bap-logo
Politics

မြန်မာနိုင်ငံတွင် အရပ်သားများအပေါ် ပစ်မှတ်ထားမှု ကုလစိုးရိမ်

QxYU5PFZy2E5YqT2QB7mK-image

လွန်ခဲ့သော ၂ လ က

 

အရပ်သားများကို တိုက်ရိုက်ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကိုင်တပ်ဖွဲ့များက ကလေးသူငယ်များကို ဖမ်းဆီးမှုနှင့် အတင်းအကျပ် တပ်သားစုဆောင်းမှုများအကြား မြန်မာနိုင်ငံတွင် ပဋိပက္ခ ဆက်လက်ဆိုးရွားလာခြင်းကို ကုလသမဂ္ဂ အကြီးတန်း အရာရှိများက စိုးရိမ်ကြောင်း ပြောသည်။

 

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် Alice Wairimu Nderitu နှင့် အကာအကွယ်ဆိုင်ရာ တာဝန်ယူမှု ကုလသမဂ္ဂ အထူးအကြံပေး Mô Bleeker တို့၏ ပူးတွဲကြေငြာချက်တွင် အသစ်ပြန်လည်စတင်လာသည့် တိုက်ပွဲများ၏ အရပ်သားများအပေါ် သက်ရောက်မှုကို အလေးပေးဖော်ပြထားသည်။

 

ဘာသာ၊ လူမျိုး၊ မူလဇာတိ၊ ကျား၊မ၊ နိုင်ငံရေးဆက်နွယ်ချက်များနှင့် မသက်ဆိုင်ဘဲ လူသားတိုင်းကို ကာကွယ်ရေးအတွက် စစ်တပ်က လိုက်နာလုပ်ဆောင်ရန် အလေးပေးဖော်ပြထားသည်။

 

အမုန်းစကားများကို ဖော်ထုတ်ဖြေရှင်းရန်နှင့် တန်ပြန်လုပ်ဆောင်ရန်၊ ခွဲခြားဆက်ဆံခြင်း၊ ရန်လိုခြင်း၊ လူနည်းစုများအပေါ် အကြမ်းဖက်ခြင်းတို့ပြုလုပ်ရန် လှုံ့ဆော်မှုများကို တားဆီးရန်လိုအပ်သကဲ့သို့ အရပ်သားပြည်သူတစ်ရပ်လုံးကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများမှ ကာကွယ်ရန်လည်း မြန်မာစစ်တပ်တွင် တာဝန်ရှိသည်။ဟု ၎င်းတို့က အလေးအနက် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံမှ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ ပိုမိုဆိုးရွားလာပြီး ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူ လူပေါင်း သုံးသန်းအပါအဝင် လူဦးရေ ၁၈. သန်းမှာ အကူအညီနှင့် ကာကွယ်မှုများလိုအပ်နေသည် ကုလသမဂ္ဂသတင်းတွင် ဖော်ပြထားသည်။

 

မိုးသည်းထန်စွာ ရွာသွန်းခြင်းများ၊ အဖျက်အင်အားကြီးသည့် မုန်တိုင်းများစသည့် ဆိုးရွားပြင်းထန်သည့် ရာသီဥတုအခြေအနေက အိမ်များ၊ စိုက်ခင်းများနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်များကို ဖျက်ဆီးကာ အတိဒုက္ခများ တိုးပွားလာစေကြောင်း၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် အဆိုးရွားဆုံး ထိခိုက်ခံစားရသူများဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

 

ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများ၊ ကူညီထောက်ပံ့ရေး လုပ်သားများနှင့် ပစ္စည်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် အကူအညီပေးအပ်ရန် ကြိုးပမ်းမှုများကို အတားအဆီးဖြစ်စေသည်ဟု ကုလကဆိုသည်။

 

ပြီးခဲ့သည့်လက ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ဂိုထောင်ကို လုယက်ခံခဲ့ရပြီး၊ မီးရှို့ခံခဲ့ရကာ လူဦးရေ ၆၄,၀၀၀ အတွက် တစ်လစာ စားနပ်ရိက္ခာများ ဖျက်ဆီးခံခဲ့ရသည်။

 

၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နှင့် တုန့်ပြန်မှု စီမံကိန်းအတွက် လိုအပ်သည့် ရန်ပုံငွေ မပြည့်မီသေးသောကြောင့် အထောက်အပံ့အစီအစဉ်များအတွက် အရင်းအမြစ်များမှာ အဓိက စိန်ခေါ်မှု တစ်ခုအဖြစ် ကျန်ရှိနေသည်ဟု ဆိုသည်။ ဒေါ်လာ ၉၉၄ သန်း လိုအပ်ချက်အတွက် ၁၂ ရာခိုင်နှုန်းသာ ရရှိထားသည်ဟု ကုလသတင်းတွင် ဖော်ပြထားသည်။

 

ကိုးကား - UN News

ပုံစာ - ကယားပြည်နယ်မှ ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်သူများစခန်း တစ်ခု။ (UNOCHA/Siegfried Modola)

 

Burma Associated Press

မြန်မာ
အရပ်သား
စစ်တပ်
အာဏာသိမ်း

Share With
bap-logo