bap-logo
Politics

ရုရှားကျူးကျော်စစ် တစ်နှစ်ပြည့်ခါနီး ဘိုင်ဒင် ကိဗ်ယက်ကို တိတ်တဆိတ်သွားရောက်

PUFNnBzRxNtmHs1Hs5Y-X-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၁

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် တနင်္လာနေ့က ယူကရိန်းမြို့တော် ကိဗ်ယက်သို့ ရှောင်တခင် သွားရောက် လည်ပတ်ပြီး စစ်ပွဲမပြီးမချင်း ယူကရိန်းဘက်က ရပ်တည်မည်ဟု ကတိပြုပြောကြားခဲ့သည်။

 

"ပြီးခဲ့တဲ့ တစ်နှစ်လောက်က ပူတင်စတင်ကျူးကျော်တုန်းက ယူကရိန်းကို အစွမ်းအစမရှိတဲ့ နိုင်ငံ၊ အနောက် နိုင်ငံတွေကို သွေးခွဲတဲ့အဖွဲ့တွေလို့ ထင်ခဲ့ပုံပဲ။ သူတို့က ကျွန်တော်တို့ထက်ပင် သက်ဆိုးရှည်မယ်ပေါ့။ အဲဒီလို ထင်ခဲ့တာ သူ့အတွက် မဟာအမှားကြီးပါပဲ" ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

 

"ယူကရိန်းတို့ ဆုံးရှုံးခဲ့ရတာတွေ အဆမတန် ကြီးမားလွန်းနေတယ်။ ပေးဆပ်မှုတွေက ပိုလို့တောင် ကြီးမား သေးတယ်။ လာမယ့်နေ့ရက်တွေ၊ သတင်းပတ်တွေ၊ နှစ်တွေ ခက်ခဲဦးမယ်ဆိုတာကိုလည်း ကျွန်တော်တို့ နားလည် ထားပါတယ်။"

 

ရုရှားတပ်ဖွဲ့များသည် ကျူးကျော်စစ်စတင်ပြီးမကြာ မီကိဗ်ယက်မြို့ရိုးထိ အလျင်အမြန် ရောက်ရှိသွားပြီး ရက်ပိုင်း အတွင်း သိမ်းယူတော့မည်ဟု အများကယူဆခဲ့ကြသော်လည်း ယူကရိန်းတပ်ဖွဲ့များ၏ မထင်မှတ်ဘဲ ပြင်းထန်သော တွန်းလှန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

 

ထိုအချိန်မှစ၍ ယူကရိန်းအရပ်သားများနှင့် နှစ်ဖက်တပ်ဖွဲ့ဝင်များ ထောင်ချီသေဆုံး၊ မြို့ကြီးများ ပျက်စီးပြီး မြို့နေ ပြည်သူ သန်းချီ ထွက်ပြေးခဲ့ရသည်။

 

အနောက်နိုင်ငံများက ကိဗ်ယက်အတွက် စစ်ရေးအကူအညီ ဘီလျံပေါင်းများစွာ ပေးအပ်ထားသည့်တိုင် ရုရှားက ၎င်းတို့အနေဖြင့် ယူကရိန်းနယ်မြေ ငါးပုံတစ်ပုံ သိမ်းယူထားပြီးဖြစ်ကြောင်း ပြောဆိုထားသည်။

 

သမ္မတဘိုင်ဒင် ရုတ်တရက်လာရောက်မှုနှင့်ပတ်သက်ပြီး "၁၅ နှစ်အတွင်း အမေရိကန်သမ္မတ တစ်ဦး ယူကရိန်းကို ပထမဆုံးအကြိမ်လာရောက်တာဟာ ယူကရိန်း-အမေရိကန် ဆက်ဆံရေးသမိုင်းတစ်လျှောက် အရေးအပါဆုံး လာရောက်လည်ပတ်မှု ဖြစ်ပါတယ်" ဟု သမ္မတဇလန်းစကီးက ပြောကြားခဲ့သည်။

 

သမ္မတဘိုင်ဒင်သည် ပိုလန်နိုင်ငံမှ ညအိပ်ရထားဖြင့် ယူကရိန်းမြို့တော်သို့ သွားရောက်ခဲ့ကာ နံနက် ၈ နာရီတွင် ရောက်ရှိပြီး နေ့လယ် ၁ နာရီတွင် ပြန်ခဲ့ကြောင်း ဝေါစထရိဂျာနယ် အိမ်ဖြူတော်သတင်းထောက်တစ်ဦးက ဖော်ပြသည်။

 

အမေရိကန်သမ္မတက ကိဗ်ယက်သို့ရောက်ခိုက် သန်း ၄၅၀ တန်ဖိုးရှိ လက်နက်ကြီးကျည်၊ သံချပ်ကာဖျက်စနစ်၊ လေကြောင်းကာကွယ်ရေး ရေဒါစနစ်နှင့် စွမ်းအင်အခြေခံ အဆောက်အအုံအကူအညီ အပါအဝင် နောက်ထပ် အကူအညီ သန်း ၄၆၀ ပေးအပ်မည်ဟု ကြေညာခဲ့သည်။

 

ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိူးဇက်ဘိုရေးလ်ကလည်း အီးယူအနေဖြင့် ရုရှားကျူးကျော်စစ် တစ်နှစ်ပြည့်မတိုင်မီ ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်သွားမည်ဖြစ်ကြောင်း ပြောကြားထား သည်။

 

Source – Reuters

ပုံစာ - အမေရိကန်သမ္မတဘိုင်ဒင်နှင့် ယူကရိန်းသမ္မတို့အား ကိဗ်ယက်မြို့ စိန့်မိုက်ကယ်ဘုရားကျောင်းအနီး တွေ့ရပုံ။

 

Burma Associated Press

ယူကရိန်း
ဂျိုးဘိုင်ဒန်
တိုက်ပွဲ
ရုရှား

Share With
bap-logo