bap-logo
Politics

ယူကရိန်းအတွက် နယ်သာလန်နှင့် ဒိန်းမတ်က F-16 တိုက်လေယာဉ်များ ပေးပို့မည်

S2Yec_6WY_RN9x1qNgjKY-image

လွန်ခဲ့သော တစ်နှစ် က

ယူကရိန်းမှတောင်းဆိုနေခဲ့သည့် F-16 တိုက်လေယာဉ်များ နယ်သာလန်နှင့် ဒိန်းမတ်နိုင်ငံများမှ ပေးပို့မည်ဆိုသည့်အတွက် ယူကရိန်းသမ္မတ Zelensky က "သမိုင်းဝင်ဖြစ်ရပ် ဟု ကြွေးကြော်ခဲ့သည်။

 

ယူကရိန်းနိုင်ငံသည် ၎င်းတို့၏ ရုရှားလေကြောင်းအသာစီးရမှုကို တန်ပြန်တိုက်ခိုက်ရာတွင် နှေးကွေးနေသည့်အတွက် ၎င်း၏ အနောက်နိုင်ငံမဟာမိတ်များကို F-16 ဂျက်လေယာဉ်များ တောင်းဆိုနေခဲ့ခြင်းဖြစ်သည်။

 

Eindhoven လေဆိပ်တွင် ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ နယ်သာလန်ဝန်ကြီး ချုပ် Mark Rutte က ၎င်း၏ နိုင်ငံသည် "လွှဲပြောင်းရန် အခြေအနေများကိုက်ညီသည်နှင့် တပြိုင်နက်" "ယူကရိန်းသို့ F-16 လေယာဉ်များ ပေးပို့သွားမည်” ဟု ပြောကြားခဲ့သည်။

 

Zelensky က ၎င်းသဘောတူညီမှုသည် "သမိုင်းဝင်အဖြစ်အပျက်” ဖြစ်ပြီး "အရေးအပါဆုံး ဖြစ်ရပ်” တစ်ခု ဟု ကြွေးကြော်ခဲ့သည်။ "နယ်သာလန်နိုင်ငံသည် လေ့ကျင့်မှုများပြီးစီးလျှင် ယူကရိန်းသို့ F-16 များ ပေးပို့မည့် ပထမဆုံးနိုင်ငံဖြစ်ပါတယ်၊ ကျွန်တော် အလွန်ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

ယူကရိန်းသည် ဂျက်လေယာဉ်များ အသုံးပြုနိုင်ရန် လပိုင်းခန့် ကြာမြင့်ဦးမည်ဖြစ်သည်။

 

ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးဌာန တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တစ်စောင်တွင် F-16 များပေးအပ်ရန်သဘောတူညီမှုကို အတည်ပြုခဲ့သည်။ လွှဲပြောင်းပေးအပ်ရန်အတွက် လိုအပ်သည့်အခြေအနေများမှာ ယူကရိန်းဝန်ထမ်းများကို သင်တန်းပေးရန်၊ အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေးများ တည်ဆောက်ရန်၊ လိုအပ်သော ခွင့်ပြုချက်များ ရရှိရန်တို့ ပါဝင်သည်ဟု ၎င်းကြေငြာချက်တွင် ဖော်ပြထားသည်။

 

နယ်သာလန်နိုင်ငံက လေယာဉ်အရေအတွက် မည်မျှ ပေးပို့သွားမည်ကို ရှင်းလင်းစွာ မသိရပါ။

 

ယခုလတ်တလောတွင် နယ်သာလန်နိုင်ငံသည် F-16 လေယာဉ် ၄၂ စင်း ပိုင်ဆိုင်ထားပြီး လေ့ကျင့်မှုများ ဒိန်းမတ်တွင် ပြုလုပ်ပြီးနောက် ရိုမေးနီးယားတွင် ဆက်လက်ပြုလုပ်ရန် လေယာဉ်များ လိုအပ်ပါတယ်။” ဟု Rutte က ပြောသည်။ ၎င်းက ဆက်လက်၍ နယ်သာလန်သည် ကျန်ရှိနေသော လေယာဉ်အားလုံးကို ပေးအပ်နိုင်ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အရေအတွက် အတိအကျ မပြောနိုင်ကြောင်း ပြောကြားခဲ့သည်။

 

Zelensky သည် နယ်သာလန်သို့ သွားရောက်ခဲ့ပြီးနောက် ဒိန်းမတ်သို့ ဆက်လက်သွားရောက်ပြီး ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen နှင့် တွေ့ဆုံခဲ့သည်။

 

ဒီနေ့ ကျွန်မတို့ ယူကရိန်းကို F-16 ဂျက်တွေ ပေးအပ်မယ်ဆိုတာ ကြေညာအပ်ပါတယ်။ သင်တို့ရဲ့ ဝေဟင်ကို ကာကွယ်ရာမှာ ဒိန်းမတ်တိုက်လေယာဉ်တွေက ကူညီပေးမယ်လို့ ယုံကြည်ပါတယ်။” ဟု Frederiksen က ပြောကြားခဲ့သည်။

 

ဒီလိုပေးပို့ရခြင်း ရည်ရွယ်ချက်က ယူကရိန်းကို ကာကွယ်ဖို့ဖြစ်ပါတယ်။ နှစ်သစ်နီးလာတဲ့အချိန် ဂျက်လေယာဉ်တွေ ၆ စင်းလောက် ပေးပို့သွားဖို့ စီစဉ်ထားပါတယ်။ နောက်နှစ်မှာတော့ ၈ စင်း၊ ပြီးတော့ နောက်ထပ် ၅ စင်း ပေးပို့သွားဖို့ စီစဉ်ထားပါတယ်။” ဟု ပြောကြားခဲ့သည်။

 

အမေရိကန်အရာရှိတစ်ဦးက အမေရိကန်နိုင်ငံသည် "လေ့ကျင့်မှုများပြီးဆုံးသည်နှင့် တပြိုင်နက် F-16 တိုက်ယာဉ်များ လွှဲပြောင်းပေးခြင်းကို ခွင့်ပြုသွားမည်။” ဟု ပြောကြားခဲ့ပြီးနောက် ၎င်းတွေ့ဆုံမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

 

ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikov က ယူကရိန်းလေယာဉ်မှူးများသည် လေ့ကျင့်မှုများစတင်နေပြီဟု စနေနေ့တွင် ပြောကြားခဲ့သည်။

 

F-16 များသည် အင်ဂျင်တစ်လုံးတပ်၊ ဝေဟင်မှ ဝေဟင်တိုက်ခိုက်ခြင်း သို့မဟုတ် ဝေဟင်မှ မြေပြင်တိုက်ခိုက်ခြင်းတို့ ပြုလုပ်နိုင်သည့် ဘက်စုံသုံး လေယာဉ်များဖြစ်သည်။

 

ကိုးကား - CNN

ပုံစာ တနင်္ဂနွေနေ့ နယ်သာလန်နိုင်ငံ Eindhoven လေဆိပ်တွင် F-16 တိုက်လေယာဉ်တစ်စင်းရှေ့မှ ယူကရိန်းသမ္မတ Volodymyr Zelensky နှင့် နယ်သာလန် အိမ်စောင့်ဝန်ကြီးချုပ် Mark Rutte (Photo: Peter Dejong/AP )

Burma Associated Press

ယူကရိန်း
နယ်သာလန်
ဒိန်းမတ်

Share With
bap-logo