Politics
နာတာရှည်သမားတွေအတွက် ဆေးပစ္စည်းတွေ ပြတ်လပ်
လွန်ခဲ့သော ၇ လ က
သြဂုတ် ၁၅။
ရန်ကုန်မြို့က ဆေးနဲ့ဆေးပစ္စည်းအရောင်းဆိုင်တွေမှာ နာတာရှည်လူမမာတွေသုံးစွဲနေရတဲ့ ဆေးဝါးတွေ စျေးမြင့်တက်နေပြီး ပစ္စည်းအများအပြားပြတ်လပ်နေတယ်လို့ ဆေးဆိုင်အချို့ဆီက သိရပါတယ်။
"စျေးကမငြိမ်တော့ ကုမ္ပဏီတွေကလည်းလိုသ လောက် မချပေးဘူး၊ ဆယ်မျိုးရှိရင် ၈ မျိုးလောက်ကပြတ်နေတယ်၊ အားလုံးနီးပါးက နိုင်ငံခြားကသွင်းရတော့ ထိန်းနေရတဲ့သဘောမျိုး" လို့ ရန်ကုန်မြို့ ဗိုလ်ချုပ်စျေးက ဆေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
နိုင်ငံခြားငွေဈေးမြင့်တက်လာမှုကြောင့် နိုင်ငံခြားကနေ အများဆုံးသွင်းနေရတဲ့ ဆေးဝါးဈေးနှုန်းတွေမြင့်တက်နေပြီး၊ ဆေးကုမ္ပဏီအများစုက အရောင်းပိတ်ထားတာရှိနေတယ်လို့ အရောင်းဆိုင်အချို့ဆီက သိရပါတယ်။
နေ့စဥ်သုံးစွဲနေရတဲ့ နှလုံး၊ သွေးချို၊ ဆီးချို၊ သွေးတိုး ကျောက်ကပ် ကင်ဆာရောဂါအမျိုးမျိုးသောက်တဲ့ ဆေးဝါးတွေဈေးနှုန်းကြီးမြင့်လာတာအပြင် ဝယ်ယူရခက်ခဲနေတယ်လို့ ဆေးအသုံးပြုသောက်သုံးနေရသူတွေက ဆိုပါတယ်။
နှလုံး၊ အသည်း၊ ကျောက်ကပ်၊ ဆီးချို စတဲ့ဆေးသောက်သုံးနေရတဲ့ အခြေခံလူတန်းစားအချို့က ဆေးပြတ်လတ်မူဒဏ်၊စျေးနူန်းကြီးမြင့်ပြီးဝယ်သောက်နေရတာကြောင့် အချို့ဆေးမသောက်ပဲ နေနေကြရတယ်လို့ ပြောပါတယ်။
"နေ့စဉ်သောက်နေရတဲ့ ဆီးချို၊ နှလုံး၊ သွေးတိုး ကျောက်ကပ်ဆေးတွေ သောက်နေကျတံဆိပ်တွေမရှိတော့ဘူး၊ ပြတ်နေတာများတော့ ရတာပဲယူရတယ်၊ အချို့ဆိုင်ဆိုတန်းစီစနစ်နဲ့ဝယ်ခဲ့ရတယ်၊ မရတဲ့ဆေးများတယ် ဈေးက ၃ ဆ လောက်မြင့်သွားတာ၊ အချို့ဆေးတွေဆိုဝယ်မသောက်နိုင်တော့လို့ ဖြတ်ထားရတယ်"လို့ နှလုံးရောဂါအတွက် ဆေးသောက်နေရတဲ့ ရန်ကုန်မြို့ခံတဦးကပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းယူပြီး ၃ နှစ် ကျော်ကာလအတွင်းမှာ မြန်မာကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းနေပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ အဆမတန်မြင့်တက်နေတာကြောင့် နာတာရှည်ဆေးသောက်နေရတဲ့သူတွေ ဒုက္ခရောက်နေကြရတယ်လို့ ဆိုပါတယ်။
"အရင်တလဆေးဖိုး ၄ သောင်းဝန်းကျင်ပဲကုန်တာ၊ ခုနောက်ပိုင်းတသိန်းကျပ်နားကပ်နေပြီ၊ ရေရှည်မသောက်နိုင်တော့ဘူး၊ အရေးကြီးတဲ့၂မျိုးလောက်ပဲသောက်တယ်၊ ဒီထက်စျေးကြီးလာရင် မသောက်တော့ဘူး၊ သေခါမှသေတော့"လို့ ရန်ကုန်မြို့က အငှားယာဥ်မောင်းတဦးက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းကို ပြည်ပကနေဆေးဝါးတင်သွင်းရာမှာ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလာဒေ့ရှ်၊နဲ့ တရုတ်နိုင်ငံတို့ကနေ အများဆုံးတင်သွင်းနေတယ်လို့ သိရပါတယ်။
ဆေးတွေကစျေးကြီးပြီးပြတ်လပ်မူတွေကြောင့် ရပ်ကွက်အတွင်းဖွင့်ထားတဲ့ အထွေထွေရောဂါကုဆေးခန်းတွေလဲ စျေးမြင့်ကာ ကုသနေရတယ်လို့ ရန်ကုန်မြို့ခံဆရာဝန်တဦးက ပြောပါတယ်။
"အရင်ကတုပ်ကွေးဖျားတာမျိုးဆေးခန်းပြရင်တသောင်းကျပ်ပဲယူရတာ၊ ခုဒီလပိုင်းဆေးစျေးတက်တော့ တသောင်းခွဲယူရတယ်၊ သောက်ဆေးရော ထိုးဆေးပါစျေးအကုန်တက် ပစ္စည်းကပြတ်နဲ့တုပ်ကွေးရာသီဆိုတော့ အားလုံးခက်ခဲနေကြရတယ်" လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကတော့ ဆေးကုမ္ပဏီတွေက ပြည်သူတွေ လိုအပ်နေတဲ့ ဆေးဝါးတွေကို တိုက်ရိုက်ရောင်းချပေးမယ်လို့ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD) ကနေ ထုတ်ပြန်ထားပါတယ်။
Burma Associated Press
Related Articles
- မြန်မာစစ်တပ် 'စိုးရိမ်ကြောက်မက်ဖွယ်' နှုန်းဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်နေမှု ဟု ကုလသတိပေး
- ပအိုဝ်းနယ်မှာ တကျော့ပြန်တိုက်ပွဲ စိုးရိမ်လို့ ဒေသခံတွေ တိမ်းရှောင်နေကြ
- တိုက်ပွဲရှောင်တဲ့ ဆီဆိုင်မြို့ခံတွေ မြို့ထဲပြန်ဝင်ရင် စစ်ကောင်စီကို ကျပ် ငါးသောင်းပေးရ
- မြန်မာနိုင်ငံတွင် အရပ်သားများအပေါ် ပစ်မှတ်ထားမှု ကုလစိုးရိမ်
- ပြင်ပဆွဲခန့် ဆရာမတွေကိုပေးဖို့ ငွေကြေး ကျောင်းသားတွေဆီက ကောက်ခံ
Top News
လွန်ခဲ့သော ၁၈ ရက် က
လွန်ခဲ့သော ၂၂ ရက် က
လွန်ခဲ့သော ၂၂ ရက် က