bap-logo
Politics

အာဆီယံဟာ အားကောင်းတဲ့ဦးဆောင်မှုကို လိုအပ်နေကြောင်း အင်ဒိုနိုင်ငံခြားရေး ဝန်ကြီးဟောင်းက တိုက်တွန်း

y5wJOYuPheZ8seEk_SrnV-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၁။

 

ကမ္ဘာတစ်ဝှမ်း သံရေးတမန်ရေးဆောင်ရွက်ရ ခက်ခဲတဲ့ ယနေ့လိုပြောင်းလဲမှုတွေ လျှင်မြန်စွာဖြစ်ထွန်းနေတဲ့အချိန်မျိုးမှာ အာဆီယံအနေနဲ့ အားကောင်းတဲ့ ခေါင်းဆောင်မှုနဲ့ အမြော်အမြင်တွေရှိဖို့လိုအပ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဖြစ်တဲ့ ဒေါက်တာ Marty Natalegawa က ဆိုခဲ့ပါတယ်။

 

တွေ့ဆုံဆွေးနွေးဖို့၊ ညှိုနှိုင်းဖို့၊ စေ့စပ်ဆောင်ရွက်ဖို့ ပြောတဲ့သူတွေက ရွှေပြည်အေးမူဝါဒကို လက်စွဲကိုင်သူ၊ ဒါမှမဟုတ် လက်မခံနိုင်လောက်တဲ့ လုပ်ဆောင်မှုတွေကို ကာကွယ်ပေးနေသူပဲလို့ ပြောဆိုခံနေရကာ သံတမန်ရေးနဲ့ နိုင်ငံရေး ဦးဆောင်မှုတွေက ထိုးနှက်ခံနေရပါတယ်။  အာဆီယံရဲ့မကြာသေးခင်က သမိုင်းကြောင်းအရ ယနေ့မှာ ၎င်းရဲ့ အားအနည်းဆုံး အနေအထားကို ရောက်ရှိနေပါတယ် လို့ အသက် ၆၀ ရှိ ဒေါက်တာ  Natalegawa က ဆိုခဲ့ပါတယ်။

 

အာဆီယံဟာ ၎င်းတို့အချင်းချင်းအကြား မဟာဗျူဟာမြောက် ယုံကြည်မှုတစ်ခုကို တည်ဆောက်တဲ့နေရာမှာ အောင်မြင်ခဲ့ပေမယ့် ကျွန်တော်တို့က ဒီလောက်နဲ့အားရကျေနပ်နေရမှာမဟုတ်ဘဲ ဒီယုံကြည်မှုဆိုတာကို  တစ်ဆက်တည်း ဆက်လက်ဖြစ်တည်နေဖို့လိုပါတယ် လို့ ထိပ်တန်းသံအမတ်ဟောင်းဖြစ်တဲ့ ဒေါက်တာ  Natalegawa က ဆိုခဲ့ပါတယ်။

 

ပြည်တွင်းစစ်မီးထဲကို ခုန်ဆင်းစေခဲ့တဲ့ မြန်မာရဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုကလည်း သိပ်ဆိုးရွားလွန်းခဲ့ကြောင်း၊ ဒီ့အပေါ် အာဆီယံရဲ့ သံတမန်ရေးအရ ဘက်ပေါင်းစုံ၊ အသွင်မျိုးစုံနဲ့ ကြိုးပမ်းမှုတွေရှိနေချိန်မှာ အာဆီယံ နိုင်ငံတစ်နိုင်ငံချင်းဆီရဲ့ မြန်မာ့အရေးအပေါ်တုန့်ပြန်မှုတွေဟာ ကွဲပြားခြားနားနေပြီး မူဝါဒအရလည်း ရေမျှောကမ်းတင် ဖြစ်နေတာ ပေါ်လွင်နေကြောင်း ၎င်းက ဆိုခဲ့ပါတယ်။

 

တပြိုင်တည်းလုပ်လို့ရတဲ့နောက်တစ်ခုက မြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ ရပေမယ့် ယခုအချိန်ထိ အဲ့လို လုပ်ငန်းစဥ်မျိုး ရှိမနေတာပါပဲ။ အင်ဒိုနီးရှားကလည်း အာဆီယံရဲ့ အလှည့်ကျဥက္ကဌအဖြစ် ၎င်းရဲ့ဦးဆောင်မှုကို ဆောင်ရွက်ရမှာဖြစ်ပြီး တချိန်တည်းမှာပဲ အဖွဲ့ရဲ့ စည်းလုံးမှုကို ထိန်းသိမ်းနိုင်ရမှာပါ လို့ မြန်မာ့အရေးမှာ အာဆီယံရဲ့ တစ်နိုင်ငံတစ်မှုဖြစ်နေပုံကို ၎င်းက ထောက်ပြခဲ့ပါတယ်။

 

အာဆီယံပြင်ပက နိုင်ငံအများက အရှေ့တောင်အာရှနိုင်ငံတွေ တစ်စုတစ်ပေါင်းတည်းရှိတဲ့ အဖွဲ့အနေနဲ့ အာဆီယံ ကို ချဥ်းကပ်ကြတာဖြစ်ပါတယ်။ ဒါဟာ အရှေ့တောင်အာရှက အရေးပါတယ်လို့ သတ်မှတ်ခံရတယ်ဆိုတာ ရှင်းလင်းပေမယ့် အာဆီယံရဲ့အရေးပါမှုကို အသိအမှတ်ပြုတယ်လို့ အလိုအလျောက် ပြန်ဆိုလို့မရပြန်ပါဘူး။ ခု လက်ရှိအနေအထားကို အာဆီယံက သူ့ဘာသာကျေနပ်နေမယ်ဆိုရင် ဘေးဖယ်ခံရဖို့စွန့်စားရာကျနေတယ်ဆိုတာ သိပ်သေချာနေပါတယ် လို့ အဖွဲ့အနေနဲ့ စည်းရုံးမှဖြစ်မယ့်အကြောင်းကို ၎င်းက သတိပေးပြောကြားခဲ့ပါတယ်။

 

အာဆီယံနိုင်ငံတွေမှာ ကွဲပြားခြားနားတဲ့ နိုင်ငံခြားရေးမှုဝါဒတွေဟာ အပြစ်အနာအဆာမဟုတ်ဘဲ သွင်ပြင် တစ်ရပ်သာ ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုလို နိုင်ငံမျိုးက အသိအမှတ်ပြုဖို့ သိပ်အရေးကြီးပါတယ်။ အမေရိကန်၊ ဒါမှမဟုတ် တရုတ်နဲ့ အခြားနိုင်ငံတွေရဲ့အမြင်မှာ အာဆီယံမှာ နိုင်ငံတွေက ၎င်းတို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် (တနည်း) လုပ်ပိုင်ခွင့်ကို တန်ဖိုးထားလက်ကိုင်ပြုထားကြတယ်ဆိုတာကို အသိအမှတ်ပြုဖို့ အရေးကြီးပါတယ် လို့ အာဆီယံနဲ့နိုင်ငံကြီးတွေကြား ဆက်ဆံရေးအပေါ် ၎င်းရဲ့အမြင်ကို ဆိုခဲ့ပါတယ်။

 

ကိုးကား - The Straight Times

 

Burma Associated Press

 

အာဆီယံ
မြန်မာ
အင်ဒိုနီးရှား

Share With
bap-logo