bap-logo
Politics

ရှမ်းမြောက်တိုက်ပွဲကြောင့် လားရှိုးမှာ စစ်ဘေးရှောင်ရသူ ငါးထောင်ကျော် ရှိလာပြီ

LB3mwtByEgxXzlw432_sY-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၃၀။

 

ရှမ်းပြည်နယ် မြောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်၊ လားရိူးမြို့ မှာ စစ်ဘေးရှောင်သူ ,၀၀၀ ကျော် ရှိပြီး၊ အရေးပေါ်အကူညီတွေ လိုအပ် နေတယ်လို့ စစ်ရှောင်တွေကိုကူညီပေးသူအချို့ဆီကသိရပါတယ်။

 

လက်ရှိ လားရှိူးမြို့နယ်မှာ စစ်ဘေးရှောင်စခန်း (၁၀) နေရာထိ ရှိလာပြီဖြစ်ပြီး စစ်ရှောင်စခန်းအများစုမှာ အကူအညီ မရသေးဘဲရှိနေတယ်လို့ အကူအညီ ပေးနေသူအချို့ကပြောပါတယ်။

 

"ရာသီဥတုကလဲအေးလာတော့ အနွေးထည်တွေလိုတယ်၊ ခြင်ထောင်ရောပေါ့၊ တချို့စခန်းတွေဆို စားစရာ တောင် မလုံလောက်တော့ဘူး "လို့ စစ်ရှောင်တွေကို အကူညီပေးနေသူတဦးက BAP ကို ပြောပါတယ်။

 

စစ်ရှောင်တွေအတွက် စားသောက်ကုန်ပစ္စည်းတွေအပြင် အနွေးထည်၊ အိပ်ယာ၊ စောင်အထူ၊ ခြင်ထောင်နဲ့ ဆေးဝါး အချို့ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို အကူညီပေးနေသူတွေကပြောပါတယ်။

 

စစ်ဘေးရှောင်တွေဟာ လားရိူးမြို့က မန်ဆူဘုန်းကြီးကျောင်း၊ ဟိုနမ့်ဘုန်းကြီးကျောင်း ဟိုပိတ်ဘုန်းကြီးကျောင်း၊ မိုင်းတင်ဘုန်းကြီးကျောင်း၊ ကုန်းဆာ ဘုန်းကြီးကျောင်း၊ ပန်နားဘုန်းကြီးကျောင်း၊ အထက်မန်အိုင် ဘုန်းကြီး ကျောင်း၊ တာပုံဘုန်းကြီးကျောင်း၊ ကောင်းခန်ဘုန်းကြီးကျောင်း၊ ပန်နားဘုန်းကြီးကျောင်း၊ မိုင်းကြပ်ဘုန်းကြီး ကျောင်းတွေမှာ ခိုလှုံနေကြရပြီး မြို့ခံပရဟိတအဖွဲ့တွေက ကူညီနေကြတယ်လို့ အသိပေးထားပါတယ်။

 

စစ်ဆင်ရေးအမှတ်-၁၀၂၇ လို့ပေးထားပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်း အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

 

"တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတော့ ဒီထက်ပိုဆိုးလာဖို့ပဲရှိတယ်၊ နေရာအသစ်တွေ ထပ်လိုလာနိုင်မယ်၊ ခုချိန် ထိတော့ စစ်ကောင်စီထွေအုပ်တို့ဘာတို့က ကူညီတာမရှိသေးဘူး"လို့ စစ်ရှောင်တွေကို အကူအညီ ပေးနေသူ တစ်ဦးက BAP ကို ပြောပါတယ်။

 

ရှမ်းမြောက် စစ်ဘေးရှောင်တွေကိုကူညီဖို့ ရပ်ဝေးရောက်ရှိနေတဲ့ ရှမ်းပြည်သားအချို့ အလှူငွေကူညီမူတွေ ပြုလုပ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ - လူမှုကွန်ရက်

 

Burma Associated Press

၁၀၂၇ စစ်ဆင်ရေး
လားရှိုးမြို့
ဒုက္ခသည်စခန်း
အရပ်သား

Share With
bap-logo