bap-logo
Politics

ထောင်ဝင်စာတွေ့ဖို့ Covid-19 ကင်းစင်ကြောင်းထောက်ခံစာတစ်ခုအတွက် မြို့နယ်ထွေအုပ်ကို လေးသောင်းကျပ် ပေးနေရ

_7d3UJRqMY3C3ARv9VKDK-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၂၅။

အင်းစိန်ထောင်အတွင်း အကျဥ်းကျခံနေရတဲ့ အကျဥ်းသားတွေအတွက် ထောင်ဝင်စာဧည့်တွေ့ခွင့်ရဖို့ မြို့နယ် ထွေအုပ်ရုံးအချို့မှာ ( COVI - 19 ကင်းစင်ကြောင်းထောက်ခံချက် ) လက်မှတ်တွေကို ငွေကျပ် လေးသောင်း ထိပေးပြီး ပြုလုပ်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့ အဖွဲ့အချို့နဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

 

ထောင်ဝင်စာ(လူတွေ့)တွေ့ဖို့အတွက် တစ်ပတ်အတွင်း ပြုလုပ်ထားတဲ့ Covid-19 ထောက်ခံချက်ကို အကျဉ်းထောင်ဘက်က တောင်းနေတာ ဖြစ်ပါတယ်။

 

ယခင်က Covid ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားတဲ့ QR Scan ပါတဲ့ စာရွက်တွေ အကျုံးမဝင်တော့ဘူးလို့ ထောင်ဝင်စာ လူတွေ့ သွားရောက်ဖို့ စီစဥ်နေတဲ့ အကျဥ်းသားမိသားစုဝင်အချို့က ပြောပါတယ်။

 

" ကျန်းမာရေးဌာနကိုသွားတယ်၊ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံချက်အပြင် ထွေအုပ်ရုံး ထောက်ခံချက်ပါမှ သူတို့ ဘက်က လုပ်ပေးမယ်တဲ့၊ ထွေအုပ်ရုံးတို့ ရပ်ကွက်ရုံးတို့က ငွေပေးမှလုပ်ပေးတာ၊ သုံးသောင်းကုန်ခဲ့ရတယ်၊ ဘယ်မြို့နယ် ဆိုတာကိုမပြောချင်ဘူး။ သိသွားရင် ပြသနာရှာခံရမှာစိုးလို့" ဆိုပြီး နိုင်ငံရေး အကျဥ်းသား မိသားစု ဝင်တစ်ဦးက ပြောပါတယ်။

 

ရန်ကုန်တိုင်း တစ်ချို့ မြို့နယ်တွေမှာ ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံချက် ဟာ မြို့နယ်အလိုက် ဒေသန္တရ ကျန်းမာရေးနဲ့ မြို့နယ်ဆေးရုံတွေက လုပ်ပေးရ မှာ ဖြစ်ပေမဲ့ ထောင်ဝင်စာဧည့်တွေ့အတွက်ဆိုပါက မြို့နယ် အချို့က ထောက်ခံချက် အဆင့်ဆင့်ရှိမှသာ ပြုလုပ်ပေးတာကြောင့် ငွေကြေး ကုန်ကျမူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

 

"ကိုယ်မြို့နယ်ဟာ ကိုယ့်စားကျက်ဆိုပြီးလုပ်ခွင့်ပေးထားတာမို့ ဒေသခံ ပြည်သူလုထုရဲ့ ဘဏ္ဍာငွေဟာသူတို့ ဘဏ္ဍာပါပဲ။ ဒါပေမဲ့ ရွေးလို့ရတဲ့ တတိယနည်းလမ်းဆိုတာ ရှိနေမြဲမို့ နွေဦး/နိုင်ကျဉ်းမိသားစုများအနေနဲ့ တစ်‌ယောက်ရဲ့ အခက်အခဲကို ကိုယ့်အခက်အခဲလို သဘောထားပြီး အချင်းချင်း ဆက်သွယ်ပါ၊ လမ်းညွန်ပါ ကူပေးပါလို့အသိပေး တင်ပြအပ်ပါတယ်"ဆိုပြီးနိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့EMy Heartအဖွဲ့က အသိပေးထားပါတယ်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်က စတင် ရပ်ဆိုင်းထားခဲ့တဲ့ ထောင်ဝင်စာ (လူတွေ့) အခွင့်အရေးကို နှစ် ကျော်အကြာ မှာ အောက်တိုဘာ ၂၄ ရက် ကစပြီး ပြန်လည်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

 

ထောင်ဝင်စာ (လူတွေ့) တွေ့ဖို့အတွက် မိသားစုဝင်ဖြစ်ကြောင်း အတည်ပြုနိုင်မယ့် ပုံစံ - ၁၀ အိမ်ထောင်စုစာရင်း မူရင်းနဲ့ မိတ္တူတစောင် ၊ဧည့်တွေ့မယ့် သူရဲ့ မှတ်ပုံတင် သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ် မူရင်းနဲ့ မိတ္တူ တစ်စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ သက်ဆိုင်ရာရဲစခန်းထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း သက်သေခံလက်မှတ်မူရင်းနဲ့ မိတ္တူ ၁ စောင်ပါရမယ်လို့ အသိပေးကြေညာထားတာဖြစ်ပါတယ်။

 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် အကျဉ်းထောင်အသီးသီးမှာ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ခုနှစ်ထောင်ကျော်ရှိနေပြီလို့ သိရပါတယ်။

 

ပုံစာ - အင်းစိန်အကျဉ်းထောင်ရှေ့ လွတ်ငြိမ်းစောင့်နေကြသည့် မိသားစုများ (ပုံဟောင်း)

 

Burma Associated Press

အင်းစိန်
ထောင်
covid-19

Share With
bap-logo