Politics
အရှေ့တောင်အာရှနှင့် လျှပ်စစ်စွမ်းအင် ကုန်သွယ်မှု ပြုရန် အိန္ဒိယ ရည်ရွယ်
လွန်ခဲ့သော တစ်နှစ် က
ဇူလိုင် ၂၂။
နယူးဒေလီသည် ၎င်း၏ တိုးလက်လာသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ဒေသတွင်း သံတမန် ဆက်ဆံမှုများ တိုးမြှင့် ရာ၌ အသုံးချရန် ရှေ့ရှုနေစဉ်အတွင်းမှာပင် မြန်မာနှင့် ထိုင်းနိုင်ငံကို ဖြတ်သန်း၍ အရှေ့တောင်အာရှနိုင်ငံများနှင့် လျှပ်စစ် စွမ်းအင် ကုန်သွယ်မှုပြုန် စဉ်းစားနေကြောင်း သတင်းရင်းမြစ် ၅ ဦးက ပြောဆိုသည်။
အာရပ်စော်ဘွားများ ပြည်ထောင်စုကဲ့သို့ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် လျှပ်စစ်စွမ်းအင်ကုန်သွယ်ရေး စတင်ရန် အိန္ဒိယ၏ အားထုတ်မှုနောက်ပိုင်းတွင် ဓာတ်အားလိုင်းချိတ်ဆက်မှုများပြီးစီးရန် အနည်းဆုံး လေးနှစ်ခန့် ကြာမြင့်နိုင် သည်ဟု လုပ်ငန်းပိုင်းအရာရှိတစ်ဦးက ပြောကြားသည်။
စွမ်းအင်ဝန်ကြီးဌာနမှ အရာရှိ လေးဦးအပါအဝင် သတင်းအရင်းအမြစ်များက ယခင် အစီရင်မခံခဲ့သည့် အများပြည်သူသို့ ဖော်ပြခြင်းမပြုခဲ့သော စီမံကိန်းများကဲ့သို့ပင် အမည်ဖော်ပြရန် ငြင်းဆိုခဲ့ကြသည်။ အိန္ဒိယ ဖက်ဒရယ် စွမ်းအင်ဝန်ကြီး ဌာနသည် မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်မှု မပြုခဲ့ပါ။
အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၏ အစိုးရသည် ဒေသတွင်း တရုတ်လွှမ်းမိုးမှုကို တွန်းလှန်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုနီးကပ်သော နိုင်ငံရေး၊ စီးပွားရေး ချိတ်ဆက်မှုများ တိုးမြှင့်ရန် ကြိုးစားနေသည်။
အိန္ဒိယနိုင်ငံ ဂိုအာပြည်နယ်၌ ကျင်းပနေဆဲဖြစ်သော G20 ဝန်ကြီးများအစည်းအဝေးတွင် အိန္ဒိယ၏ စွမ်းအင်အရာရှိများက ဒေသတွင်း စွမ်းအင်လိုင်း အပြန်အလှန်ချိတ်ဆက်မှုကို တိုးမြှင့်ရန် အချို့နိုင်ငံများနှင့် သီးခြားခွဲ၍လည်းကောင်း အစုအဖွဲ့ လိုက်သော်လည်းကောင်း ဆွေးနွေးမှုများပြုလုပ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနအရာရှိများက ပြောကြားသည်။
ဝန်ကြီးဌာနအရာရှိတစ်ဦးက G20 အဖွဲ့ဝင်များ၏ ထောက်ခံအားပေးမှုသည် ဘဏ်များနှင့် တည်ဆောက်ရေး လုပ်ကိုင်သူ များ၏ ရင်းနှီးမြှပ်နှံမှုဆုံးဖြတ်ချများ ချမှတ်ရာတွင် ကျောထောက်နောက်ခံပြုမှုကို ရရှိရေး သော့ချက်ဖြစ်သည်ဟု ပြောကြားသည်။
အိန္ဒိယသည် ဈေးနှုန်းသတ်မှတ်ခြင်းအပါအဝင် အဓိက စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် စည်းမျဉ်းမူဘောင် ပြင်ဆင် ရေးကို ပြင်သစ် နိုင်ငံစုံ လျှပ်စစ်အသုံးချမှု ကုမ္ပဏီ EDF နှင့် ပူးပေါင်းလုပ်ကိုင်နေကြောင်း လုပ်ငန်းဆိုင်ရာ အရာရှိက ပြောကြားသည်။
EDF ကို မှတ်ချက်ပေးရန် တောင်းဆိုခဲ့ရာ ချက်ချင်းတုံ့ပြန်မှု မရရှိသေးပါ။
“အိန္ဒိယ အမျိုးသား ဓာတ်အားလိုင်းကွန်ရက်နဲ့ မြန်မာနိုင်ငံကို ချိတ်ဆက်နိုင်ပြီဆိုတာနဲ့ အဲဒီက ဓာတ်အားလိုင်းကွန်ရက်ကို ခိုင်မာအားကောင်းအောင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ရှေ့ဆက်လက်ပြီး ထိုင်းနိုင်ငံနဲ့ အာရှအရှေ့ပိုင်းကိုပါ ဆက်လက် ပို့လွှတ်နိုင်မှာပါ။” ဟု လုပ်ငန်းဆိုင်ရာ အရာရှိက ပြောကြားသည်။
ဥရောပမှသည် အရှေ့တောင်အာရှဒေသများအထိ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းကွန်ရက်ချိတ်ဆက်မှုကို ရင်းနှီး မြှပ်နှံမှုနှင့် အစိုးရ စိတ်ဝင်စားမှုများ ရရှိလာစဉ်အတွင်းမှာပင် ပင်လယ်ရေအောက် ကြိုးချိတ်ဆက်မှု ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ဓာတ်အားလိုင်းကွန်ရက်အတွက် ကုန်ကြမ်းပစ္စည်းများ ဈေးမြင့်လာခြင်းနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများက ၎င်းစီမံကိန်းများ အောင်မြင်နိုင်မှုကို မေးခွန်းထုတ်မှုများ မြင့်တက်လာသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဒေသတွင်းဓာတ်အားလိုင်းကွန်ရက်တည်ဆောက်၍ နိုင်ငံစုံ ဓာတ်အားကုန်သွယ်မှုပြုလုပ်ရန် ကြိုးပမ်းနေသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ပြီဖြစ်သော်လည်း နိုင်ငံများအကြား နှစ်နိုင်ငံသဘောတူညီမှုများမှာ တိုးတက်မှု အကန့်အသတ်ရှိနေခဲ့သည်။
အိန္ဒိယ၏ လက်ရှိ ၁၇၇ ဂစ်ဂါဝပ်ထုတ်လုပ်နေသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှုကို ၂၀၃၀ ခုနှစ်တွင် ၅၀၀ ဂစ်ဂါဝပ် အထိ တိုးမြှင့်ရန် စီစဉ်ထားသည်။ တိုးမြှင့်ထုတ်လုပ်မှုပမာဏတွင် နေရောင်ခြည် စွမ်းအင်စီမံကိန်းများလည်း အဓိက ပါဝင်မည်ဟု ခန့်မှန်းရသည်။
၎င်းအားထုတ်မှုသည် နေ့ဘက် နေရောင်ခြည်စွမ်းအင် နာရီပိုမို ရရှိအောင် ပြုလုပ်ခြင်းဖြင့် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုနေရမှုကို လျှော့ချိနိုင်မည်ဖြစ်သည်ဟု လုပ်ငန်းဆိုင်ရာ အရာရှိက ပြောကြားသည်။
ဒေသတွင်း နိုင်ငံချင်း ဓာတ်အားလိုင်းချိတ်ဆက်မှုအတွက် သယ်ယူပို့လွှတ်မှု ဝန်ဆောင်ခသည် အဓိက စိန်ခေါ်မှု ဖြစ်သည်ဟု ဒုတိယ လုပ်ငန်းဆိုင်ရာ အရာရှိက ပြောကြားသည်။
နိုင်ငံချင်း ချိတ်ဆက်မှုသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပေါင်းစပ်ရန် ဒေသတွင်းနိုင်ငံများ၏ အရင်းအမြစ်များ စုပေါင်း၍ ပင်လယ်အောက်နှင့် ကုန်းတွင်း နှစ်ခုလုံး ချိတ်ဆက်ရမည်ဖြစ်သည်ဟု ၎င်း အရာရှိကပင် ပြောကြားသည်။
အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် ဘူတန်နိုင်ငံတို့ကို ဓာတ်အားတင်ပို့မှု ပြုလုပ်နေပြီ ဖြစ်ပြီး မြန်မာနိုင်ငံသို့ အလွန်နည်းပါးသော ပမာဏသာ ပို့လွှတ်နေသော်လည်း စီမံကိန်းအသစ်တွင် အမြောက်အများ တင်ပို့ရန် စီစဉ်ထားသည်။
ကိုးကား -Reuters
ပုံစာ - အောက်တိုဘာလ ၁၃ ရက် ၂၀၂၁ ခုနှစ် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် လျှပ်စစ်တာဝါတိုင်များအနီး အလုပ်လုပ်နေသည့် လုပ်သားများ။ ( REUTERS/Francis Mascarenhas/File Photo)
Related Articles
- မြန်မာနိုင်ငံမှ ဝမ်းနည်းဖွယ်အခြေအနေများ အတွက် တရုတ်တွင် တာဝန်ရှိကြောင်း MI6 အကြီးအကဲပြောကြား
- တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကြီးနှင့် အရှေ့အာရှမှ အဆင့်မြင့် သံတမန်တို့ ဆိုက်ဘာတိုက်ခိုက်မှုခံရ
- အာဆီယံဟာ အားကောင်းတဲ့ဦးဆောင်မှုကို လိုအပ်နေကြောင်း အင်ဒိုနိုင်ငံခြားရေး ဝန်ကြီးဟောင်းက တိုက်တွန်း
- ထိုင်းနှင့်တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှု သုံးကြိမ် ပြုလုပ်မည်