bap-logo
Politics

ဝန်ကြီးချုပ်သက်တမ်း နောက်တစ်ခုအတွက် သတ်မှတ်ပြီးဖြစ်သည့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ

F-UvoARe2ElBSz-ir-5pX-image

လွန်ခဲ့သော တစ်နှစ် က

ဇန်နဝါရီ ၅။

 

အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ခံသူများ၏ ဓာတ်ပုံများချိတ်ဆွဲထားသည့် မဲဆွယ်စည်းရုံးရေး ကြော်ငြာများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းတွင် တိုင်များတွင် ချိတ်ဆွဲထားပြီး အများစုမှာ အာဏာရပါတီ၏ ကြော်ငြာများဖြစ်သည်။ ဝန်ကြီးချုပ် Sheikh Hasina အတွက် စတုတ္ထအကြိမ်မြောက် သက်တမ်းတိုးစေမည့် ရွေးကောက်ပွဲကို အတိုက်အခံများက သပိတ်မှောက်ထားသည်။

 

အဓိက အတိုက်အခံပါတီ Bangladesh Nationalist Party (BNP) က သပိတ်မှောက်ပြီးနောက်၊ အထည်ချုပ်လုပ်ငန်းမှ အဓိက ဖောက်သည်များဖြစ်သော အနောက်နိုင်ငံများကပင် လွတ်လပ်သော ရွေးကောက်ပွဲကို တောင်းဆိုခဲ့သည့်နောက်ပိုင်း အခွင့်အရေးလှုပ်ရှားသူအဖွဲ့များက လူဦးရေ သန်း ၁၇၀ ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တစ်ပါတီအုပ်စိုးလုနီးပါးအခြေအနေသို့ ဦးတည်နေသည်ဟု သတိပေးထားသည်။

“ကျွန်တော့် မိသားစုတစ်ခုလုံးက Awami League အမာခံ ထောက်ခံသူတွေ ချည်းပဲ။”

 

မဲဆွယ်စည်းရုံးမှု အပြီးမသတ်မီ သောကြာနေ့က နိုင်ငံမြို့တော် ဒါကာမြို့မှ မဲပေးသူများကို တိုက်တွန်းချက်များ ဖြစ်သော နံရံများပေါ်တွင် အနီရောင်နှင့် အပြာရောင်တို့ဖြင့် “နောက်တစ်ကြိမ်၊ Sheikh Hasina”၊ သူမ၏ပါတီ သင်္ကေတဖြစ်သည့် “လှေအတွက် မဲပေးကြ” စသည့် ကြွေးကြော်သံများ ရေးသားထားကြသည်။

 

မဲရုံရလဒ် သေချာသလောက်ဖြစ်နေသော်လည်း အချို့မဲဆန္ဒရှင်များကမူ မဲပေးရန် ဆန္ဒရှိကြပုံမရချေ။

 

“ကျွန်တော် မိသားစုတစ်ခုလုံးက Awami League အမာခံထောက်ခံသူတွေချည်းပဲ။” ဟု ကျောင်းဆရာ Shayed Uz Zaman က ပြောသည်။ ၎င်းသည် ရွေးကောက်ပွဲကျင်းပမည့် တနင်္ဂနွေနေ့ကို အားလပ်ရက်အဖြစ် ဒါကာမြို့မှ ၂၀၀ ကီလိုမီတာ (၁၂၅ မိုင်) ဝေးသော Kushita ခရိုင်မှ ၎င်း၏ ရွာသို့ အလည်အပတ်သွားရောက်ရန် စီစဉ်ထားသည်။

 

“ဒါပေမယ့် ဒီတစ်ခါတော့ မဲပေးရအောင် စွဲဆောင်နိုင်မှု မရှိဘူးဗျ။ သူပဲ အာဏာဆက်ရမယ်ဆိုတာ ကျွန်တော် သိတယ်။”

 

တနင်္ဂနွေနေ့သည် မူဆလင်အများစုနေထိုင်သည့် ဘင်္ဂလားဒေ့ရှ်တွင် အလုပ်လုပ်ရက်ဖြစ်သည်။

 

အခြားသော Awami League ထောက်ခံသူတစ်ဦးဖြစ်သည့် ကုန်စုံဆိုင်ပိုင်ရှင် Minoti Rosario က “မည်သို့ပင်ဆိုစေ အာဏာရပါတီသာ အနိုင်ရမည်ဖြစ်သည့်အတွက်”သူမ၏ မဲသည် အရေးမပါဟု ပြောသည်။

 

ပါကစ္စတန်ထံမှ ၁၉၇၁ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သော တောင်အာရှနိုင်ငံ ဘင်္ဂလားဒေ့ရှ်၏ ၁၂ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှ မဲများကို တနင်္ဂနွေနေ့ ညနေတွင် ရေတွက်မည်ဟု မျှော်လင့်ရပြီး တနင်္လာနေ့တွင် ရလဒ်များ ထုတ်ပြန်မည်ဖြစ်သည်။

 

မှတ်ပုံတင်ထားသည့် မဲပေးသူ သန်း ၁၂၀ ခန့်က လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကို မဲပေးရွေးချယ်ရမည် ဖြစ်ကာ ယခုနှစ်အတွက် အကြီးဆုံးမဲပေးရွေးချယ်မှုများအနက် တစ်ခုဖြစ်သည်။ မဲပေးသူအရေအတွက်၏ တစ်ဝက်မှာ အမျိုးသမီးများဖြစ်ကြပြီး ပထမဦးဆုံးအကြိမ်မဲပေးသူ ၁၅ သန်းခန့်လည်း မဲပေးကြမည်ဖြစ်သည်။

 

မဲပေးခြင်းကို အိမ်စောင့်အစိုးရသို့ လွှဲပြောင်းလုပ်ဆောင်စေရန် BNP ၏ တောင်းဆိုမှုကို Hasina က ငြင်းပယ်ခဲ့သည့်အတွက် ၎င်းပါတီက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။

 

၇၅၀,၀၀၀ နီးပါး ရှိသည့် ရဲတပ်ဖွဲ့ဝင်များ၊ အရံတပ်ဖွဲ့များနှင့် အရံရဲများအပြင် အားဖြည့်ထားသည့် တပ်ဖွဲ့များကို မဲရုံများအား ကာကွယ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်း ဖြန့်ကျက်ထားသည်။ လူသေဆုံးမှုများရှိခဲ့သည့် ဆန္ဒပြပွဲများအပြီး အောက်တိုဘာလကုန်ပိုင်းက BNP ခေါင်းဆောင်များနှင့် အလုပ်သမားများကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

 

မဲပေးသူနည်းပါးမည်ဟု ခန့်မှန်းထားသော်လည်း နိုင်ငံရေးဆိုင်ရာ အကြမ်းဖက်မှုများအန္တရာယ်မှာ မြင့်တက်နေ သည်ဟု လွတ်လပ်သည့် ပညာရှင်များအဖွဲ့ International Crisis Group က ပြောသည်။

 

“ရွေးကောက်ပွဲက ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းပေးမှာ မဟုတ်ဘူး။” ဟု အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Pierre Prakash က ပြောသည်။ “၂၀၀၈ ရွေးကောက်ပွဲမှာ Awami League အာဏာရပြီးကတည်းက ဒီနိုင်ငံမှာ ယုံကြည်ရတဲ့ အမျိုးသားရွေးကောက်ပွဲတစ်ခုမှ ကျင်းပနိုင်ခြင်း မရှိခဲ့ဘူး။”

 

အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် Hasina ၏ ပြီးခဲ့သည့် အာဏာရ ၁၅ နှစ်တာအတွင်း စီးပွားရေးနှင့် အထည်ချုပ် လုပ်ငန်းများကို အလှည့်အပြောင်းဖြစ်စေခဲ့သည့်အတွက် အသိအမှတ်ပြုခံခဲ့ရသည်။

 

သို့သော် သူမကို အာဏာရှင်ဆန်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖြိုခွင်း နှိမ်နင်းခြင်း၊ သဘောထားမတူသူများကို ဖိနှိပ်ခြင်း၊ ၎င်းတို့အနက် အချို့ကို ထောင်ချခြင်းတို့ဖြင့် သူမကို ဝေဖန်သူ များက စွပ်စွဲကြသည်။

“ဒါပေမယ့် ဒီတစ်ခါတော့ မဲပေးရအောင် စွဲဆောင်နိုင်မှု မရှိဘူးဗျ။ သူပဲ အာဏာဆက်ရမယ်ဆိုတာ ကျွန်တော် သိတယ်။”

 

သူမ၏ အဓိက ပြိုင်ဘက်နှင့် နှစ်ကြိမ်အကြီးအကဲဖြစ်ခဲ့သည့် BNP အကြီးအကဲ Khaleda Zia ကို အာဏာ အလွဲသုံးစားမှုဖြင့် နေအိမ်အကျယ်ချုပ်ထိန်းသိမ်းထားကာ အတိုက်အခံများက သူမအတွက် တစ်ပန်းသာရန် ထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်း ပြောကြသည်။

 

Khaleda ၏ သားဖြစ်သူ Tarique Rahman သည် ပါတီ၏ ယာယီဥက္ကဌအဖြစ် တာဝန်ယူထားသော်လည်း ၎င်းအပေါ် စွဲဆိုချက်များပြုလုပ်ပြီးနောက်ပိုင်း ယခုအခါ ပြည်ပြေးအဖြစ် တိမ်းရှောင်နေရသည်။ ၎င်းက စွဲဆိုချက်များကို ငြင်းဆိုထားသည်။

 

ရုရှား-ယူကရိန်းစစ်ပွဲနောက်ပိုင်း လောင်စာဆီနှင့် အစားအသောက် သွင်းကုန်ဈေးနှုန်းများ မြင့်တက်လာသည့် အတွက် စီးပွားရေးမှာ အလွန်နှေးကွေနေခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ဒေါ်လာ ၄.၇ ဘီလီယံ ဘဏ္ဍာရေးအကူအညီ ရယူထားရသည်။

 

ကိုးကား - Reuters

ပုံစာ - ဇန်နဝါရီလ ၄ ရက် ၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ရွေးကောက်ပွဲမတိုင်မီ ဒါကာတက္ကသိုလ်တွင် ပြုလုပ်သော Awami League ပါတီ၏ ကျောင်းသား/သူအဖွဲ့ Bangladesh Chhatra League နှစ်ပတ်လည် ချီတက်ပွဲမှ ကျောင်းသား/ကျောင်းသူများ။ (Photo: REUTERS/Mohammad Ponir Hossain)

 

Burma Associated Press

ဘင်္ဂလားဒေ့ရှ်
ရွေးကောက်ပွဲ
ဝန်ကြီးချုပ်

Share With
bap-logo