bap-logo
Politics

အမေရိကန်က မြန်မာကို ရန်သူလို သဘောထားနေဟု စစ်ခေါင်းဆောင်ဆို

Rvs1w8VG34Y9cBJsdrpg8-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၂၇။

 

မြန်မာနှင့်အမေရိကန်သည် စစ်မက်ဖြစ်ပွားဖူးသည့် နိုင်ငံများမဟုတ်ဘဲနှင့် အမေရိကန်က မြန်မာကို ရန်သူလို သဘောထားနေသည်ဟု စစ်ခေါင်းဆောင်က အောက်တိုဘာ ၂၆ ရက် နေပြည်တော်၌ ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် ပြောခဲ့သည်။

 

အရှေ့တောင်အာရှတွင် အမေရိကန်က ကျူးကျော်ခဲ့သည့် ဗီယက်နမ်စစ်ပွဲ၌ပင် မြန်မာတို့ ပါဝင် ပတ်သက်မှု မရှိခဲ့သော်လည်း ယနေ့ကာလအထိ အမေရိကန် က မြန်မာကို ရန်သူသဖွယ် သဘောထားခြင်းမှာ ကြီးမားသော နောက်ခံ အကြောင်း ရှိနေသည်ဟု စစ်ခေါင်းဆောင်က ပြောသည်။

 

မြန်မာ့အရေးနှင့်ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှုများကို အမေရိကန် ဦးဆောင်သော အနောက်အုပ်စုက စဉ်ဆက်မပြတ် ပြုလုပ်မှုများရှိခဲ့သည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

 

စစ်ကောင်စီအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းလျက် ရှိပြီး အချို့ပြည်ပ နိုင်ငံများက မြန်မာနိုင်ငံအပေါ်တွင် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခြင်းနှင့် ဝင်ရောက်စွက်ဖက်မှုများကို ယခုအချိန်ထိ ပြုလုပ်နေသည်ဟု လည်း အစည်းအဝေး၌ ပြောသည်။

 

နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံအခြေအနေကို ယခုထက်ပိုမိုကောင်းမွန်စေလိုလျှင် ၎င်းတို့နှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သင့်သည်ဟုလည်း စစ်ခေါင်းဆောင်က ပြောသည်။

 

၎င်းတို့ကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် အားပေးနေခြင်းသည် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နှောင့်နှေး သွားနိုင်သည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်က စစ်အုပ်စုနှင့် ပတ်သက် ဆက်နွှယ်နေသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ဒဏ်ခတ်ပိတ်ဆို့မှု ၂၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။

 

Burma Associated Press

စစ်ကောင်စီ
အမေရိကန်

Share With
bap-logo