bap-logo
Politics

ထိုင်ဝမ်စစ်တပ်ထံ လက်နက်ရောင်းချပေးမှု ဖြင့် အမေရိကန်ကုမ္ပဏီနှစ်ခုကို တရုတ်က ပိတ်ဆို့အရေးယူ

eZaY4dBOdKWZjYqd8kzQY-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၁၆

 

တရုတ်အစိုးရသည် ထိုင်ဝမ်စစ်တပ်ကို လက်နက်ရောင်းချမှုဖြင့် အမေရိကန် ကာကွယ်ရေးလက်နက် ထုတ်လုပ် သည့် ကုမ္ပဏီများဖြစ်သည့် Lockheed Martin နှင့် Raytheon ကုမ္ပဏီခွဲတစ်ခုကို ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ယနေ့ကြေညာလိုက်သည်။

 

အဆိုပါပိတ်ဆို့အရေးယူမှုအရ Lockheed Martin ကုမ္ပဏီနှင့် Raytheon Technologies ကုမ္ပဏီခွဲ တစ်ခု ဖြစ်သည့် Raytheon ဒုံးကျည်နှင့်ကာကွယ်ရေးလက်နက် ထုတ်လုပ်သည့်ကုမ္ပဏီတို့မှာ တရုတ်နိုင်ငံသို့ ၎င်းတို့၏ ကုန်ပစ္စည်းတင်သွင်းခြင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုအသစ် ပြုလုပ်ခွင့်မရှိကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

အဆိုပါအမေရိကန်ကုမ္ပဏီများသည် နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေး သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို အန္တရာယ်ဖြစ်စေနိုင်သောကြောင့် "ယုံကြည်၍မရသော ကန့်သတ်ကုမ္ပဏီများ စာရင်း" တွင် ထည့်သွင်းလိုက်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

 

တရုတ်အစိုးရ၏ ဒဏ်ခတ်မှု မည်သည့်အတိုင်းအတာထိ သက်ရောက်နိုင်သည်ကို မသိရသေးပေ။

 

အမေရိကန်သည် တရုတ်နိုင်ငံသို့ လက်နက်နည်းပညာရောင်းချမှု အများစုကို တားမြစ်ထားသော်လည်း အချို့သော စစ်ဘက်ဆိုင်ရာကန်ထရိုက်တာများမှာ လေကြောင်းဆိုင်ရာ အရပ်ဘက်စီးပွားရေး လုပ်ငန်းများနှင့် အခြားစျေးကွက်များတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ရှိနေသည်။

 

အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင်ဆက်ဆံရေး မရှိသော်လည်း ကျယ်ပြန့်သော စီးပွားရေးနှင့် အလွတ် သဘော ဆက်ဆံရေးရှိသည်။ ဖက်ဒရယ်ဥပဒေအရ ဝါရှင်တန်အစိုးရသည် ထိုင်ဝမ်နိုင်ငံအနေဖြင့် ပြည်ပရန်ကို ကိုယ်တိုင်ခုခံနိုင်ရန် ကာကွယ်ရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် တာဝန် ရှိသည်။

 

ထို့အပြင် အမေရိကန်သည် ထိုင်ဝမ်အတွက် စစ်လက်နက် အများဆုံးရောင်းချပေးထားသည့်နိုင်ငံလည်း ဖြစ်သည်။

 

ပြီးခဲ့သည့် စက်တင်ဘာလက Raytheon ဒုံးကျည်နှင့်ကာကွယ်ရေးလက်နက် ထုတ်လုပ်သည့် ကုမ္ပဏီသည် အမေရိကန်၏ ထိုင်ဝမ်အတွက် ဒေါ်လာ ဒဿမ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချမှု ပက်ကေ့ချ် တစ်စိတ်တစ်ပိုင်းအနေဖြင့် ထိုင်ဝမ်စစ်ဘက်ဆိုင်ရာရေဒါစနစ် အဆင့်မြှင့်တင်ရေးအတွက် ဒေါ်လာ ၄၁၂ သန်းတန် ကန်ထရိုက်စာချုပ်တစ်ခု ရရှိခဲ့ပြီး Boeing Defense က ဒေါ်လာ ၃၅၅ သန်းတန် Harpoon ဒုံးကျန်ရောင်းချမှု ကန်ထရိုက်စာချုပ် ရရှိခဲ့သည်။

 

Lockheed Martin သည် ထိုင်ဝမ်စစ်တပ်အား ရေဒါ၊ ရဟတ်ယာဉ်များနှင့် လေကြောင်းထိန်းချုပ်ရေး ကိရိယာ များ ရောင်းချထားသည့်ပြင် ထိုင်ဝမ် ကိုယ်ပိုင်တိုက်လေယာဉ်နှင့် ဖရီးဂိတ်စစ်သင်္ဘော တည်ဆောက်ရေးတွင် လည်း ပါဝင်ကူညီလျှက်ရှိသည်။

 

Source/ပုံ - AP/Reuters

Burma Associated Press

 

တရုတ်
အမေရိကန်
လက်နက်
ထိုင်ဝမ်

Share With
bap-logo