bap-logo
Politics

ရုရှား၏ တတိယကမ္ဘာစစ်အတွက် ခေါင်းဆောင်များ ပြင်ဆင်ထားဟု စာရွက်စာတမ်းများ ပေါက်ကြားလာ

7lzY_J5lv5szW6pjvn73X-image

လွန်ခဲ့သော ၈ လ က

ရုရှားနိုင်ငံက ယူကရိန်းစစ်ပွဲကို ချဲ့ထွင်ကာ နေတိုးမဟာမိတ်နိုင်ငံများသို့ လာမည့်နှစ်တွင် တိုက်ခိုက်နိုင်ကြောင်း ဂျာမန်လျှို့ဝှက်စာတမ်းများက ဖော်ပြနေသည်။

 

ဂျာမန်သတင်းစာ BILD က ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ စစ်ဆင်ရေးအတွက် ဂျာမနီ၏ ပြင်ဆင်မှုအစီအစဉ်ကို ဖော်ပြထားသော လျှို့ဝှက်စာရွက်စာတမ်းများကို ဖော်ပြခဲ့သည်။

 

ဂျာမန်ကာကွယ်ရေးဝန်ကြီးထံမှ ရရှိသည်ဟု ဆိုသော သတင်းအချက်အလက်များတွင် အရှေ့ဥရောပသို့ ဆိုင်ဘာထိုးစစ်ဆင်မှု အပါအဝင် ရုရှား၏ တိုက်ခိုက်မှုအတွက် ဥရောပမှ လက်နက်ကိုင်တပ်ဖွဲ့များက ပြင်ဆင်နေကြောင်း ဖော်ပြထားသည်။

 

“မဟာမိတ် ကာကွယ်ရေး ၂၀၂၄” ဆိုသည်မှာ ဖေဖော်ဝါရီလတွင် စတင်ဖွယ်ရှိသည့် ဖြစ်နိုင်ချေများအနက် တစ်ခုဖြစ်ပြီး ရုရှားစစ်သား ၂၀၀,၀၀၀ ခန့် စုဖွဲ့မှုပါဝင်သည်ဟု ဖော်ပြထားသည်။

 

တပ်ဖွဲ့များနေရာချထားပြီးသည်နှင့် အနောက်နိုင်ငံများမှ ဘဏ္ဍာရေးထောက်ပံ့မှု လျော့နည်းလာစဉ်မှာပင် ပူတင်က “နွေဦး ထိုးစစ်” တစ်ခုဖြင့် ယူကရိန်းတပ်ဖွဲ့များကို တိုက်ခိုက်ဖွယ်ရှိသည်ဟု ဖော်ပြထားသည်။

 

BILD က ဂျူလိုင်လအတွင်း ဖြစ်နိုင်ချေတစ်ခုတွင် ရုရှားက ဘောလ်တစ်ဒေသတွင် “ဆိုင်ဘာတိုက်ခိုက်မှု အမြောက်အများ” စတင်ဖွယ်ရှိပြီး အက်စ်တိုနီးရား၊ လတ်ဗီယာနှင့် လစ်သူရေးနီးယားတို့တွင် နေထိုင်သော ရုရှားလူမျိုးများ၏ မကျေနပ်မှုများ ပေါ်ပေါက်လာစေရန်ဟု ရှင်းလင်းဖော်ပြထားသည်။

 

ထို့နောက် စက်တင်ဘာလတွင် ထိပ်တိုက်ရင်ဆိုင်မှုများ မြင့်တက်လာမည်ဟု လျှို့ဝှက်စာရွက်စာတမ်းများက ဖော်ပြထားပြီး နောက်တစ်ဆင့်သို့ တက်ရန် အကြောင်းပြချက်တစ်ခုအဖြစ် ပူတင်က အသုံးချကာ ရုရှားအနောက်ပိုင်းနှင့် ဘယ်လာရုစ်တို့တွင် Zapad 2024” ဟု ခေါ်တွင်သော ရုရှားစစ်သား ၅၀,၀၀၀ ခန့်ပါဝင်သည့် ကြီးမားသော စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်မည်ဟု ဖော်ပြထားသည်။

 

စာရွက်စာတမ်းများအရ ရုရှားသည် နေတိုးနိုင်ငံများဖြစ်သော ပိုလန်နှင့် လစ်သူရေးနီးယားတို့အကြား ရုရှားနယ်မြေဖြစ်သည့် Kaliningrad သို့ တပ်ဖွဲ့များနှင့် တာလတ်ပစ် ဒုံးကျည်များ ရွှေ့ပြောင်းခြင်း ပြုလုပ်နိုင်သည်ဟု ဖော်ပြထားသည်။

 

ဒီဇင်ဘာလတွင် ရုရှားသည် အမေရိကန် သမ္မတရွေးကောက်ပွဲကို နယ်စပ်ပဋိပက္ခများအတွက် ဝါဒဖြန့် သတင်းများ ပိုမို ဖြန့်ချိရန် အသုံးချခြင်း သို့မဟုတ် သေဆုံးမှုများဖြစ်ပေါ်စေသည့် အဓိကရုဏ်းများ ဖြစ်ပေါ်စေကာ Suwalki ကွင်းပြင်တွင် အကြမ်းဖက်မှုများ တိုးပွားစေရန်၊ မတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန် လုပ်ဆောင်နိုင်သည်ဟု BILD က ဖော်ပြထားသည်။

 

နောက်တစ်လဖြစ်သည့် ဇန်နဝါရီ ၂၀၂၅ ခုနှစ်တွင် ရုရှားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးအပြီး ပူတင်၏ အာဏာရှင်စနစ်ကို ဆန့်ကျင်လှုပ်ရှားမှု စီစဉ်ရန် လုပ်ဆောင်သည်ဟု အနောက်မဟာမိတ်နိုင်ငံများကို စွပ်စွဲကာ ရုရှားခေါင်းဆောင်မှ ဘောလ်တစ်နှင့် ဘယ်လာရုစ်မှ တပ်ဖွဲ့များ ချီတက်စေရန် မတ်လ ၂၀၂၅ ခုနှစ်တွင် အသုံးချနိုင်သည်။

 

BILD က ဖော်ပြထားသည့် ဖြစ်နိုင်ချ ဖြစ်စဉ်အရ ပေါက်ကြားလာသော စာရွက်စာတမ်းများတွင် ဂျာမနီက ကာကွယ်ရေးအတွက် တပ်ဖွဲ့ဝင် ၃၀,၀၀၀ ချထားနိုင်ပြီး ဘယ်လာရုစ်တွင် ရုရှားတပ်ဖွဲ့ ဝင် ၇၀,၀၀၀ အခြေစိုက်ထားသည်။

 

ရုရှားတပ်ဖွဲ့များ တိုးမြှင့်လာမှုကို တုံ့ပြန်သည့်အနေဖြင့်လည်းကောင်း၊ ရုရှားနှင့် အနောက်နိုင်ငံတပ်ဖွဲ့များအကြား တိုက်ပွဲများကို ကာကွယ်ရန်လည်းကောင်း နေတိုးက “အဟန့်အတားပြုရေး ယုံကြည်စိတ်ချရရန် အစီအမံများ” မေလ ၂၀၂၅ ခုနှစ်တွင် ပြုလုပ်ဖွယ်ရှိသည်ဟု စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။

 

စာရွက်စာတမ်းများက ဖော်ပြထားသည့် ဖြစ်နိုင်ချေရှိသော ဖြစ်စဉ်တစ်ခုအတွက် ရုရှား၏ ခြိမ်းခြောက်မှုကို အလေးအနက်ထားပြီး ဂျာမန်စစ်ဗိုလ်ချုပ်ကြီးများနှင့် ဥရောပမဟာမိတ်များကို ပူးပေါင်းစေသည်ဟု BILD က ရှင်းပြသည်။

 

ရုရှားအစိုးရနှင့် ပူတင်တို့ကမူ ပဋိပက္ခကို ယူကရိန်းနိုင်ငံ နယ်နိမိတ်ကို ကျော်လွန်၍ တိုးချဲ့မည်မဟုတ်ဟု ငြင်းဆန်နေဆဲဖြစ်သည်။

 

ကိုးကား - Fox News

ပုံစာ - စက်တင်ဘာလ ၂၈ ရက် ၂၀၁၈ ခုနှစ်တွင် စစ်ရေးလေ့ကျင့်နေသော ဂျာမန်တပ်ဖွဲ့များ။

 

Burma Associated Press

ရုရှား
ယူကရိန်း
တတိယကမ္ဘာစစ်ပွဲ
စစ်ပွဲ

Share With
bap-logo