဝေးက ၎င်းဘက်တီးရီး ယားကို အများပြည်သူကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ကြောင်း ၂၀၀၀ ခုနှစ်တွင် ကြေညာပြီးနောက်ပိုင်း ဘဏ္ဍာရေးထောက်ပံ့မှု လျော့ကျသွားသည်။ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာလုံး ဆိုင်ရာ အနာကြီးကူးစက်မှု ၉၅ ရာခိုင်နှုန်းအတွက် တာဝန်ရှိသည့် နိုင်ငံ ၂၃ နိုင်ငံအနက် တစ်နိုင်ငံဖြစ်သည်။

 

ရှင်သန်နေထိုင်မှုအခြေအနေများ ပိုမိုဆိုးရွားလာခြင်းနှင့် အစုအပြုံလိုက် နေရပ်စွန့်ခွာရမှုများက လက်ရှိ အခြေအနေကို ပိုမိုဆိုးရွားလာစေသည်။

 

အနာကြီးရောဂါသည် ကူးစက်မှုမြင့်မားသည့် ရောဂါ မဟုတ်ချေ။ ဖွံ့ဖြိုးမှုနှေးကွေးသည့် ဘက်တီးရီးယားများက နှာခေါင်းနှင့် ပါးစပ်မှ အရည်မှုန်ငယ်များမှတဆင့် ပျံ့နှံခြင်းဖြစ်ပြီး ကုသမှု မခံယူရသူနှင့် ကာလကြာရှည် အနီးကပ်ထိတွေ့သူများကို ကူးစက်စေသည်။ “ဆင်းရဲမွဲတေမှု၏ ရောဂါ” ဟု သိရှိထားကြပြီး ဆင်းရဲမှု၊ စုပြုံနေထိုင်ရမှုနှင့် အာဟာရပြည့်ဝသည့် အစားအသောက်နှင့် ရေသန့် မရရှိမှုတို့နှင့် ဆက်နွယ်နေသည်။

ဒီအတွက် မြန်မာနိုင်ငံက အခြေအနေက အနာကြီးရောဂါသာမက တခြားရောဂါတွေပါ ပျံ့နှံ့ဖို့ အထောက်အကူ ပြုနေပါတယ်။”

 

“ဒီအတွက် မြန်မာနိုင်ငံက အခြေအနေက အနာကြီးရောဂါသာမက တခြားရောဂါတွေပါ ပျံ့နှံ့ဖို့ အထောက်အကူ ပြုနေပါတယ်။” ဟု အထူးကုဆရာဝန်က ပြောသည်။

 

ရောဂါစမ်းသပ်အတည်ပြုမှု ပြုနိုင်လျှင်သော်မှ ကုသမှု လက်လှမ်းမီရေးမှာ ခက်ခဲနေနိုင်သေးသည်။ ဆေးဝါးသုံးမျိုးကို ၆ လ မှ ၁၂ လ အထိ သုံးစွဲခြင်းဖြင့် အနာကြီးရောဂါကို ကုသနိုင်သည်။ သို့သော် တိုက်ပွဲများနှင့် နေရပ်စွန့်ခွာမှုများက လူအများအတွက် ဆေးရုံသို့ သွားရောက်ရန် ခက်ခဲခြင်း သို့မဟုတ် ဆေးဝါးပစ္စည်းများ သယ်ယူခြင်းတို့အတွက် အခက်အခဲ ဖြစ်စေသည်။

 

“မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီဖို့ အခြေအနေ အလွန့်အလွန် ဆိုးရွားနေပါတယ်။” ဟု မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အခြေစိုက်သည့် ဆရာဝန်က ပြောသည်။ “အခုက ကာကွယ်ဆေးတွေဆိုတာ ရတနာတစ်ပါးလို ဖြစ်နေတယ်။ ဆေးဝါးအတော်များများနဲ့ ပစ္စည်းတွေ ရောက်ရှိဖို့ ခက်ခဲပါတယ်။

 

ကျွန်တော်တို့မှာ ရှိတာနဲ့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် တခါတလေ လူနာတွေမှာ သီးသန့် သတ်မှတ် ဆေးဝါး လိုအပ်တာမျိုး ရှိပါတယ်။ လှေတစ်စင်း ဖြည်းဖြည်းချင်း နစ်မြုပ်နေတာကို ကြည့်နေရသလိုပဲ။ ဘာမှလည်း မတတ်နိုင်ဘူး။ ဒါတွေက ကာကွယ်လို့ ရနိုင်တဲ့ သေဆုံးခြင်းတွေပါ။” ဟု ၎င်းက ပြောသည်။

 

တိုက်ပွဲ ဖြစ်ပွားမှု နည်းပါးသည့် နေရာတွင် နေထိုင်သည့် မစန္ဒာအတွက်ပင် ဆေးရုံသို့ သုံးနာရီကြာ ဘတ်စ်ကား သုံးဆင့် စီး၍ စစ်ဆေးရေးဂိတ်များ ဖြတ်ကျော်သွားလာရသည်မှာ ခက်ခဲပါသည်။

 

သူမသည် ဆရာဝန်နှင့်တွေ့၍ ကုသရန် တိုက်တွန်းခြင်း မခံရမီ အနာကြီးရောဂါနှင့် သုံးနှစ်ကြာ နေထိုင်ခဲ့ရသည်။ သို့သော် ဆေးသောက်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် သူမ၏ အခြေအနေ တိုးတက်လာခဲ့သည်။ ငါးလအကြာတွင် သူမ၏ မျက်နှာမှာ မူလအခြေအနေနီးပါး ပြန်လည် ကောင်းမွန်လာကာ နာကျင်မှုဝေဒနာများ သက်သာလာခဲ့သည်။

 

“ဒီ အကွက်အပျောက်တွေက ဘာတွေမှန်း ကျွန်မ မသိခဲ့ဘူး။ သူ့ဘာသာ ပျောက်သွားမယ်လို့ပဲ ကျွန်မ ထင်ခဲ့တာ။” ဟု သူမက ပြောသည်။

 

“အခုတော့ အနာကြီးရောဂါဟာ ဘာဆိုတာ ကျွန်မ လူတွေကို သိစေချင်တယ်။ ဆေး ပုံမှန်သောက်ပြီး ဒီရောဂါကို ကုသနိုင်တယ်ဆိုတာ၊ သေလောက်တဲ့ ရောဂါမဟုတ်ဘူးဆိုတာ သိစေချင်တယ်။ ကိုယ့်ဘဝကို ပုံမှန် ပြန်ရနိုင်တာပေါ့။”

 

ကိုးကား - The Telegraph

 

ပုံစာ - မစန္ဒာသည် ဆရာဝန်နှင့်တွေ့၍ ကုသရန် တိုက်တွန်းခြင်း မခံရမီ အနာကြီးရောဂါနှင့် သုံးနှစ်ကြာ နေထိုင်ခဲ့ရသည်။ အနာကြီးရောဂါသည် ၆ လ မှ ၁၂ လ အထိ ဆေးသောက်ခြင်းဖြင့် ကုသနိုင်သည်။

 

Burma Associated Press

အာဏာသိမ်းမှု
ကျန်းမာရေး
အနာကြီးရောဂါ
မြန်မာ
စစ်ကောင်စီ

Share With
bap-logo