bap-logo
Article

အာဏာသိမ်းစစ်အုပ်စုရဲ့ နေဝင်ချိန်အစလား

EIO8d7hvsesxHujNM1j_H-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာရဲ့လတ်တလော ပဠိပက္ခအသွင်တစ်ခုဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက တပ်မတော်ကို ဖက်ပြိုင် အံတုတိုက်ခိုက်ခြင်းဖြစ်ရပ်တွေဟာ မြန်မာရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးအခင်းအကျင်းသစ်တစ်ရပ်ရဲ့ ရှေ့ပြေးနိမိတ် တစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုက ထိန်းချုပ်ထားတဲ့နယ်မြေတချို့နဲ့ နယ်စပ်အခြေစိုက်စစ်စခန်းတွေကို  မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့က စစ်ဆင်ရေး ၁၀၂၇ ခေါင်းစဉ်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက အရှိန်မြှင့်ဖြစ်ပွားခဲ့ပါတယ်။ 

 

ယခုကဲ့သို့ ပူးပေါင်းထိုးစစ်ဆင်မှုရဲ့အောင်မြင်မှုဟာ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်တော်လှန်နေတဲ့ အခြား သော လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ထောက်ခံမှုကိုပါရရှိခဲ့ပြီး ပြီးခဲ့တဲ့လကဆိုရင်  တရုတ်နဲ့ အိန္ဒယ နယ်စပ်ရှိ မြို့များ အပါအဝင် အရေးပါတဲ့နေရာတချို့နဲ့ ကင်းစခန်းများကိုပါ ပြည်သူ့စစ်လက်နက်ကိုင် တပ်ဖွဲ့အမျိုးမျိုးက စစ်အုပ်စု လက်ထဲကနေ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဒီတိုက်ပွဲတွေရဲ့ရလဒ်ကို ဘယ်လိုပုံဖေါ်မလဲဆိုတဲ့မေးခွန်းကို ယခု‌‌ ပြောမယ့်အဓိကအချက်နှစ်ချက်ကတော့ အဖြေပေးနိုင်မှာပါ။ ပထမတစ်ချက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့   အာဏာသိမ်းစစ်အုပ်စုရဲ့တပ်တွေအပေါ်  ထိုးစစ်ဆင်မှုအရှိန်ကို ထိန်းနိုင်မလား ဆိုတာနဲ့ ဒုတိယတစ်ချက်ကတော့ တပ်မတော်က တန်ပြန်ထိုးစစ်ဆင်မှုကိုဆင်နွှဲပြီး ၎င်းရဲ့အင်အားကို ပြန်လည်စုဖွဲ့နိုင်မလား ဆိုတာပါပဲ။

စစ်အုပ်စုဟာ ၎င်းတို့လက်ထဲ အာဏာလက်ဝယ်မြဲနိုင်ဖို့အရေး အရပ်ဖက် ပစ်မှတ်တွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာမို့ မြန်မာမှာ စစ်ဗိုလ်တွေကို လူကြိုက် အတော်နည်းပါတယ်။

 

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက စစ်မြေပြင်မှာအသားစီးရနေတယ်ဆိုတဲ့ ညွှန်ပြမှုအများအပြားလည်း ရှိနေပါ တယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ ဖိနှိပ်ရက်စက်မှုတွေကြောင့် လက်နက်စွဲကိုင် တိုက်ခိုက်ပုန်ကန်သူတွေဖက်က လူကြိုက်များထောက်ခံမှုတွေကို မျှော်မှန်းနိုင်ပါတယ်။ လက်နက်စွဲကိုင်တော်လှန်မှုတွေမှာ ဒေသခံပြည်သူတွေရဲ့ ထောက်ခံမှုတွေဟာ အတော်လေးအရေးပါအရာရောက်ပြီး တော်လှန်‌ရေးတပ်ဖွဲ့တွေကို စစ်ရေးအရအရေးပါတဲ့သတင်း၊ ပစ္စည်းနဲ့ လူအင်အားတွေကို ထောက်ပံ့‌ပေးနိုင်ပါဝာယ်။ 

 

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီက စစ်အာဏာသိမ်းပြီးနောက်မှာ အာဏာသိမ်းစစ်အုပ်စုက လူ နှစ်သောင်းနီးပါးကို ထောင်သွင်း အကျဉ်းချခဲ့ပြီး လူ တစ်သန်းနီးပါးကို နေရပ်စွန့်ခွာရှောင်ပြေးစေခဲ့ပါတယ်။ အတိုက်အခံတွေရဲ့အင်အားစုဖွဲ့မှုကို ထိန်းချုပ် နိုင်ဖို့ အာဏာသိမ်းစစ်အုပ်စုက ဖြတ် လေး ဖြတ် စီမံချက်တွေကိုလည်း အရပ်သားပြည်သူတွေအပေါ် ကျင့်သုံးခဲ့ပါတယ်။ စစ်အုပ်စုဟာ ၎င်းတို့လက်ထဲ အာဏာလက်ဝယ်မြဲနိုင်ဖို့အရေး အရပ်ဖက်ပစ်မှတ်တွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာမို့ မြန်မာမှာ စစ်ဗိုလ်တွေကို လူကြိုက်အတော်နည်းပါတယ်။

 

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေက တပ်မတော်စစ်စခန်းအများအပြားကို အလျင်အမြန်သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်မြင်မှု တွေကနေလည်း၎င်းတို့အတွက် ထပ်ဆောင်းလက်နက်ရိက္ခာအမြောက်အမြားကို ရရှိစေနိုင်ခဲ့ပါတယ်။ လူမူကွန်ယက် တွေမှာ ပျံ့နှံ့နေတဲ့ပုံတွေအရ တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်တပ်ရဲ့သံချပ်ကာယာဉ်တွေနဲ့ လက်နက်ကြီးတွေကိုပါ သိမ်းပိုက်ရရှိထားကြောင်းသိရပါတယ်။ ဒီသိမ်းပိုက်ရရှိမှုတွေကနေ တပ်မတော်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ထပ်မံ ဆောင်ရွက်နိုင်ပါသေးတယ်။

 

ဖြစ်ပွားနေတဲ့ စစ်မြေပြင်တွေမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေက လက်ဦးမှုရယူနိုင်ခဲ့ပြီး တပ်မတော်က ၎င်းတို့ရဲ့နေရာ စစ်စခန်းအတော်များများကို ဆုံးရှုံးခဲ့ရကာ ရှေ့တန်းစစ်စခန်းတချို့ကနေ တပ်ဆုတ်ခွာ‌ပေးရမှုတွေရှိခဲ့ပါတယ်။ စစ်ရေး စစ်ရာမှာ လက်ဦးမှုရယူနိုင်ရေးဟာ အ‌ရေးကြီးသလို သူတစ်လူ၊ ငါတစ်မင်း လွတ်လပ်စွာလှုပ်ရှားမှုတွေကလည်း  ရည်ရွယ်ချက်တစ်ခုတည်း၊ ခြေတစ်လှမ်းတည်းရှိဖို့ ရန်သူကို တွန်းအားပေးရာ‌ရောက်တယ်ဆိုတဲ့ စစ်ရေးသီအိုရီကလည်း စောဒကတက်စရာပါ။

 

ဒါပေမယ့် ဒီသီအိုရီဟာ လက်တွေ့ကိုရင်ဆိုင်ရတဲ့အခါမှာ အားပျော့သွားနိုင်ပါတယ်။ တပ်မတော်အနေနဲ့ ၎င်းဆုံးရှုံးသွားတဲ့ တပ်စခန်းတွေကို တန်ပြန်ထိုးစစ်ဆင်ပြန်လည်ရရှိဖို့အတွက် ထိရောက်တဲ့ခုခံမှုတွေကို ဆောင်ရွက်နိုင်ဖို့ ပြန်လည် စုဖွဲ့နိုင်ပါ့မလား။ ယခုချိန်ထိ‌တွေ့ရသမျှတော့ ဒါဟာ တပ်မတော်အတွက် မဖြစ်နိုင်သေးတဲ့ လုပ်ဆောင်ချက်တစ်ရပ်ပါပဲ။

 

တပ်မတော်ဟာ ဆန်မရှိဘဲ အစားကြီးတဲ့ပုံပေါက်နေပါတယ်။  အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်မတော်ဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စေ့စပ်ဆွေးနွေးတာအပြင်  မကြာ သေးခင်ကမှ စစ်တပ်ထောက်ခံ ခရိုနီတစ်ဦး ရန်ကုန်မြို့မှာ ပစ်ခတ်လုပ်ကြံခံရတာကို ကြည့်ခြင်းအားဖြင့် စစ်အုပ်စုရဲ့ထိန်းချုပ်နယ်မြေတွေအတွင်းမှာရှိနေတဲ့ ပကဖ လို တပ်ဖွဲ့တွေ နဲ့လည်း စေ့စပ်ဆွေးနွေးဖို့လိုနေပါတယ်။

 

မကြာသေးခင်ကပြုလုပ်ထားတဲ့ စစ်တမ်းတစ်ခုအရ တပ်မတော်မှာ စစ်မှုထမ်းပုဂ္ဂိုလ် ၁၅၀,၀၀၀ ဦးခန့်ရှိပြီး တိုက်ပွဲဝင် တိုက်ခိုက်နိုင်တဲ့အင်အားစုက ၇၀,၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ကိန်းကဏန်းတွေကို ခြုံငုံပြောရမယ်ဆိုရင် ဗီယက်နမ် ပြည်တွင်းစစ်ရဲ့စစ်ပွဲအရှိန်အမြင့်ဆုံးမှာ အမေရိကန်ဟာ သူ့ရဲ့တပ်ဖွဲ့ဝင် တစ်သန်းခွဲနီးပါးကို ဗီယက်နမ်တဝှမ်း တပ်ဖြန့် ချထားခဲ့တာပါ။

 

မြန်မာမှာယခုဖြစ်နေတဲ့ စစ်ရေးပဠိပက္ခတွေနဲ့ ဗီယက်နမ်စစ်က နှိုင်းယှဉ်ပြောနိုင်တာမျိုးမဟုတ်ပေမယ့် အာဏာသိမ်း စစ်အုပ်စု ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုအတိုင်းအတာကို ဒီကိန်းကဏန်းတွေက ပုံဖေါ်ပေးပါတယ်။ ဆက်စဉ်းစားရင် ထူထပ်တဲ့ တောတွေ၊ မြင့်မားတဲ့တောင်တန်းတွေနဲ့ ဖွဲ့စည်းထားတဲ့မြန်မာဟာ ဗီယက်နာမ်ထက် ပထဝီနယ်နိမိတ်ပိုကျယ်ပြန့်ပြီး အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်မတော်ဟာ နိုင်ငံတဝှမ်းက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို ရင်ဆိုင်တိုက်ခိုက် နေရတာပါ။ 

မြန်မာမှာယခုဖြစ်နေတဲ့ စစ်ရေးပဠိပက္ခတွေနဲ့ ဗီယက်နမ်စစ်က နှိုင်းယှဉ် ပြောနိုင်တာမျိုးမဟုတ်ပေမယ့် အာဏာသိမ်း စစ်အုပ်စု ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အတိုင်းအတာကို ဒီကိန်းကဏန်းတွေက ပုံဖေါ်ပေးပါတယ်။

 

တပ်မတော်ရဲ့ နိမ့်ပါး‌နေတဲ့စိတ်ဓာတ်ဟာ သက်သေပြစရာမလိုအောင် အထင်အရှားပဲဖြစ်ပါတယ်။ စစ်စခန်းတချို့က တပ်မတော်သားတွေဟာ မတိုက်ခိုက်ဘဲ လက်နက်ချအရှုံးပေးလိုက်တာတွေ (သို့မဟုတ်) လက်နက်မချခင် မထိရောက်တဲ့ ခုခံမှုတွေကိုသာ ပြုလုပ်ခဲ့တာကို သတင်းတွေမှာတွေ့ရပါတယ်။ တချို့ဖြစ်ရပ်တွေမှာဆိုရင် စစ်စခန်းတွေကို စွန့်ပစ်ခဲ့ပြီး အိန္ဒိယဖက် ဝင်ရောက်ခိုလှုံခဲ့တဲ့ တပ်မတော်သားတွေလည်း ရှိပါတယ်။ 

 

နယ်စပ်ဒေသတွေမှာ တပ်မတော်ရဲ့အခင်းအကျင်းတွေ ဆုံးရှုံးလာတာနဲ့ လူဦးရေထူထပ်ရာအရပ်တွေနဲ့ ၎င်းရဲ့စစ် အခြေစိုက်စခန်းတွေကို တပ်ဆုတ်လာမှုတွေဖြစ်လာနိုင်ပါတယ်။ ကျေးလက်ဒေသအများစုကို ထိန်းချုပ်လာနေတဲ့  လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့  ယင်းဒေသတွေမှာ ခုခံတိုက်ခိုက်ခြင်းဖြင့်လည်း အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်ဖွဲ့တွေကို အဆက်အသွယ်ဖြတ်တောက်နိုင်ပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့တွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့တပ်ဆုတ်အောင် လုပ်နိုင်ကောင်း ပေမယ့် လက်နက်စွဲကိုင်တော်လှန်တိုက်ခိုက်မှုတစ်ခုကို လေကြောင်းအင်အားတစ်ခုတည်းနဲ့ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။

 

ဗီယက်နာမ်စစ်ပွဲအကြောင်း တဖန်ပြန်လှည့်ရရင် အမေရိကန်ဟာ ဗုံးတန်ချိန် ငါးသန်းကျော်ကို လေကြောင်းကနေ ပစ်ချခဲ့ပေမယ့်လည်း စစ်ပွဲမှာရှုံးခဲ့တာပါပဲ။

 

အာဏာသိမ်းစစ်အုပ်စုက သူ့တပ်မတော်ကြီးရဲ့ မကြုံစဖူး ရှုံးနိမ့်မှုကို ငေးစိုက်ကြည့်နေခြင်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရှေ့တိုးတိုက်ခိုက်မှုကို တွန်းအားပေးရာရောက်ပါတယ်။ 

 

ဖြုတ်ချဖို့ရာအတွက်သာရည်ရွည်တဲ့ တိုက်ပွဲတွေထက်စာရင် ငြိမ်းချမ်းစွာနဲ့အာဏာလွှဲပေးဖို့ အတင်းအကျပ် စေ့စပ် ညှိနှိုင်းခြင်းကသာ ပိုသာလွန်မှာပါ။ မြန်မာမှာ သွေးလွှမ်းမှုတွေက ယခုလောက်နဲ့တင်တော်လောက်ပါပြီ။ တိုင်းပြည်ဟာ ဒီမိုကရေစီပန်းပွင့်လန်းဖို့ အခွင့်အ‌ရေးနဲ့ ထိုက်တန်ပါတယ်။

 

(cna news ရဲ့ "Myanmar's military stares at defeat as rebel forces go on the offensive" ကို ဘာသာပြန်သည်။)

 

Burma Associated Press

စစ်ကောင်စီ
အာဏာသိမ်းမှု
မြန်မာ

Share With
bap-logo