bap-logo
Politics

မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် အဆက်မဖြတ်နိုင်သည့် အရှေ့တောင်အာရှနိုင်ငံများ

lhos81uO32lSfMEbPVcYy-image

လွန်ခဲ့သော တစ်နှစ် က

အင်ဒိုနီးရှား နိုင်ငံပိုင်လက်နက်ထုတ်လုပ်သူများက စစ်အာဏာရှင်ဝန်ကြီးတစ်ဦးပိုင်ဆိုင်သော  စွပ်စွဲခံ အယောင်ပြ ကုမ္ပဏီတစ်ခုမှတဆင့် မြန်မာသို့ လက်နက်ရောင်းချခဲ့ဖွယ်ရှိသည့်အတွက် တက်ကြွလှုပ်ရှားသူများ က အင်ဒိုနီးရှားအာဏာပိုင်များကို စုံစမ်းစစ်ဆေးရန် ယခုလအစောပိုင်းတွင် တောင်းဆိုခဲ့ကြသည်။

 

၎င်းစွပ်စွဲချက်သည် မြန်မာစစ်အာဏာရှင်သို့ ပေးပို့နေသည့် ဒေသတွင်း လျှို့ဝှက် ကုန်သွယ်မှုကွန်ရက်အကြောင်း ပထမဆုံးထွက်ပေါ်လာသည့် စွပ်စွဲချက် မဟုတ်သကဲ့သို့ တစ်ခုတည်းသော စွပ်စွဲချက်လည်း မဟုတ်ပေ။

 

လွန်ခဲ့သည့် နှစ်နှစ်က အာဏာသိမ်းယူခဲ့မှုအပေါ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ကြပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံက စစ်အာဏာရှင်အုပ်ချုပ်သည့် မြန်မာကို စည်းနှောင်မှုမရှိသော လက်နက်ရောင်းချမှု တားမြစ်ပိတ်ပင် ရန် ၂၀၂၁ ခုနှစ်တွင် ချမှတ်ဆုံးဖြတ်ခဲ့သည်။

 

ထိုစဉ်ကပင် မြန်မာတွင် ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းအပေါ် နိုင်ငံတကာအာရုံစိုက်မှု အနည်းငယ်သာ ပေးခဲ့သည့်အတွက် ကမ္ဘာ့အသိုင်းအဝန်းတစ်ခုလုံးကို လေ့လာသူများက ဝေဖန်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများသည် စစ်အာဏာရှင်အပေါ် နိုင်ငံရေးနှင့် စီးပွားရေးဖိအား များမှတဆင့် အများဆုံးလွှမ်းမိုးနိုင်သည်ဟု အချို့က ဆိုသော်လည်း စိတ်ပျက်ဖွယ်ကောင်းကြောင်းသာ သက်သေပြခဲ့ကြသည်။

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ယနေ့အထိ မြန်မာနိုင်ငံ၏ ထိပ်တန်း ကုန်သွယ်မှုမိတ်ဖက်များ အဖြစ် လည်းကောင်း လက်နက်တင်သွင်းသူများအဖြစ်လည်းကောင်း တရုတ်နှင့် ရုရှား၏ နောက်မှ ဆက်လက် တည်ရှိ နေပြီး မြန်မာကဲ့သို့ အပယ်ခံနိုင်ငံများက အာဏာသိမ်းစဉ်ကပင် စတင်၍ စစ်အာဏာရှင်တို့အပေါ် ထောက်ခံ အားပေးမှုကို ရှင်းလင်းပြတ်သားစွာ ပြုလုပ်ခဲ့ကြကာ မြန်မာနှင့် ပူးပေါင်းမှု အားကောင်းစေခဲ့သည်။

 

အာဆီယံနိုင်ငံများသည် စစ်အာဏာရှင်တို့ကို အသိအမှတ်ပြုရန် တရားဝင်ငြင်းပယ်ထားကြပြီး မြန်မာနိုင်ငံမှ စစ်တပ်ဦးဆောင်သော အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချကြသော်လည်း အကျိုးအမြတ်များသည့် စီးပွားရေး သဘောတူညီမှုများကြောင့်သော်လည်းကောင်း လက်နက်စီးဆင်းမှု စီစဉ်ဖန်တီးပေးရသည့်အတွက် သော်လည်း ကောင်း အရပ်သားသေကြေထိခိုက်မှုများ များပြားလာသည့်တိုင် အာဆီယံနိုင်ငံများ၏ အစိုးရများနှင့် ကုမ္ပဏီ များကမူ စစ်အာဏာရှင်တို့ကို တိတ်ဆိတ်စွာ ထောက်ခံအားပေးမှု ရပ်တန့်ရန် ခက်ခဲနေကြသည်။

 

ထောက်ပံ့ပို့ဆောင်ရေး စိန်ခေါ်မှုများ

 

အာဆီယံမှ ကိုးနိုင်ငံ(မြန်မာ မပါဝင်)အနက် ငါးနိုင်ငံသာ ကုလ၏ ၂၀၂၁ ခုနှစ် လက်နက်ပိတ်ပင်မှုကို ထောက်ခံအားပေးကြသည်။ ယင်းကဲ့သို့ ထောက်ခံအားပေးနေသော်လည်း ဥပဒေစိုးမိုးရေးနှင့် စောင့်ကြည့်ရေး စနစ်များ အကောင်းဆုံးဖြစ်သည်ဟု ယူဆရသည့် နိုင်ငံများပင်လျှင် စိန်ခေါ်မှုများ ကြုံတွေ့နေရကြောင်း သက်သေပြခဲ့သည်။

 

မေလတွင် စင်ကာပူအခြေစိုက် ကုမ္ပဏီ ၁၃၀ ကျော်သည် မြန်မာစစ်တပ်သို့ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ စီးဆင်းစေမှုတွင် ပါဝင်ပတ်သတ်ခဲ့သည်ဟု ကုလအစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ ၎င်း စွပ်စွဲချက် တွင် ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်မှ ဒီဇင်ဘာ ၂၀၂၂ ခုနှစ်အတွင်း ပေးပို့တင်သွင်းမှု အမေရိကန်ဒေါ်လာ ၂၅၄ မီလီယံ တန်ဖိုး ပေးပို့ခဲ့ကြောင်း၊ ရုရှားနှင့် တရုတ်တို့၏ ပေးပို့မှုအောက် များစွာ မလျော့နည်းကြောင်း ဖော်ပြထားသည်။

 

စင်ကာပူက လက်နက်ရောင်းဝယ်သူတွေဟာ မြန်မာစစ်တပ်ရဲ့ သေစေလောက်တဲ့ လက်နက်စက်ရုံတွေ ဆက်လက်လည်ပတ်ဖို့ အရေးပါတယ်

 

စင်ကာပူက လက်နက်ရောင်းဝယ်သူတွေဟာ မြန်မာစစ်တပ်ရဲ့ သေစေလောက်တဲ့ လက်နက်စက်ရုံတွေ ဆက်လက်လည်ပတ်ဖို့ အရေးပါတယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးက အစီရင်ခံစာ ဖြန့်ဝေချိန်တွင် ပြောကြားခဲ့သည်။

 

၎င်းက မြန်မာစစ်အာဏာရှင်နှင့် ၎င်း၏ လက်နက်ရောင်းဝယ်သူတို့သည် ဒဏ်ခတ်ပိတ်ဆို့မှုကို ကျော်လွှားရန် ဟန်ပြကုမ္ပဏီများ တည်ထောင်ခြင်းဖြင့် "စနစ်ကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ သိကြတယ်။” ဟုလည်း ပြောကြားခဲ့သည်။

 

ပေးပို့ခဲ့မှုအများစုမှာ အပိုပစ္စည်းများ၊ ကွန်ပျူတာများ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ဆောက်လုပ်ရေး ပစ္စည်းများ အပါအဝင် စစ်ဘက်နှင့် အရပ်ဘက်"နှစ်မျိုးသုံး” ပစ္စည်းများဖြစ်ကြောင်း ကုလအစီရင်ခံစာကို တုံ့ပြန်သည့်အနေဖြင့် စင်ကာပူအာဏာပိုင်များက စောဒကတက်ခဲ့သည်။ စင်ကာပူအာဏာပိုင်များက မြန်မာစစ်တပ်အသုံးပြုဖွယ်ရှိသည့် နှစ်မျိုးသုံးပစ္စည်းများကို ကုန်သွယ်ခြင်းမှ ပိတ်ပင်ထားစဉ်မှာပင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ကုလအစီရင်ခံစာတွင် ဖော်ပြထားသော ငွေပေးချေလွှဲပြောင်းမှုများကို မြန်မာနိုင်ငံတွင် လက်နက်ထုတ်လုပ်မှုနှင့် ဆက်နွယ်မှု ရှိ မရှိ သေချာစေရန် အသေးစိတ်အချက်များ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

ချမ်းသာသည့် မြို့ပြနိုင်ငံ စင်ကာပူက ဝေဖန်မှုဒဏ်ခံနေရစဉ်တွင်ပင် ၎င်းအခြေအနေမှာ အာဆီယံနှင့် မြန်မာစစ်အာဏာပိုင်တို့၏ သဘောတူညီချက် အပေါ်ယံမြင်နိုင်သမျှသာ ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားကြသည်။

 

"စင်ကာပူက ပွင့်လင်းမြင်သာတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီလိုတွေ လုပ်နေတယ်ဆိုတာ ကျွန်တော်တို့ သိနိုင်ပါတယ်။ ကျွန်တော်တို့ အချက်အလက်တွေ ရတယ်။”

 

"ဒါပေမယ့် အခြားနိုင်ငံတွေက ဒါမျိုးတွေ လွှဲပြောင်းရောင်းဝယ်နေတာ ရှိနိုင်ပေမယ့် ကျွန်တော်တို့မှာ အချက်အလက်မရှိဘူး။ သူတို့က (ပွင့်လင်းမြင်သာစေရန် ကျင့်ထုံးများ) လိုက်နာမှုမှ မရှိတာ။” ဟု အော်စလို ငြိမ်းချမ်းရေးအင်စတီကျုမှ မြန်မာ့နိုင်ငံရေး အထူးပြု ပါရဂူသုတေသီ ကိုအမရာသီဟ က TIME ကို ပြောကြားသည်။

 

ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်ဖို့က အခက်အခဲ မရှိပါဘူး။ ချမှတ်တဲ့အတိုင်း ကျင့်သုံးလိုက်နာဖို့နဲ့ ဒီလို လည်ပတ်ပုံယန္တရားကို စောင့်ကြည့်ဖို့ကတော့ ခက်ခဲတဲ့အပိုင်း ဖြစ်ပါတယ်။ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

 

ဒေသတွင်း အိမ်နီးချင်းနိုင်ငံများမှ လက်နက်ပိတ်ပင်ရေး လိုက်နာစေရန်အတွက် ပညာရပ်ပိုင်းဆိုင်ရာ ခက်ခဲနေခြင်းသည် မေလ ၂၀၂၁ ခုနှစ် ကုလအထွေထွေညီလာခံမှ မြန်မာ့ လက်နက်ကုန်သွယ်မှုရေး ဆုံးဖြတ်ချက်အပေါ် အထူးသဖြင့် မြန်မာနိုင်ငံသို့ "လက်နက်နှင့် ခဲယမ်းအားလုံး ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ချက်ချင်း ဆိုင်းငံ့ထားရန်” တောင်းဆိုခြင်း ဟူသည့်အပိုင်းကို အာဆီယံနိုင်ငံ ကိုးနိုင်ငံ(မြန်မာမှအပ)က မူလက လက်ခံရလွယ်ကူစေရန် လျေ့ာလျော့ပေါ့ပေါ့ ပြုလိုခြင်းကြောင့် ဖြစ်နိုင်သည်။

 

အာဆီယံ၏ တောင်းဆိုမှုကို အလေးထားမှု လုံးဝမရရှိခဲ့ဘဲ ရက်သတ္တပတ်များအကြာတွင် လက်နက်ပိတ်ပင်မှုကို ဆုံးဖြတ်ချက်တွင် ထည့်သွင်းခဲ့သည်။ (အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က ၎င်းဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ကာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့က မဲမပေးဘဲ နေခဲ့ကြသည်။)

 

ကျွန်တော့်အမြင်တော့ အာဆီယံက ပိတ်ပင်မှုကို အပြည့်အဝ လိုက်နာဖို့ သေချာတဲ့ ပုံမပေါ်ပါဘူး။” ဟု ထိုင်းနိုင်ငံ Thammasat တက္ကသိုလ် နိုင်ငံရေးသိပ္ပံတွဲဖက်ပါမောက္ခ Pinitbhand Paribatra က ပြောကြားသည်။

 

နိုင်ငံရေးဆန္ဒ

 

တရားဝင် မဖော်ပြထားသော်လည်း အာဆီယံ၏ အခြားသော အဓိက အကြောင်းပြချက်အဖြစ် ကုလ၏ ဆုံးဖြတ်ချက်ကို အားပျော့စေရန် ကြိုးပမ်းမှုမှာ နိုင်ငံရေးထည့်သွင်းစဉ်းစားချက်များနှင့် ပိုမိုသက်ဆိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။ စီးပွားရေးနှင့် နိုင်ငံရေးအကျိုးစီးပွားများ ကွဲပြားခြားနားမှုအကြား တစ်စစီ ဆုတ်ပြဲနေသည့်အပြင် အဖွဲ့၏ ကာလရှည်ကြာခဲ့ပြီဖြစ်သော ကြားဝင်မပါရေးနှင့် စည်းနှောင်မှုမရှိရေး သဘောတူညီချက် အခြေခံမှုများကြောင့် မြန်မာ့အကျပ်အတည်းအပေါ် အာဆီယံသည် နာမည်ဆိုးဖြင့် ကျော်ကြားသော ပျော့ပြောင်းသည့် ရပ်တည်ချက်ဖြင့် တာဝန်လစ်ဟင်းပျက်ကွက်ခဲ့သည်။

 

အာဏာသိမ်းခေါင်းဆောင်တွေနဲ့ ဆက်ဆံနေရတဲ့ အဓိကျသူတွေအနေနဲ့ လက်နက်ပိတ်ပင်မှုကို ထောက်ခံအားပေးလိုက်ရင် အာဏာသိမ်း ခေါင်းဆောင်တွေနဲ့ အခင်မင်ပျက်သွားမယ်လို့ အာဆီယံက ခံယူထားပုံ ရပါတယ်

 

အာဏာသိမ်းခေါင်းဆောင်တွေနဲ့ ဆက်ဆံနေရတဲ့ အဓိကျသူတွေအနေနဲ့ လက်နက်ပိတ်ပင်မှုကို ထောက်ခံအားပေးလိုက်ရင် အာဏာသိမ်းခေါင်းဆောင်တွေနဲ့ အခင်မင်ပျက်သွားမယ်လို့ အာဆီယံက ခံယူထားပုံ ရပါတယ်။” ဟု စင်ကာပူအခြေစိုက် S. Rajarantnam နိုင်ငံတကာလေ့လာရေးကျောင်း ပညာရှင်အဖွဲ့မှ သုတေသနအကြံပေး Tan See Seng က TIME ကို ပြောကြားသည်။

 

ကိုအမရာသီဟကလည်း လက်နက်ပိတ်ပင်မှုကြောင့် ထိခိုက်နိုင်သည့် အာဆီယံနိုင်ငံများနှင့် မြန်မာတို့အကြား ဆက်သွယ်ထားသည့် စီးပွားရေးအကျိုးအမြတ်များ ရောယှက်နေမှုကို ထောက်ပြသည်။

 

"အာဆီယံနိုင်ငံအများအပြားက နိုင်ငံတော်အနေနဲ့ရော နိုင်ငံတော်မဟုတ်တဲ့ သူတွေအနေနဲ့ရော မြန်မာနဲ့ ကုန်သွယ်နေကြတာပဲ။” ဟု ပြောသည်။ ၎င်းအာဆီယံနိုင်ငံများအတွက် မြန်မာနှင့် ကုန်သွယ်မှုကို ထိခိုက်ခိုက်နိုင်မည့် ကန့်သတ်ချက်များသည် "၎င်းတို့၏ အကျိုးစီးပွားနှင့် မကိုက်ညီ” ဟု ဖြည့်စွက် ပြောကြားသည်။

 

ထိုင်းနှင့် မြန်မာမှ စစ်တပ်နှင့် အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်များသည် ရင်းနှီးသော ပုဂ္ဂိုလ်ရေး ပူးပေါင်းမှုများကို ကာလရှည်ကြာစွာ ထိန်းသိမ်းထားကြပြီး မြန်မာနိုင်ငံနှင့် စစ်ဆင်ရေးများတွင်လည်းကောင်း စွမ်းအင်စီမံချက်များတွင်လည်းကောင်း ပေါ်ပေါ်ထင်ထင်ပင် ဆက်လက် ပူးပေါင်းဆောင်ရွက်နေကြသည်။ ဗီယက်နမ်နှင့် မြန်မာ စစ်တပ်တို့ ၂၀၁၇ ခုနှစ်က စတင်ကာ ဖက်စပ် လည်ပတ်ခဲ့သည့် မိုင်တဲ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအဖြစ် ဆက်လက် ရှိနေဆဲ ဖြစ်သည်။

 

၎င်း မညီမျှသည့် စီးပွားရေးနှင့် နိုင်ငံရေးအရ မြန်မာနိုင်ငံနှင့် ချိတ်ဆက်မှုများသည် အာဆီယံကို အပိုင်းပိုင်း ကွဲစေခဲ့သည်။

 

တစ်ဘက်တွင် စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့က မြန်မာနိုင်ငံမှ မငြိမ်သက်မှုများအပေါ် ၎င်းတို့၏ ပြစ်တင်ရှုတ်ချမှအေပေါ် ပြတ်သားကြကာ စစ်အာဏာရှင်တို့အပေါ် ပိုမိုပြင်းထန်သည့် ချမှတ်အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုနေကြသည်။ အခြားတစ်ဘက်တွင်မူ ထိုင်း၊ လက်ရှိ အာဆီယံဥက္ကဌ အင်ဒိုနီးရှားတို့သည် မြန်မာနှင့် "အသံတိတ် သံတမန်ရေး” ကို ပုံဖော်ထုဆစ်ခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့သည်။

 

ဂျွန်လတွင် စစ်ခေါင်းဆောင်ဟောင်း Prayuth Chan-ocha ဦးဆောင်သော အိမ်စောင့်အစိုးရလက်အောက်ခံ ထိုင်းနိုင်ငံက မြန်မာစစ်အာဏာရှင်နှင့် အလွတ်သဘော ဒေသတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပြောဆိုမှု ဖန်တီး ပြုလုပ်ခဲ့သော်လည်း အာဆီယံနိုင်ငံများ၏ အရေးစိုက်မှု မခံခဲ့ရချေ။

 

အာဆီယံအဖွဲ့အတွင်း သံတမန်ရေးရာ မဟာဗျူဟာများ ကျယ်လောင်ဆူပွက်နေစဉ်မှာပင် အာဆီယံ ယူဆောင် လာသည့် ပူးတွဲတုံ့ပြန်မှုဖြစ်သော အကြမ်းဖက်မှု ရပ်တန့်ရန်၊ ပါဝင်သူများ ဆွေးနွေးရန်နှင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများပေးအပ်ရန်တို့ ပါဝင်သော ဘုံသဘောတူညီချက် ငါးချက် မှာ ယခုအချိန်ထိ အားနည်းပျော့ညံ့နေသေးသည်မှာ မငြင်းပယ်နိုင်ပေ။ သို့သော် ၎င်းအချက်များမှာ မြန်မာစစ်အာဏာရှင်က မူလက သဘောတူထားသည့် အချက်များဖြစ်သော်လည်း အကြီးအကျယ် လျစ်လျူရှုထားခြင်းဖြစ်သည်။

 

အာဆီယံသည် ၎င်း၏ ရိုးရာဖြစ်သော အထွေထွေသဘောတူညီမှု အခြေခံသည့် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်ကို ကျော်လွန် လုပ်ဆောင်ရန် လိုအပ်သည်

 

အာဆီယံသည် ၎င်း၏ ရိုးရာဖြစ်သော အထွေထွေသဘောတူညီမှုအခြေခံသည့် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်း စဉ်ကို ကျော်လွန်လုပ်ဆောင်ရန် လိုအပ်သည်ဟု ဂျကာတာ အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး စင်တာမှ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ Lina Alexandra က TIME သို့ ပြောကြားခဲ့သည်။

 

အာဆီယံသည် စစ်အာဏာရှင် စင်စစ်ကို ဟန့်တားထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည့်အတွက်အာဆီယံ အတွက် ပြောင်းလဲဖို့ တစ်ခုခု လုပ်ရမယ်ဆိုရင် အဲဒါက အဖွဲ့ဝင်အားလုံးရဲ့ အထွေထွေသဘောတူညီချက်ရမှ လုပ်ဆောင်တဲ့အချက်ပဲ ဖြစ်ပါတယ်။ မြန်မာ့အရေးမှာ ဒါက အဓိပ္ပါယ်မှ မရှိတာ။ဟု သူမက ပြောသည်။

 

မြန်မာနိုင်ငံတွင် အရပ်သားများကို ပစ်မှတ်ထားကြောင်း စစ်အာဏာရှင်ကို အကြိမ်ကြိမ် စွပ်စွဲခံနေရပြီး အကြမ်းဖက်မှုများ ဆက်လက်တိုးမြင့်လာနေချိန်တွင် အာဆီယံက "မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဆက်လက် လုပ်ဆောင်နေခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း" စက်တင်ဘာလတွင် ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ "တစ်ဘက်သတ်ဆန်သည်ဟု စစ်အာဏာရှင်ဘက်က ချက်ချင်းတုံ့ပြန်ထုတ်ဝေခဲ့သည်။

 

အာဆီယံ၏ အစွယ်ကျိုးနေသကဲ့သို့ မထိရောက်သော ရှုတ်ချပြစ်တင်ခြင်းများသည် မြန်မာနိုင်ငံမှ လူသားချင်းစာနာမှု အကျပ်အတည်းအပေါ် မဆုတ်မနစ်ကြိုးပမ်းလုပ်ဆောင်ရေး စိုးရိမ်ပူပန်နေသည့် တက်ကြွ လှုပ်ရှားသူများအတွက် စိတ်ပျက်ဖွယ်ရာများသာ တိုးပွားလာခဲ့သည်။

 

အာဆီယံက ဦးဆောင်မှု အားနည်းတဲ့နေရာမှာတော့ ထိပ်တန်းပဲ။” Justice For Myanmar ပြောခွင့်ရ မရတနာမောင်က TIME ကို ပြောကြားသည်။

 

"သူတို့ရဲ့ ဒေသတွင်း အရေးအကြီးဆုံး အကျပ်အတည်းအပေါ် မအောင်မြင်တဲ့ စုစည်းတုံ့ပြန်မှုက အာဆီယံအစိုးရတွေနဲ့ တရားမဝင် မြန်မာစစ်အာဏာရှင်နဲ့ ပုံမှန်လိုပဲ စီးပွားရေး ဆက်လက်လုပ်ကိုင်နေစေဖို့ ဖြစ်နေတယ်။”

 

ကိုးကား - TIME

 

ပုံစာ - ဩဂုတ်လ ၃ ရက် ၂၀၂၂ ခုနှစ် ဖနွမ်းပင်တွင် ကျင်းပသော ၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးတွင် လစ်လပ်နေသော မြန်မာနိုင်ငံခြားရေးဝန်ကြီးထိုင်ခုံ။ (Photo: Mohd Rasfan—AFP/Getty Images)

 

အာဆီယံ
အင်ဒိုနီးရှား
လက်နက်ထုတ်လုပ်သူများ
မြန်မာ

Share With
bap-logo