Politics
မြန်မာစစ်တပ် 'စိုးရိမ်ကြောက်မက်ဖွယ်' နှုန်းဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်နေမှု ဟု ကုလသတိပေး
လွန်ခဲ့သော ၆ လ က
မြန်မာနိုင်ငံတွင် ပဋိပက္ခများ တိုးပွားလာမှုကြောင့် လွန်ခဲ့သည့် ခြောက်လအတွင်း လူပေါင်း သုံးသန်းကျော် နေရပ်စွန့်ခွာခဲ့ရသည်ဟု ကုလစုံစမ်းစစ်ဆေးသူများက ပြောသည်။
မြန်မာစစ်တပ်၏ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှုများမှာ "စိုးရိမ်ထိတ်လန့်ဖွယ်” နှုန်းဖြင့် တိုးမြင့်လာနေသည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက သတိပေးသည်။
စစ်တပ်လက်အောက်တွင် စနစ်တကျ ညှင်းပန်းနှိပ်စက်မှုများ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများ၊ ကလေးသူငယ်များအပေါ် တလွဲပြုကျင့်မှုများ တိုးမြင့်လာသည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းစစ်ဆေးရေး ကုလအဖွဲ့က အင်္ဂါနေ့က ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံတဝှမ်း ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုပ်မှုတွေ၊ လူမဆန်မှုတွေကို ပြသနေတဲ့ သိသာများပြားတဲ့ သက်သေအထောက်အထားတွေ ကျွန်တော်တို့ စုဆောင်းရရှိထားပါတယ်။” ဟု ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် က ပြောသည်။
ဂျူလိုင်လ ၁ ရက် ၂၀၂၃ ခုနှစ်မှ ဂျွန်လ ၃၀ ရက် ၂၀၂၄ အထိ ကာလအတွင်း အကျုံးဝင်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ ပဋိပက္ခမှာ "နိုင်ငံတစ်ဝှမ်း ပိုမို အကြိမ်ရေ များပြားလာပြီး ရက်စက်ကြမ်းကြုပ်သည့် ပြစ်မှု ကျူးလွန်မှုများ သိသာထင်ရှားစွာ တိုးပွားလာကြောင်း” IIMM က ဖော်ပြထားသည်။
စစ်ရေးပစ်မှတ်မဟုတ်သော စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများကို လေကြောင်းမှ တိုက်ခိုက်မှုမှသည် ခေါင်းဖြတ်ခြင်း၊ ရုပ်ပျက်ဆင်းပျက်၊ လိင်ပိုင်းဆိုင်ရာ ဖြတ်တောက်ထားသည့် ခန္ဓာကိုယ်များကို အများမြင်စေရန် ပြသထားမှုတို့အထိ ပိုမိုအကြမ်းဖက်လာသော ရာဇဝတ်မှုများကို ကုလက ဖော်ပြထားသည်။
စစ်အုပ်စုက အတိုက်အခံဟု ယူဆရသူများကို ဥပဒေနှင့် မညီဘဲ ထောင်သွင်းအကျဉ်းချမှုများကိုလည်း စုံစမ်းစစ်ဆေးရေးမှူးများက ဖော်ထုတ်စစ်ဆေးထားသည်။
“ထောင်ပေါင်းများစွာ အဖမ်းခံရတယ်။ ထိန်းသိမ်းထားချိန်မှာ နှိပ်စက်ညှင်းပန်းခံရသူတွေ၊ သတ်ဖြတ်ခံရသူတွေလည်း အများကြီးပဲ” ဟု IIMM က ပြောသည်။ ထိန်းသိမ်းထားစဉ် နှိပ်စက်ညှင်းပန်းခံရမှု အထောက်အထားများလည်း ရှိသည်ဟု ဆိုသည်။
နှိပ်စက်ညှင်းပန်းသည့် နည်းလမ်းများမှာ လျှပ်စစ်ဖြင့် ရှော့တိုက်ခြင်း၊ လက်သည်းခွံများကိ ပလာယာဖြင့် ဆွဲနှုတ်ခြင်း၊ ဓာတ်ဆီလောင်း၍ မီးရှို့ခြင်းများအပါအဝင် အခြားနည်းလမ်းများပါဝင်ကြောင်း အစီရင်ခံစာက မှတ်တမ်းတင်ထားသည်။
အဓမ္မပြုကျင့်ခြင်းအပါအဝင် ရာဇဝတ်မှုများသည် ကျား၊ မ အားလုံးကို ကျူးလွန်ခြင်းဖြစ်ကာ ကလေးသူငယ်များကိုပါ ကျူးလွန်ခဲ့သည်ဟု IIMM က ရှာဖွေတွေ့ရှိခဲ့သည်။
IIMM အစီရင်ခံစာသည် သတင်းရင်းမြစ် ၉၀၀ ထံမှ သတင်းအချက်အလက်ပေါင်း ၂၈ သန်းကို အခြေခံထားခြင်းဖြစ်ကာ စစ်တပ်ကို ဆန့်ကျင်နေသည့် လက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်သော ရာဇဝတ်မှုများ၏ သက်သေအထောက်အထားများလည်း တွေ့ရှိခဲ့သည်။
တာဝန်အရှိဆုံးသူများ၏ ရာဇဝတ်မှုများကို IIMM က အမှုတည်ဆောက်နေသည်ဟု ခွန်ဂျန် က ပြောသည်။
“ဘယ်ရာဇဝတ်မှုအတွက်မှ ဘယ်သူကမှ တာဝန်မခံခဲ့ကြရပါဘူး။ အဲဒီအတွက် ကျူးလွန်သူတွေကို အားပေးအားမြှောက်ပြုနေပြီး ဒီနိုင်ငံမှာအပြစ်ပေးမှု မခံရတဲ့ ထုံးစံက နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်နေပါတယ်။” ဟု ၎င်းက ပြောသည်။
ကိုးကား - Al Jazeera
ပုံစာ - ၅၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ (UN Photo by Pierre Albouy)
Related Articles
Top News
လွန်ခဲ့သော ၄ ရက် က