bap-logo
Politics

အမေရိကန်၏ တောင်ကိုရီးယားနှင့် ဂျပန်ထိပ်သီးအစည်းအဝေးအပြီး တရုတ်က ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုပြုလုပ်

Wg9zwfpE_g9Qev38dxrGt-image

လွန်ခဲ့သော တစ်နှစ် က

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့၏ မဟာမိတ်ဖွဲ့ထားမှုကို အထောက်အကူပြုမှု ပြသသည့်အနေဖြင့် Camp David တွင် ထိပ်သီးအစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် တရုတ်စစ်တပ်က ထိုင်ဝမ်နိုင်ငံအနီးဝန်းကျင်တွင် လေတပ်နှင့် ရေတပ်ပူးတွဲ ကင်းလှည့်မှု ပြုလုပ်ခဲ့သည်။

 

ကင်းလှည့်မှုနှင့် လေ့ကျင့်မှုများသည် စစ်တပ်သုံးရေယာဉ်များနှင့် လေယျာဉ်များပူးပေါင်းပြီး ၎င်းတို့၏ လေကြောင်းနှင့် ရေကြောင်းထိန်းချုပ်နိုင်မှုကို လေ့ကျင့်ရန်ဖြစ်သည်။” ဟု အရှေ့ပိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူ Shi Yi က ပြောကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ စင်ဟွာတွင် ဖော်ပြထားသည်။

 

Shi က လေ့ကျင့်မှုများသည် တရုတ်စစ်တပ်၏ "တိုက်ပွဲအစစ် အခြေအနေတွင် တိုက်ခိုက်နိုင်စွမ်း” ကို စမ်းသပ်ခြင်းဖြစ်မည်ဟု ပြောသည်။

 

ကင်းလှည့်မှုများနှင့် လေ့ကျင့်မှုများသည် 'ထိုင်ဝမ်လွတ်လပ်ရေး’ ခွဲထွက်ရေးသမားများ၊ နိုင်ငံခြားအစုအဖွဲ့များနှင့် ရန်စသူများကို တရားမဝင် ပူးပေါင်းမှုများအတွက် အလေးအနက် သတိပေးခြင်းဖြစ်သည်။ ဟု Shi က ဖြည့်စွက်ထားသည်။

 

ကိုယ်ပိုင်အုပ်ချုပ်နေသည့် ဒီမိုကရေစီကျွန်းနိုင်ငံဖြစ်သည့်ထိုင်ဝမ်ကို တရုတ်အာဏာရ ကွန်မြူနစ်ပါတီက မည်သည့်အခါကမျှ ထိန်းချုပ်နိုင်ခြင်းမရှိခဲ့သော်လည်း ၎င်းတို့ပိုင်နက်ဟု တောင်းဆိုထားသည်။ တရုတ်အနေဖြင့် လိုအပ်လျှင် အင်အားသုံး ထိန်းချုပ်ရယူရန်လည်း အလေးအနက်ပြောဆိုထားသည်။

 

ထိုင်ဝမ်ဒုသမ္မတနှင့် သမ္မတလောင်း William Lai အမေရိကန်နိုင်ငံမှတဆင့် တောင်အမေရိကရှိ ထိုင်ဝမ်၏ တစ်ဦးတည်းသော သံတမန်မဟာမိတ်ဖြစ်သူ ပါရာဂွေးသို့ သွားရောက်ခဲ့မှုများပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးက William Lai ကို "လုံးလုံးလျားလျား ပြဿနာဖန်တီးသူ” ဟု ရှုတ်ချပြောကြားခဲ့ပြီး ရက်သတ္တပတ်တစ်ပတ်အကြာတွင် ကင်းလှည့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်သမ္မတ Joe Biden က တောင်ကိုရီးယားနှင့် ဂျပန်တို့ပါဝင်သော တရုတ်အရေး သုံးနိုင်ငံ ဘုံစိုးရိမ်မှုကြောင့် ပိုမိုစုစည်းစေခဲ့သည့် သမိုင်းဝင် သုံးနိုင်ငံထိပ်သီးအစည်းအဝေး လက်ခံကျင်းပပေးခဲ့ပြီးနောက် စစ်ရေးလေ့ကျင့်မှုဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

 

Camp David တွင် သောကြာနေ့က တွေ့ဆုံခဲ့စဉ် ခေါင်းဆောင်သုံးဦးသည် စစ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်ရန် သဘောတူညီခဲ့ကြပြီး ဘေဂျင်း၏ တောင်တရုတ်ပင်လယ်မှ "အန္တရာယ်များပြီး ရန်လိုသော အပြုအမူ” ကို ရှုတ်ချခဲ့ကြသည်။

 

စနေနေ့တွင် တရုတ်က ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုကို ကြေညာအပြီးတွင် ထိုင်ပေကာကွယ်ရေးဝန်ကြီးဌာနက ဘေဂျင်းကို "ကျိုးကြောင်းမဆီလျော်ဘဲ ရန်စသော အပြုအမူ” ဟု ရှုတ်ချပြောကြားခဲ့သည်။

 

ဝန်ကြီးဌာနက ထိုင်ဝမ်၏ "ဒီမိုကရေစီ လွတ်လပ်မှုနှင့် အချုပ်အခြားအာဏာကို ကာကွယ်ရန်"တုံ့ပြန်သည့်အနေဖြင့် တပ်ဖွဲ့များ စေလွှတ်သွားမည်ဖြစ်သည်ဟု ပြောကြားသည်။

 

ယင်းကဲ့သို့ အကြောင်းပြချက်ဖြင့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခြင်းသည် ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကူညီရာမရောက်ဘဲ တရုတ်၏ စစ်ရေးစိတ်ထားကိုသာ ထင်ရှားစွာဖော်ပြရာရောက်ကြောင်းနှင့် စစ်ရေးချဲ့ထွင်မှုသဘာဝ စိုးမိုးနေကြောင်း ထပ်မံဖော်ပြမှုသာဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောသည်။

 

မကြာသေးမီလများအတွင်း တရုတ်နိုင်ငံသည် စစ်လေယျာဉ်များ၊ စစ်သင်္ဘောများ ပုံမှန်တိုးမြှင့် စေလွှတ်ခြင်းဖြင့် ထိုင်ဝမ်အပေါ် စစ်ရေးဖိအားများ တိုးမြှင့်လာခဲ့သည်။

 

ထိုင်ဝမ်က ၎င်းတို့ဘာသာ ကြေငြာထားသည့် ကြားခံ လေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့တရုတ်စစ်လေယျာဉ်များ ကျူးကျော်ဝင်ရောက်ခြင်းများမှာ နေ့စဉ်နီးပါးဖြစ်သည်။

 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်ကွန်မြူနစ်ပါတီသည် ဆက်လက်ပြုလုပ်နေသော "နှောက်ယှက်မှုများဖြင့် ဒေသတွင်း လုံခြုံရေးကို ထိခိုက်မှုပြုလုပ်နေကြောင်း ပြောဆိုသည်။

 

တရုတ်စစ်တပ်၏ "ထပ်ခါ ထပ်ခါ ရှေ့တိုးလာခြင်းကြောင့် “အမျိုးသားစစ်တပ်၏ အရာရှိများနှင့် စစ်သားများအားလုံးသည် 'စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပြီး၊ စစ်ပွဲဖြစ်ပွားရန် အကြောင်းရှာနေခြင်းမဟုတ်၊ စစ်ပွဲကို တုံ့ပြန်ခြင်းဖြစ်ပြီး စစ်ပွဲကို ရှောင်ရှားမည်မဟုတ်ဟူသော ခိုင်မာသည့် သဘောထားဖြင့် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် စွမ်းဆောင်ရည်၊ ပိုင်းဖြတ်မှုနှင့် ယုံကြည်မှုတို့ရှိပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ။” ဟုလည်း ပြောကြားသည်။

 

အင်္ဂါနေ့တွင် တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu က ရုရှားနိုင်ငံတွင် ကျင်းပသော လုံခြုံရေးညီလာခံတွင် မိန့်ခွန်းပြောကြားစဉ် အမေရိကန်အနေဖြင့် တရုတ်ကိုထိန်းချုပ်ရန် ထိုင်ဝမ်မှတဆင့် ကြိုးပမ်းမှုကို ဆန့်ကျင် သတိပေးသည့်အနေဖြင့် "မီးနှင့်ကစားခြင်း” မပြုရန် ပြောကြားခဲ့သည်။

 

အမေရိကန်အနေဖြင့် ထိုင်ဝမ်နှင့် တရားဝင် ပေါင်းစည်းချည်နှောင်ထားမှုမရှိသော်လည်း ၎င်းသည် အခိုင်မာဆုံး နိုင်ငံတကာထောက်ခံသူများနှင့် လက်နက်ပေးပို့သူများအနက်မှ တစ်ဦးဖြစ်သည်။

 

ကိုးကား - CNN

ပုံစာ ထိုင်ဝမ်မှ ၎င်း၏ ရေတပ်၊ ကြည်းတပ်နှင့် လေတပ်ဆောင်ရွက်မှုများ ထုတ်ပြန်ချက်ဗီဒီယိုမှ ရုပ်သေဖမ်းယူမှု (Photo: Taiwan Military News Agency/Reuters )

 

Burma Associated Press

အမေရိကန်
တောင်ကိုးရီးယား
ဂျပန်

Share With
bap-logo