bap-logo
Politics

ယူကရိန်းစစ်ပွဲကို သင်ခန်းစာယူ၍ ထိုင်ဝမ်က တိုက်ခိုက်ရေးဒရုန်းများ အရှိန်မြှင့်ထုတ်လုပ်မည်

LNKkRS77XtlFYY_fpL_mG-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ

 

ထိုင်ဝမ်အစိုးရသည် လက်ရှိဖြစ်ပွားလျှက်ရှိသော ယူကရိန်းစစ်ပွဲမှ ရရှိထားသော သင်ခန်းစာများနှင့် တရုတ်၏ ခြိမ်းခြောက်မှုကို ထည့်သွင်းစဉ်းစားကာ ကိုယ်ပိုင်တိုက်ခိုက်ရေးဒရုန်းများ အရှိန်မြှင့် ထုတ်လုပ်သွားရန် စီစဉ်လျှက် ရှိကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ရက်တွင် ပြောကြားသည်။

 

ရုရှားကျူးကျော်စစ်နောက်ပိုင်း မောင်းသူမဲ့လေယာဉ်များသည် ရုရှားနှင့် ယူကရိန်းနှစ်ဖက်စလုံးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး ဒရုန်းများကို ခေတ်သစ်စစ်ပွဲ၏ အနာဂတ်အဖြစ် မှတ်ယူထားကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားသည်။

 

တစ်နေ့တခြား ကြီးထွားလာသည့် ပေကျင်းအစိုးရ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည့် ထိုင်ဝမ်အစိုးရက ၎င်းတို့အနေဖြင့် ယူကရိန်းစစ်ပွဲကို အနီးကပ်စောင့်ကြည့်လျှက်ရှိပြီး ယူကရိန်းစစ်တပ်က အင်အားသာလွန်သည့် ရုရှားတပ်များကို တွန်းလှန်တိုက်ထုတ်ပုံအပါအဝင် တရုတ်ကျူးကျော်လာပါက သင်ခန်းစာများကို လက်တွေ့ အသုံးချရန် လေ့လာသင်ယူနေကြောင်း အကြိမ်ကြိမ်ပြောဆိုထားသည်။

 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Sun Li-fang က "အခုလက်ရှိ ရန်သူရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ရော၊ ယူကရိန်း-ရုရှားစစ်ပွဲက ဒရုန်းအသုံးပြုမှု အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ဒရုန်းအမျိုးမျိုး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထုတ်လုပ်မှုကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ဒရုန်းထုပ်လုပ်ရေးပရောဂျက်များကို စစ်တပ်ပိုင် Chung-Shan အမျိုးသားသိပ္ပံနှင့် နည်းပညာတက္ကသိုလ်က ဦးဆောင်မည်ဖြစ်ကာ အခြားသောအရပ်ဘက် ကုမ္ပဏီများလည်း ပါဝင်လာမည်ဟု ၎င်းက ဆက်ပြောသည်။

 

အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ "အခုသူတို့အသုံးပြုနေတဲ့ ဒရုန်းအမျိုးအစား၊ စွမ်းရည်နဲ့ နည်းပညာပိုင်းအရ ဆိုရင် ကျွန်တော်တို့ရဲ့ ဒရုန်းတွေလည်း နိုင်ငံတကာစံချန်မီနေပါပြီ" ဟု နည်းပညာတက္ကသိုလ်၏ လေကြောင်း စနစ်များ သုတေသနဌာမှ ဒါရိုက်တာ Chi Li-ping က ရှင်းပြသည်။

 

ယမန်နှစ် လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာတစ်စောင်တွင် နည်းပညာတက္ကသိုလ်က ၎င်းတို့၏ ဒုံးကျည် နှင့် ဒရုန်းထုတ်လုပ်ရေးအစီအစဉ်များကို ချပြခဲ့သလို အမည်မဖော်ပြသည့် တိုက်ခိုက်ရေးဒရုန်းများ ထုတ်လုပ် သွားမည်ဖြစ်ကြောင်းလည်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာထားခဲ့သည်။

 

Source – CNA/ TheJapanTimes

 

ပုံစာ Chung-Shan အမျိုးသားသိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ စစ်ဘက်သုံး Albatross ဒရုန်း။

 

Burma Associated Press

တိုက်ပွဲ
ရုရှား
ထိုင်ဝမ်
တရုတ်
ယူကရိန်း

Share With
bap-logo