bap-logo
Politics

မြန်မာအထည်ချုပ်စက်ရုံများမှ အလွဲသုံးစားပြုခံရကြောင်း စွပ်စွဲမှုများကို H&M စုံစမ်းစစ်ဆေး

kIgx_04wrv28rXhtEa_ZW-image

လွန်ခဲ့သော တစ်နှစ် က

ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်လက်လီလုပ်ငန်းဖြစ်သော H&M သည် မြန်မာအထည်ချုပ်စက်ရုံများမှ အလုပ်သမားအလွဲသုံးစားပြုခံရကြောင်း စွပ်စွဲမှု ၂၀ ခုကို စုံစမ်းစစ်ဆေးနေကြောင်း Reuters သတင်းအေဂျင်စီက ဖော်ပြထားသည်။ Zara လုပ်ငန်းကို ပိုင်ဆိုင်သည့် ထိပ်တန်း ဖက်ရှင်လက်လီလုပ်ငန်း Inditex သည် မြန်မာနိုင်ငံစက်ရုံများမှ ဝယ်ယူခြင်းကို ရပ်တန့်လိုက်ကြောင်း ကြေငြာပြီး ရက်သတ္တပတ်များ မကြာမီမှာ ယင်းကဲ့သို့ ဖော်ပြလိုက်ခြင်းဖြစ်သည်။

 

ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးစည်းရုံးလှုံ့ဆော်ရေးအဖွဲ့တစ်ခုက ဖေဖော်ဝါရီ ၂၀၂၂ နှင့် ဖေဖော်ဝါရီ ၂၀၂၃ အကြား မြန်မာအထည်ချုပ်စက်ရုံများမှ အလုပ်သမားအလွဲသုံးစားပြုခံရကြောင်း စွပ်စွဲမှု ၁၅၆ ခုကို ခြေရာခံမှုများပြုလုပ်ခဲ့သည်။ ၎င်း အရေအတွက်မှာ ယခင်နှစ်က ၅၆ ခုထက် မြင့်တက်လာခြင်းဖြစ်ရာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အလုပ်သမားအခွင့်အရေးများ ယိုယွင်းလာခြင်းကို ညွှန်ပြနေခြင်းဖြစ်သည်။

 

လုပ်အားခ ဖြတ်တောက်ခံရခြင်းနှင့် လုပ်အားခ ခိုးယူမှုများသည် အကြိမ်အများဆုံး စွပ်စွဲခံရမှုများဖြစ်ပြီး ယင်းတို့နောက်တွင် မျှတမှုမရှိသော ထုတ်ပယ်မှုများ၊ လူသားချင်းစာနာမှုမရှိသော လုပ်ခနှုန်းထားများ၊ အတင်း အကျပ် အချိန်ပိုခိုင်းစေခြင်းများလည်း ပါဝင်ကြောင်း အစိုးရမဟုတ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သော Business and Human Rights Resource Centre (BHRRC) စီးပွားရေးနှင့် လူ့အခွင့်အရေးအရင်းအမြစ်စင်တာ၏ အစီရင်ခံစာတစ်ခုအရ သိရသည်။

 

“BHRCC ၏ အစီရင်ခံစာထဲမှ ဖြစ်ရပ်အားလုံးကို စုံစမ်းစစ်ဆေးနေပြီး ဒေသတွင်းမှာ ရှိသည့် နယ်မြေခံအဖွဲ့က တဆင့်၊ သက်ဆိုင်ရာပါဝင်သူများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်သလို ပြန်လည်ပြင်ဆင်ပေးခဲ့ကြောင်း။” ဟု H&M က ကြေငြာချက်တစ်စောင်တွင် ဖော်ပြခဲ့သည်။

 

မြန်မာနိုင်ငံမှ နောက်ဆုံးဖြစ်ပျက်မှုများကို ကျွန်ုပ်တို့ အလေးအနက် စိုးရိမ်ပါကြောင်း၊ ကျွန်ုပ်တို့၏ စံချိန်စံညွှန်းနှင့် လိုအပ်ချက်များအရ ကျွန်ုပ်တို့၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများတိုးမြင့်လာသည်ကို တွေ့မြင်ရပါကြောင်း” ဆွီဒင်လက်လီလုပ်ငန်းက ပြောကြားသည်။

 

BHRRC သည် စစ်တပ်အာဏာသိမ်းယူပြီး နိုင်ငံရေးနှင့် လူသားချင်းစာနာမှုအကျပ်အတည်းအတွင်းသို့ တိုင်းပြည်ကျဆင်းသွားချိန်မှ စတင်၍ မြန်မာအထည်ချုပ်စက်ရုံများမှ အလုပ်သမားအခွင့်အရေးအလွဲသုံးစားပြုခံရကြောင်း စွပ်စွဲမှုများကို ခြေရာခံနေခဲ့ခြင်းဖြစ်သည်။ သီးခြားစက်ရုံပေါင်း ၁၂၄ ခုမှ အလွဲသုံးစားပြုခံရမှုများကို ခြေရာခံနိုင်ခဲ့သည်။

 

သမဂ္ဂခေါင်းဆောင်များ၊ နိုင်ငံတကာမီဒီယာများ၊ မြန်မာလေဘာနယူးစ်ကဲ့သို့သော ဒေသတွင်း မီဒီယာများစသည့် အရင်းအမြစ်များမှတဆင့် အလွဲသုံးစားပြုခံရကြောင်း စွပ်စွဲမှုများကို ခြေရာခံခဲ့ကြောင်း၊ အစီရင်ခံမှုများကို စစ်ဆေးအတည်ပြုရန် ကုန်အမှတ်တံဆိပ်များနှင့် အလုပ်သမားများကို မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု BHRRC က ပြောသည်။ Reuters က ၎င်း၏ ရှာဖွေတွေ့ရှိမှုများကို သီးခြားအတည်မပြုပါ။

 

လွန်ခဲ့သည့် ၂ နှစ်အတွင်း Inditex ကို ကုန်ပစ္စည်းပေးသွင်းသူများနှင့် ဆက်စပ်သည့် အလွဲသုံးစားပြုခံရကြောင်း စွပ်စွဲမှု ၂၁ ခု ရှိခဲ့ပြီး H&M နှင့် ဆက်စပ်မှု ၂၀ ခု တွေ့ရှိခဲ့ရသည်ဟု အစီရင်ခံစာအရ သိရသည်။ Inditex က အစီရင်ခံစာအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

 

BHRRC ၏ အစီရင်ခံစာအတွင်း အိုင်ယာလန် နိုင်ငံစုံ ဖက်ရှင် လက်လီလုပ်ငန်း Primark ကို စွပ်စွဲမှု ၁၉ ခု၊ လူသိများသော Vero Moda Jack & Jones အမှတ်တံဆိပ်များ ပိုင်ဆိုင်သည့် ဒိန်းမတ်အခြေစိုက် Bestseller ကို စွပ်စွဲမှု ၁၇ ခုနှင့် ပိုလန် အဝတ်အထည်ကုမ္ပဏီ LPP ကို စွပ်စွဲမှု ၁၂ ခုရှိသည်ဟု ဖော်ပြထားသည်

 

“BHRRC ကဲ့သို့သော အဖွဲ့အစည်းများက ၎င်းအရေးကိစ္စများကို မီးမောင်းထိုးပြခြင်းအား မိမိတို့ ကြိုဆိုပါကြောင်း၊ ကျွန်ုပ်တို့ သိရှိရသမျှ စွပ်စွဲမှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးပြီး ဖြစ်နိုင်သမျှ ပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်ပါကြောင်း အီးမေးလ်ထုတ်ပြန်ချက်တစ်စောင်တွင် Primark က Al Jazeera ကို ပြောကြားသည်။

 

ထိုအစီရင်ခံစာသည် လက်ရှိအခြေအနေတွင် မြန်မာမှ တင်သွင်းရယူနေရခြင်း၏ အခြေအနေအစစ်အမှန်နှင့် အလုပ်သမား အခွင့်အရေးနှင့် လုံခြုံမှုများအပေါ် သက်ရောက်မှုများ၏ စိုးရိမ်ဖွယ်ရာများကိုထင်ရှားစွာ ဖော်ပြနေပါကြောင်း” လည်း ဖော်ပြထားသည်။

 

၎င်းကုမ္ပဏီက အောက်တိုဘာလ ၂၀၂၂ ခုနှစ်တွင် မြန်မာကုန်ပစ္စည်းပေးသွင်းသူများထံမှ အသစ်မှာယူခြင်းများ ရပ်တန့်ထားကြောင်း ယခင်က ပြောဆိုခဲ့ပြီး နောက်ဆုံးမှာယူမှုမှာ ၂၀၂၃ ခုနှစ်အကုန်တွင် တင်ပို့မည်ဟု မျှော်မှန်းရသည်။

 

Al Jazeera က Bestseller နှင့် LPP တို့ထံသို့ တုံ့ပြန်မှုပေးရန် ဆက်သွယ်ခဲ့ပါသည်။

 

ရှာဖွေတွေ့ရှိမှုများအပေါ် မြန်မာစစ်အာဏာရှင်တို့၏ ပြောခွင့်ရသူကို မှတ်ချက်ပေးရန် Reuters သတင်းအေဂျင်စီက တောင်းဆိုခဲ့သော်လည်းအကြောင်းမပြန်ခဲ့ပါ။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကလည်း Reuters ၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို အကြောင်းမပြန်ခဲ့ပါ။

 

မြန်မာနိုင်ငံတွင် လုပ်သည်။

Inditex ၏ မြန်မာကုန်ပစ္စည်းပေးသွင်းသူများနှင့် အဆက်အဆံ ဖြတ်တောက်ရန် ဆုံးဖြတ်ခြင်းသည် Primark နှင့် Marks & Spencer တို့၏ နောင်နှစ်တွင် ထွက်ခွာမည့် အစီအစဉ်ကြေငြာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး အထည်ချုပ်လုပ်သားများကို အဆိုးဆုံးအခြေအနေသို့ တွန်းပို့ရာရောက်ကြောင်း အချို့က ဆိုကြသည်။

 

စပိန်ဖက်ရှင်လက်လီလုပ်ငန်း Tendam ကလည်း မြန်မာမှ တင်သွင်းမှုများ ရပ်တန့်ရန် စီစဉ်နေကြောင်း BHRRC ၏ အစီရင်ခံစာနှင့်အတူ ဖြန့်ဝေသည့် ကုန်အမှတ်တံဆိပ်များအပေါ် စစ်တမ်းအား တုံ့ပြန်ရာတွင် ပြောဆိုထားသည်။

 

ကျွန်ုပ်တို့ မြန်မာနိုင်ငံမှ ထွက်ခွာရန် အစီအစဉ်ရှိသော်လည်း မကြေငြာရသေးကြောင်း” အသေးစိတ် အကြောင်းပြချက်များမပါဝင်ဘဲ Tendam က ရေးသားထားသည်။ Tendam က မှတ်ချက်ပေးရန် ချက်ချင်းအကြောင်းမပြန်ခဲ့ပါ။

 

မြန်မာကုန်ပစ္စည်းပေးသွင်းသူများထံမှ နောက်ဆုံးအမှာစာမှာ ယခုနှစ်ကုန်တွင် တင်ပို့မည်ဟု မျှော်လင့်ထားသော်လည်း မြေပြင်တွင် ၎င်းတို့၏ တည်ရှိမှုမှာ မကြာသေးခင်က ပိုမိုမြင့်တက်လာကြောင်း Primark က Reuters ကို ပြောကြားသည်။

 

ကျွန်ုပ်တို့ ထွက်ခွာရန် လုပ်ဆောင်နေစဉ်မှာပင် မြေပြင်မှာ ကျင့်ဝတ်နှင့်ညီသော ကုန်သွယ်မှုအဖွဲ့ရဲ့ အရွယ်အစားကို နှစ်ဆ တိုးချဲ့ခဲ့ပြီး အလုပ်လုပ်နေသေးသည့် စက်ရုံများသို့ ပုံမှန်သွားရောက်မှု ပြုလုပ်နိုင်ခဲ့သည့်အတွက် ကျွန်ုပ်တို့အတွက် မြင်သာမှု ပိုမိုရရှိခဲ့ကြောင်း” Primark က ဗုဒ္ဓဟူးနေ့တွင် အီးမေးလ်မှတဆင့် ပြောကြားသည်။

 

မြန်မာမှ ဆက်လက်မှာယူမှုများ ပြုလုပ်နေကြသော အချို့သော ကုန်အမှတ်တံဆိပ်တို့သည်လည်း ကုန်ပစ္စည်းပေးသွင်းသူများကို စောင့်ကြည့်လေ့လာမှုများ တိုးမြှင့်လာခဲ့ကြသည်။

 

ဒိန်းမတ် ဖက်ရှင်ကုမ္ပဏီ Bestseller သည် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာရုံးတွင် ဝန်ထမ်းဦးရေ ၃ ဦးမှ ၁၁ ဦးထိ တိုးချဲ့ခဲ့သည်ဟု စစ်တမ်းဖြေဆိုရာတွင် ပြောကြားထားသည်။

 

H&M Bestseller နှင့် Tendam တို့သည် အခြားသော ကုန်အမှတ်တံဆိပ် ၁၈ ခုနှင့်အတူ ဥရောပသမဂ္ဂက ရံပုံငွေထောက်ပံ့ထားသည့် မြန်မာအထည်ချုပ်စက်ရုံများမှ လုပ်သားများအခြေအနေတိုးတက်စေရန် ရည်ရွယ်သည့် MADE စီမံချက် အစိတ်အပိုင်းတွင် ပါဝင်ကြသည်။

 

ဥရောပသမဂ္ဂ၏ ရပ်တည်မှုမှာ ကုန်အမှတ်တံဆိပ်ကြီးများအတွက် အဝတ်အထည်နှင့် ဖိနပ်များ ထုတ်လုပ်နေသော စက်ရုံ ၅၀၀ ကျော်တို့ပါဝင်သည့် အထည်ချုပ်လုပ်ငန်းသည် အဓိက အလုပ်အကိုင်ခန့်ထားပေးသည့်လုပ်ငန်းဖြစ်သည့်အတွက် ကုမ္ပဏီများက မြန်မာမှ ဆက်လက်တင်သွင်းမှုများ ပြုလုပ်သင့်သည်ဟု ဖြစ်သည်။

 

လုပ်ခနဲ့ လုပ်သားတွေရဲ့ အခြေအနေတွေနဲ့ ပတ်သတ်လို့ ဒေသခံအလုပ်သမားအခွင့်အရေးအဖွဲ့တွေ၊ကုန်သွယ်မှုသမဂ္ဂတွေကို ကုမ္ပဏီတစ်ခုအနေနဲ့ ဆွေးနွေးတာတွေ ပြုလုပ်ခြင်းအားဖြင့် အထောက်အကူပြုနိုင်ပါတယ်။ ဟု မြန်မာနိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်း၏ CEO ဖြစ်သူ Karina Ufert က ပြောကြားသည်။ "တိုင်းပြည်က ထွက်ခွာသွားရင် ဒေသတွင်းအခြေအနေတွေမှာ ဘယ်လို ပါဝင်ဦးဆောင်မှုရနိုင်မလဲဆိုတာ မြင်ဖို့ ခက်ခဲပါတယ်။”

 

မြန်မာနိုင်ငံမှ ဝယ်ယူခြင်းကို ရပ်တန့်ရန် ဖိအားပေးခံနေရသည့် နိုင်ငံတကာကုန်အမှတ်တံဆိပ်များသည် တည်ငြိမ်သော အလုပ်အကိုင်များ ဖန်တီးပေးနေသူများဖြစ်နိုင်၍ အခွင့်အရေးအလွဲသုံးစားမှုများကိုကာကွယ်ရန် ထပ်တိုးလုပ်ဆောင်မှုများလုပ်ဆောင်နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ဟောင်း၊ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(Myanmar Centre for Responsible Business ) ၏ ညွှန်ကြားရေးမှူး Vicky Bowman က ပြောကြားသည်။

 

သူတို့ ထွက်ခွာသွားရင် အလုပ်အကိုင်တွေ လုံးဝပျောက်ကွယ်သွားမယ် ဒါမှမဟုတ် ဈေးပေါတဲ့ လုပ်သားတွေရရုံနဲ့ စက်ရုံအခြေအနေကို မစဉ်းထားဘဲ တာဝန်ခံမှုမရှိတဲ့ အဝယ်တော်အေးဂျင့်တွေဆီက အမှာစာတွေနဲ့ပဲ လုပ်ကိုင်ရလိမ့်မယ်။” ဟု Bowman က Reuters ကို ပြောသည်။

 

BHRRC ၏ စစ်တမ်းတွင် ကမ္ဘာ့အကြီးဆုံး အဝတ်အထည်အမှတ်တံဆိပ်များက ၎င်းတို့၏ အကျပ်အတည်းပေါ် ချဉ်းကပ်ပုံများကို အသေးစိတ် ဖော်ပြထားကြသည်။

 

"ဖော်ပြထားသော လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးအန္တရာယ်များရှိသော်လည်း အဆင့်မြှင့်တင်ထားသည့် လူ့အခွင့်အရေးဆိုင်ရာ တရားရေးအရ သင့်လျော်သော ဆောင်ရွက်မှုများမှတဆင့်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာရုံး (ILO)နှင့် အဓိက သဘောတူညီချက်များ၊ ကုလသမဂ္ဂ လမ်းညွှန်ထားသည့် အခြေခံမူများ၊OECD [စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း]၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိရှိ လုပ်ငန်းဆက်လက်လုပ်ကိုင်သွားနိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါကြောင်း အားကစားအဝတ်အထည် အမှတ်တံဆိပ်ကြီး Adidas က ၎င်းတို့၏ တုံ့ပြန်မှုတွင် ဖော်ပြထားသည်။

 

ဗြိတိန်မှ ဖက်ရှင်လက်လီလုပ်ငန်း Next က ၎င်းတို့၏ တုံ့ပြန်ချက်တွင် ၎င်းတို့သည် မြန်မာမှ နှုတ်ထွက်ရန် စဉ်းစားခဲ့ပါကြောင်း၊ သို့သော် "ပြည်တွင်းအစိုးရကို ၎င်းတို့၏ မူဝါဒများနှင့် လုပ်ကိုင်မှုများသည် လက်ခံဖွယ်ရာမရှိကြောင်း ရှင်းလင်းသည့် အချက်ပေးစကား ပေးပို့ရာရောက်သော်လည်း ဒေသခံလူမှုအသိုင်းအဝန်းနှင့် အလုပ်သမားများကို ကြီးမားသော ထိခိုက်မှု ဖြစ်စေကြောင်း၊ အရေးတကြီးလိုအပ်နေသည့် ရင်းနှီးမြှပ်နှံမှုနှင့် လုပ်ခများကို ငြင်းပယ်ရာရောက်ကြောင်း” ဖော်ပြထားသည်။

 

ကိုးကား - Al Jazeera Reuters

ပုံစာ - မြန်မာအထည်ချုပ်လုပ်ငန်းခွင်တစ်ခု (Photo: Sakchai Lalit/AP Photo)

 

Burma Associated Press

အထည်ချုပ်စက်ရုံ

Share With
bap-logo