bap-logo
Politics

ထိုင်းနိုင်ငံတွင် အပန်းဖြေသည့်အနေဖြင့် ဆေးခြောက်အသုံးပြုမှု ပြန်လည် တားမြစ်မည်

VXkM9Ce1uQeZudJHRHL2G-image

လွန်ခဲ့သော ၈ လ က

 

ထိုင်းနိုင်ငံ၏ အစိုးရသစ်က အပန်းဖြေသည့်အနေဖြင့် ဆေးခြောက်အသုံးပြုမှုကို တားမြစ်မည့် ဥပဒေသစ် ပြဌာန်းရန် လုပ်ဆောင်နေပြီး အာရှတွင် ပထမဆုံး ဆေးခြောက်ပင်ကို တရားဝင်ခွင့်ပြုခဲ့မှု ၁၈ လအကြာတွင် နောက်ကြောင်းပြန်သွားခြင်းဖြစ်သည်။

 

ဥပဒေဖြေလျော့ခဲ့ခြင်းက ဆေးခြောက်လုပ်ငန်းသည် ဒေသခံများနှင့် နိုင်ငံခြားသားများအတွက် ဝန်ဆောင်မှု ပေးခြင်းဖြင့် အရှေ့တောင်အာရှတခွင်တွင် ပွင့်လန်းလာသော အကျိုးအမြတ်ရရှိသည့် လုပ်ငန်းအဖြစ် တွေ့မြင်ခဲ့ရသည်။ သို့သော် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ရှေးရိုးစွဲများ စုဖွဲ့ထားသည့် အစိုးရ အာဏာ ရလာပြီးနောက် စည်းမျဉ်းများ တင်းကျပ်ရန်နှင့် ဆေးဝါးအဖြစ်သာ အသုံးပြုခွင့်ပေးရန် ကတိပြုခဲ့သည်။

 

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဥပဒေမူကြမ်းကို အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဒဏ်ကြေးမြင့်မားစွာ ပေးဆောင်စေခြင်း သို့မဟုတ် ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်နိုင်ခြင်း သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်လုံး ကျခံစေခြင်း ပြုနိုင်သည်ဟု ဖော်ပြထားသည်။

 

ဆေးခြောက်နှင့် ဆေးခြောက် ဆက်စပ်ထုတ်ကုန်များကို ဆေးဝါးနှင့် ကျန်းမာရေးရည်ရွယ်ချက် အဖြစ်သာ ကန့်သတ်သွားမည်ဖြစ်သည်ဟု ဥပဒေတွင် ဖော်ပြထားပြီး ဝန်ကြီးချုပ် Srettha Thavisin က ၎င်း၏ အစိုးရသစ်သည် လာမည့်ခြောက်လအတွင်း ဆေးခြောက်ဥပဒေများကို “ပြင်ဆင်မည်” ဟူသည့် စက်တင်ဘာလက ကတိကဝတ်ကို ထင်ဟပ်ဖော်ပြထားခြင်းလည်း ဖြစ်သည်။

 “ကျွန်တော်တို့ ဆေးခြောက်အဆီအနှစ်နဲ့ ကုန်ကြမ်းတွေကို ဆေးအဖြစ်နဲ့ ကျန်းမာရေးအတွက်အသုံးပြုဖို့ အမြဲပဲ အလေးပေးခဲ့ပါတယ်။”

 

ဖြေလျော့ထားသည့် ဥပဒေတွင်ပင် ဆေးခြောက်ကို အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဖွာရှိုက် သောက်သုံးခြင်းသည် တရားမဝင်ပေ။ သို့သော် အဆိုပြုထားသည့် ဥပဒေအသစ်များတွင် ဆေးခြောက်အဖူးများ၊ အဆီအနှစ်များနှင့် အခြား ဆေးခြောက်ထုတ်ကုန်များ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းတို့ကို တားမြစ် သွားမည်ဖြစ်သည်။

 

အစောပိုင်း ဥပဒေကြမ်းကို နိုဝင်ဘာလက လွှတ်တော်တွင် တင်သွင်းရာ၌ အဆိုပြုမှု မအောင်မြင်ခဲ့ပေ။

 

Thavisin သည် အပန်းဖြေသည့်အနေဖြင့် ဆေးခြောက်အသုံးပြုမှုကို တားမြစ်ရန် တောင်းဆိုနေခဲ့ပြီး မီဒီယာအင်တာဗျူး အများအပြားတွင် ဆေးဝါးအလွဲသုံးစားမှုသည် “ထိုင်းနိုင်ငံအတွက် ပြဿနာကြီး တစ်ခု ဖြစ်သည်” ဟု ပြောဆိုခဲ့သည်။

 

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီး Cholnan Srikaew ကို CNN က အဆိုပြုမှုအသစ်အကြောင်း မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့သည်။

 

ဂျွန်လ ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အာရှတွင် ဆေးခြောက်တရားဝင်အသုံးပြုခွင့်ပေးသည့် ပထမဆုံး နိုင်ငံ ဖြစ်လာသည်။ နိုင်ငံအများအပြားတွင် ဆေးခြောက်ပိုင်ဆိုင်လျှင်၊ သုံးစွဲလျှင် သို့မဟုတ် ကုန်သွယ်ရောင်းဝယ် လျှင် နှစ်ရှည် ထောင်ဒဏ်ပေးခံရပြီး အချို့နိုင်ငံများတွင် သေဒဏ်အထိပါ ပေးနိုင်သည့် ကျူးလွန်မှုဟု ဒေသတွင်းတွင် သတ်မှတ်ထားချိန်၌ ရှားရှားပါးပါး ခွင့်ပြုခဲ့သည့် နိုင်ငံဖြစ်သည်။

 

ဟောင်ကောင်တွင် စိတ်ကိုမပြောင်းလဲစေသော ဆေးခြောက်ဓာတ်ပေါင်း (CBD) သည်ပင် တရားမဝင်ပေ။

 

စင်ကာပူနိုင်ငံသည် မူးယစ်ဆေးဝါး ကုန်သွယ်ရောင်းဝယ်မှုကို သေဒဏ်သတ်မှတ်ထားဆဲဖြစ်ပြီး ထိုင်းနိုင်ငံသို့ သွားရောက်သည့် စင်ကာပူတွင် နေထိုင်သူများကို နိုင်ငံခြားတွင် ဆေးခြောက်သောက်သုံးခဲ့လျှင်လည်း ပစ်ဒဏ်ချမှတ်ခံရနိုင်သည်ဟု သတိပေးထားသည်။

 

ဆေးဝါးအဖြစ် အသုံးပြုသည့် ဆေးခြောက်သည် ထိုင်းနိုင်ငံတွင် ၂၀၁၈ ခုနှစ်ကပင် တရားဝင်ခွင့်ပြုခဲ့ပြီး ဆေးခြောက်နှင့် ဆေးခြောက်လျှော်ပင် ထုတ်ကုန်များကို စိုက်ပျိုးခြင်းနှင့် ကုန်သွယ်ခြင်း၊ အပင်၏ မည်သည့်အစိတ်အပိုင်းကိုမဆို နာမကျန်းမှုကို ကုသရန် သုံးစွဲနိုင်သည်ဟု ၂၀၂၂ ခုနှစ်တွင် ပြစ်မှုမမြောက်စေရန် ဖြေလျှော့ပေးခဲ့သည်။

 

ထိုစဉ်ကပင် စတင်၍ ထိုင်းနိုင်ငံတစ်ဝှမ်း ဆေးခြောက်ကော်ဖီဆိုင်၊ ဆေးခြောက်လျှော်ပင် စပါးများနှင့် အလှအပကုသမှုဆိုင်ရာလုပ်ငန်းများကဲ့သို့သော အခြားသော ဆေးခြောက်အထူးပြု စီးပွားရေးလုပ်ငန်းများ နည်းတူ ဆေးခြောက်ဖြန့်ဝေသည့်နေရာများ အများအပြား ပေါ်ထွက်လာခဲ့သည်။  ချင်းမိုင်နှင့် မြို့တော် ဘန်ကောက်ကဲ့သို့ မြို့ကြီးများတွင် ဆေးခြောက်ပွဲတော်များ ကျင်းပကြပြီး ဥပဒေမှ ကင်းလွတ်ခြင်းသည် ကမ္ဘာလှည့်ခရီးသည်များအတွက် အဓိက စွဲဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။

 

သို့သော် ထိုင်းနိုင်ငံတွင် ဆေးခြောက်တရားဝင်ရေး အခိုင်အမာ လှုံ့ဆော်ခဲ့သည့် ကျန်းမာရေးဝန်ကြီးဟောင်း Anutin Charnvirakul က ထိုင်းလူမျိုးများနှင့် ခရီးသွားများကို အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် အပန်းဖြေသည့်အနေဖြင့် ဆေးခြောက်သောက်သုံးခွင့်ပြုရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ကြောင်း ယခင်က CNN ကို ပြောခဲ့သည်။

 

“ထိုင်းနိုင်ငံက ဆေးဝါးအဖြစ်အသုံးပြုတဲ့ ဆေးခြောက်မူဝါဒတွေကိ မြှင့်တင်သွားပါမယ်။ ဆေးခြောက်ကို အပန်းဖြေတဲ့အနေနဲ့ အသုံးပြုစေဖို့ လူအများကို စည်းရုံးလှုံ့ဆော်တာ ဒါမှမဟုတ် အခြားသူတွေကို အနှောင့်အယှက်ဖြစ်စေမယ့် နည်းလမ်းနဲ့ အသုံးပြုနိုင်စေဖို့ စဉ်းစားမှု လုံးဝမရှိခဲ့ပါဘူး။” ဟု Anutin က ပြောသည်။

 

 “ကျွန်တော်တို့ ဆေးခြောက်အဆီအနှစ်နဲ့ ကုန်ကြမ်းတွေကို ဆေးအဖြစ်နဲ့ ကျန်းမာရေးအတွက်အသုံးပြုဖို့ အမြဲပဲ အလေးပေးခဲ့ပါတယ်။”

 

ဥပဒေပြုမှုထောက်ခံလှုံ့ဆော်သူများက ဆေးခြောက်ဖွံ့ဖြိုးလာမှုသည် ထိုင်းနိုင်ငံတစ်ဝှမ်းမှ လယ်သမားများမှ အစ လုပ်ငန်းပိုင်ရှင်များ၊ ကောင်တာနောက်မှ အလုပ်သမားများအထိ ထိုင်းလူမျိုးအများအပြားကို ကူညီပေးရာ ရောက်ကြောင်း စောဒက တက်ကြသည်။

 

တိုးတက်ဖွံ့ဖြိုးနေသည့် ဒေါ်လာဘီလီယံချီသော လုပ်ငန်းနယ်ပယ်ကို ထိခိုက်စေသည့် မည်သည့်ဥပဒေပြုမှုကို မဆို ပြင်းထန်စွာ ဆန့်ကျင်ကြောင်း ဆေးခြောက်စွန့်ဦးတီထွင်သူများက ယခင်က CNN ကို ပြောခဲ့သည်။

“ဒါပေမယ့် ပေါ်ပေါက်လာမယ့် ဆေးခြောက်စည်းမျဉ်းက ဘယ်လိုပဲ ဖြစ်ပါစေ၊ ဆေးခြောက်ကို မူးယစ်ဆေးဝါး အဖြစ် သတ်မှတ်ဖို့ နောက်ပြန်သွားတာက အခုအချိန်မှာ အများကြီး နောက်ကျသွားပါပြီ။”

 

 

ထိုင်းနိုင်ငံမှ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့တစ်ခုဖြစ်သည့် အနာဂတ်ဆေးခြောက်ကွန်ရက်က အစိုးရ၏ လုပ်ဆောင် မှုကို စိတ်ပျက်ကြောင်း ဖော်ပြခဲ့ပြီး “အများပြည်သူ ပါဝင်နိုင်မှု” အရေးကြီးပုံကို အလေးပေးပြောခဲ့သည်။

 

ဆေးခြောက်တရားဝင်ရေး နှစ်ပေါင်းမျာစွာ တိုက်တွန်းခဲ့သူ ဘန်ကောက်အခြေစိုက် ဆေးခြောက် စွန့်ဦး တီထွင်သူတစ်ဦးဖြစ်သူ Kitty Chopaka က အစိုးရ၏ မစဉ်းစားဘဲ လုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်းနှင့် ၎င်းကို “မျှော်လင့်ထားပြီး ဖြစ်ကြောင်း” ပြောသည်။

 

“ဒါပေမယ့် ပေါ်ပေါက်လာမယ့် ဆေးခြောက်စည်းမျဉ်းက ဘယ်လိုပဲ ဖြစ်ပါစေ၊ ဆေးခြောက်ကို မူးယစ်ဆေးဝါး အဖြစ် သတ်မှတ်ဖို့ နောက်ပြန်သွားတာက အခုအချိန်မှာ အများကြီး နောက်ကျသွားပါပြီ။”

 

ကိုးကား - CNN

ပုံစာ - ဒီဇင်ဘာလ ၈ ရက် ၂၀၂၂ ခုနှစ် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီမြို့ရှိ Trio ဆေးဘက်ဝင်အပင်စိုက်ခင်းတွင် အသစ်ခူးဆွတ်ထားသည့် ဆေးခြောက်များကို ချိတ်ဆွဲနေသည့် စိုက်ခင်းလုပ်သားတစ်ဦး။ (Photo: Lauren DeCicca/Getty Images)

 

Burma Associated Press

ထိုင်းနိုင်ငံ
အပန်းဖြေ
မူးယစ်ဆေးဝါး
ဆေးခြောက်

Share With
bap-logo