bap-logo
Article

စစ်​ဘေးနိုင်ငံထဲ ကူရာမဲ့ ​ရေ​ဘေးဒုက္ခ

5W8JsNUJFYIp4og-Eag0q-image

လွန်ခဲ့သော ၄ ရက် က

စက်တင်ဘာ ၁၄။

 

ကြံပင်တောတွေကြားထဲ တစ်ညလုံး လူသေအလောင်းနဲ့ အတူရှိနေပြီး ကယ်ဆယ်မယ့်သူကို မျှော်နေတဲ့ မိန်ကလေးတစ်ယောက်ရဲ့ ဖြစ်ရပ်တစ်ခုရယ်၊ သစ်ပင်ပေါ်မှာ မိသားစုလိုက် ကလေးသေးသေးလေးပါ တစ်မနက်နဲ့ တစ်ည နေခဲ့ရတဲ့ ရေဘေးသင့် မိသားစုတွေကို ကယ်တင်နေတဲ့ ပုံရိပ်တွေကို လူမူကယ်ဆယ်ရေးအဖွဲ့အချို့က မျှဝေလာကြတာတွေဟာ ဒီရက်ပိုင်း လူမှုကွန်ယက်တွေမှာ မြင်တွေ့ရတဲ့ ဖြစ်ရပ်တွေပါ။

 

အိမ်ခေါင်မိုးပေါ်မှာ ကယ်သူမျှော်ရင်း ရေစီးနဲ့အတူ ကမ်းမမြင်တဲ့ ရွံ့ပင်လယ်ထဲ မျောပါသွားတဲ့ ဖြစ်ရပ်တွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ ရေကြီးမှုဖြစ်နေတာကို ကူညီမယ့်လက်တွေကို မျှော်နေတဲ့ အခြေနေတွေပါ။

 

လူမှုကွန်ယက်စာမျက်နှာတွေကတဆင့် သူတို့တွေ ရေဘေးဒဏ်ခံနေရလို့ ဘယ်နှစ်ရက်ရှိပြီ၊ ရေလွင်ပြင်က သစ်ပင်ပေါ်မှာ နေအိမ်ခေါင်မိုးတွေပေါ်တက်ပြီး ကူညီကြပါ၊ ကယ်ကြပါစတဲ့ အကူညီတောင်းခံသံတွေဟာ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။

 

မြန်မာပြည်နေရာအနှံ့အပြားမှာ ရေကြီးရေလျှံမှုတွေကြောင့် ပြည်သူ သေဆုံးမှုတွေ ဆက်တိုက်ဖြစ်နေပြီး ကူညီပေးတဲ့သူနဲ့ အကူညီလိုနေတဲ့နေရာတွေ မမျှဖြစ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

 

"ဒီတနေရာကူလို့မပြီး နောက်တစ်နေရာကဆက်လာတော့ အလျှင်မမှီဘူးဖြစ်နေတယ်၊ စက်လှေကလည်း ဝယ်လို့လည်းမလွယ်၊ ရှိတာလေးနဲ့ အန္တရာယ်အရှိဆုံးနေရာတွေကို ကူနေရတယ်"လို့ ကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။

 

ကျန်းမာရေးမကောင်းသူတွေဆို မသွားနိုင်လို့ ပိတ်မိနေတာတွေရှိနေတယ်၊ ရက်လောက်ထိအဆက်သွယ် ပြတ်နေကြတာတွေ ရှိနေတယ်

 

 

နေပြည်တော်၊ ပျဉ်းမနားနဲ့ တပ်ကုန်းမြို့နယ်က ရွာတွေအများအပြားရေဘေးသင့်နေရာကို လူမှုကူညီရေးအဖွဲ့တွေ သွားရောက်ကူညီနေချိန်မှာပဲ ရမည်းသင်းမြို့နယ်တွေမှာ ဆက်တိုက်ရေကြီးမှုတွေ ဖြစ်နေတာပါ။

 

တပ်ကုန်းမြို့မှာ လူနေအိမ်တွေအလုံးလိုက်မျောပါကာ လူအများအပြား သစ်ပင်တွေပေါ်တက်နေရသလို ရေနဲ့မျောပါသွားသူအချို့ဟာ ကြံခင်းတွေထဲမှာ ရေစီးနဲ့အတူမျောမပါသွားအောင် ကြံ့ကြံ့ခိုင်ရင်ဆိုင်ခဲ့ကြရတာကို လူမှုကူညီရေးအသင်းတွေ တွေ့ရှ်ိခဲ့ရပါတယ်။

 

လူမှုကွန်ယက်တွေပေါ်ကနေ ကယ်ကြပါဆိုပြီး လက်ရှိကြုံနေရတာကို live လွှင့်ပြီး အကူညီတောင်းခံတာ၊ ပိုစ့်တွေတင်ပြီး အကူညီတွေတောင်းခံနေကြပေမယ့် စစ်ကောင်စီဝန်ကြီးဌာနတွေဆီက ထိရောက်တဲ့ ထောက်ပံမှုတွေ မရခဲ့ဘူးလို့ ကယ်ဆယ်ရေးလုပ်သူတွေက ပြောပါတယ်။

 

"ရေစီးသန်နေတဲ့နေရာကို စက်လှေတွေနဲ့သွားပြီး ကယ်တင်ခဲ့ရာမှာ ကြံခင်းတွေထဲ ကြောက်လန့်နေတဲ့ ကလေးလူကြီး ၃၄ ဦးနဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိထားကြပါတယ်၊ တချို့တွေ ခေါင်မိုးပေါ်တွေ တက်နေရပြီး ကယ်ဆယ်ရေးအဖွဲ့တွေကို စောင့်နေကြတယ်၊ ရေစီးနဲ့ အတူကားတွေ ဆိုင်ကယ်တွေလည်း မျောပါနေကြတယ်၊ ပရဟိတအသင်းတွေကလည်း ရသလောက်ကယ်နေပေမယ့် အလျင်မမှီဘူး" လို့ ကယ်ဆယ်ရေးအသင်းသားတစ်ဦးက ပြောပါတယ်။

 

လက်ရှိရေစီးသန်ရာနေရာတွေမှာ ပိတ်မိနေသူတွေကိုကယ်ဖို့စက်လှေအကြီး လိုအပ်နေကြပြီး စက်လှေမလောက်ငှတဲ့ အခက်အခဲတွေကို လူမှုကူညီရေးအသင်းတွေ ရင်ဆိုင်နေရပါတယ်။

 

"ကျန်းမာရေးမကောင်းသူတွေဆို မသွားနိုင်လို့ ပိတ်မိနေတာတွေရှိနေတယ်၊ ရက်လောက်ထိအဆက်သွယ် ပြတ်နေကြတာတွေ ရှိနေတယ်၊ ကယ်ဆယ်ရေးအသင်းတွေရှိလို့ အသက်ရှင်ခဲ့ရတယ်၊ လာကယ်မှာ မျှော်လင့်နေသူတွေလည်း အများကြီးကျန်နေသေးတယ်" လို့ တပ်ကုန်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

စက်တင်ဘာလ ၁၀ ရက်ကစတင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသကမြို့နယ်တွေ ရေစတင်လွှမ်းမိုးပြီး လူသေဆုံးမှုတွေ ဆက်တိုက်ဖြစ်လာနေတာပါ။

 

စစ်ကောင်စီရဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ပြောကြားချက်အရ ရေကြီးရေလျှံမှုကြောင့် မြန်မာ နိုင်ငံ မြို့နယ်ပေါင်း ၃၄ မြို့နယ်က အိမ်ထောင်စု ခြောက်သောင်းနီးပါး ရေဘေးသင့်နေတယ်လို့ ဆိုပါတယ်။

 

ရမည်းသင်းမြို့၊ သပြေပင်ကျေးရွာမှာ မြေပြိုပြီး လူသေဆုံးမှုတွေအပြင် လူအများအပြား ပျောက်ဆုံးနေပြီး ရေပင်လယ်ကြီးဖြစ်နေတာကြောင့် ကယ်ဆယ်ရေးသမားတွေ ရှာဖွေနေရပါတယ်။

 

"စက်လှေတွေနဲ့ လာကယ်ကြတယ်တဲ့၊ ဝင်မရလို့ ပြန်ပြန်ပြီးလှည့်သွားကြတယ်တဲ့၊ လာကယ်တဲ့ ကယ်ဆယ်ရေးတစ်ဖွဲ့လည်း ရေစီးကြောင့် စက်လှေမှောက်တာတွေကြောင့် ထင်သလောက်ခရီးမရောက်ဘူး၊ လူကယ်ပြန်ဖက်ကလဲ ငြိမ်နေတယ်၊ သူ့လူသူ့အဖွဲ့ အဆင်ပြေရာနေရာကိုသာ ကူနေရတဲ့အခြေနေ ဖြစ်နေရတယ်" လို့ ရန်ကုန်မြို့ ကနေကယ်ဆယ်ရေးလုပ်ငန်း သွားရောက်နေသူတစ်ဦးက ပြောပါတယ်။

 

စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ရေဘေးသင့်ရာနေရာကိုထမင်းထုပ်လာပို့တဲ့ လှေတစ်စီး မတော်တတိမ်းမှောက်ရာကနေ ကူညီပေးသူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကူညီရေးအသင်းတွေက ပြောပါတယ်။

 

မန္တလေးတိုင်းအတွင်းက မြစ်သား၊ ပျော်ဘွယ်၊ ဝမ်းတွင်းမြို့၊ တံတားဦးမြို့နယ်တွေမှာလည်း ရေကြီးမှုကြောင့် ရွာလုံးကျွတ် ရေဘေးလွတ်ရာနေရာကို ရွှေ့ပြောင်းဖို့ အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

"ပြည်သူကိုပြည်သူကပဲ ပြန်ကူနေရတာ၊ လူကယ်ပြန်ဌာနပျောက်နေပြီ၊ လူအင်အားကလည်း မမျှဖြစ်နေရတယ်၊ အဓိက ရေလွှမ်းပြင်ဖြစ်နေလို့ စက်လှေမလောက်ငှတာက အဓိက အခက်အခဲ၊ ငွေမလိုဘူး ကယ်ပေးဖို့လှေသာ လိုနေတာပါ" လို့ မြစ်သားမြို့ကို ကူညီပေးမယ့် ပရဟိတအသင်းသားတစ်ဦးက ပြောပါတယ်။

 

အရင်ရေကြီးမှုတွေတုန်းက အလယ်ပိုင်းဒေသတွေ ရေကြီးရင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလဒေသက စက်လှေသမားတွေနဲ့ လူမူကူညီရေးအသင်းတွေ သွားရောက်ကြပါတယ်။

 

အင်းလေးမှာရော ညောင်ရွှေမှာပါ အိမ်တိုင်းရေနစ်နေတော့ အရင်တုန်းကလို သွားကူညီမှုတွေမလုပ်နိုင်တော့ စိတ်မကောင်းဖြစ်မိတယ်

 

 

ဒီနှစ်မှာတော့ ညောင်ရွှေမြို့နယ်အပါဝင် ရှမ်းပြည်နယ်က မြို့နယ်အများအပြား ရေကြီး မြေပြိုမှုတွေကြောင့် အနည်းငယ်သာ သွားရောက်နေနိုင်တယ်လို့ ရှမ်းပြည်တောင်ပိုင်းက လူမူကူညီရေးအသင်းသား တစ်ဦးက ပြောပါတယ်။

 

"အင်းလေးမှာရော ညောင်ရွှေမှာပါ အိမ်တိုင်းရေနစ်နေတော့ အရင်တုန်းကလို သွားကူညီမှုတွေမလုပ်နိုင်တော့ စိတ်မကောင်းဖြစ်မိတယ်" လို့ ညောင်ရွှေမြို့ခံ စက်လှေမောင်းသူတစ်ဦးက ပြောပါတယ်။

 

တောင်ကြီး၊ ကေလာ၊ ဟိုပုန်း၊ ဆီဆိုင်၊ လွိုင်လင်၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်တွေမှာ ရေကြီးမြေပြိုမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် မြို့ခံလူမှုကူညီရေးအသင်းတွေ အသင့်အနေအထားနဲ့ နေနေကြရတယ်လို့ ပြောပါတယ်။

 

"တောင်ကြီး-လွိုင်လင်လမ်း ရေကြီးမြေပြိုလို့ ကားတချို့ ချောက်ထဲကျတယ်၊ ဟိုပုန်းထမ်းစမ်းဂူလည်း ရေကြီးပြီး အဆောက်အဦးအချို့ပြိုတယ်၊ ရှမ်းပြည်နေရာအနှံ့ဖြစ်နေတော့ ဝေးဝေးသွားကူလို့မရနိုင်သေးဘူး" လို့ တောင်ကြီးမြို့က လူမှုကူညီရေးအသင်းသားတစ်ဦးက ပြောပါတယ်။

 

ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံ တဝန်းမှာ ရေကြီး မြေပြိုမှုတွေကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးနေရတယ်လို့ ရေဘေးကယ်ဆယ်ရေးလုပ်နေသူတွေရဲ့ စာရင်းအရ သိရပါတယ်။

 

နိုင်ငံတစ်ဝန်း ရေဘေးကြောင့် အသက်ဆုံးရှုံးရသူ ၃၃ ဦးအထိရှိနေပြီး ကူညီကယ်ဆယ်ရေးတွေ အမြန်ဆုံးရရှိအောင် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ပဲခူးတိုင်း ရေတာရှည်မြို့နယ် အရှေ့ခြမ်းက ရေဘေးသင့်ရွာတွေကို ကူညီကယ်ဆယ်ခွင့် စစ်ကောင်စီတပ်က တားမြစ်ထားတယ်လို့ မြေပြင်အခြေနေသိရှိသူတွေက ပြောပါတယ်။

 

ရေကြီးနစ်မြုပ်နေတဲ့ အရှေ့ခြမ်းကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေက ထိန်းချုပ်ထားခြင်းကြောင့်လို့ ဆိုပြီး စစ်ကောင်စီတပ်က ကယ်ဆယ်ခွင့် တားမြစ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

 

"တချို့ တော်လှန်ရေးဘက်က စခန်းတွေလည်း ရေကြီးတဲ့ထဲမှာပါတာတွေ အသက်ဆုံးရှုံးတာတွေရှိနေပါတယ်။ အများနည်းတူ ကူညီကယ်ဆယ် သွားရောက်ဖို့ ခက်ခဲတာကြောင့် ရေတွေပြန်ကျရင် စခန်းတွေပြန်လည်တည်ဆောက်ရမှာတွေ ရိက္ခာပြန်လည် စုဆောင်းရမှာတွေက ရှိလာဦးမှာပါ၊ ဒါကြောင့် အများစုပြုံလှူနိုင်တဲ့နေရာတွေကိုလည်း လှူသလို တော်လှန်ရေးဘက်က ခက်ခဲပြီး အလှူရှင်နည်းပါး သတင်းထွက်မရတဲ့နေရာတွေအတွက်လည်း ခွဲဝေပြီး မျှကူစေချင်ပါတယ်" လို့ ရေဘေးသင့်ရာဒေသတစ်ခုက တော်လှန်ရေးရဲဘော်တစ်ဦးက လက်ရှိကြုံနေရတာကို ပြောပါတယ်။

 

ရေဘေးဒုက္ခရောက်နေရသူတွေထဲက အချို့သော ဒေသခံတွေကို ပြည်သူ့ကာကွယ်ရေးတပ်က ကူညီပေးထားပေမယ့် အခက်အခဲရှိနေကြပါတယ်။

 

လူမှုကူညီရေးအသင်းအချို့ကလည်း တော်လှန်ရေးအဖွဲ့ရှိရာနေရာကို မသွားရဲတာတွေ ရှိနေတယ်လို့ လူမှုကူညီရေးအသင်းသားတစ်ဦးက ပြောပါတယ်။

 

"ကျွန်တော်တို့ပရဟိတသမားဆိုတာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီကို သွားချင်တာပါ၊ နယ်မြေမကျွမ်းလို့ မြို့ခံအသင်းတွေကို အရင် ချိတ်ရပါတယ်၊ သူတို့ကဘယ်နေရာမှာ ဘယ်လိုတားမြစ်တယ်၊ သတိထားရတယ်ဆိုပြီးပြောတော့ မသွားရတာမျိုးတော့ရှိနေတယ်" လို့ လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောပါတယ်။

 

ကရင်နီပြည်မှာ သင်ခန်းစာမစ်ရှင်လေ့ကျင့်နေတုန်း ဆေးတပ်သား ၁၈ ဦး ရေစီးကြောင့်မျောပါ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်တခု ဒီရက်ပိုင်းမှာဖြစ်ပွားခဲ့ပါသေးတယ်။

 

ကလောမှာ အိမ်အလုံးလိုက်ပြိုတာ ခေါင်မိုးထိမြုပ်တဲ့အနေအထားက တခါမှမကြုံဖူးဘူး၊ သတိ ထားပြီး နေနေရတဲ့သဘောမျိုး

 

 

အရင်က ရေကြီးမှုတွေမရှိဖူးတဲ့ ရှမ်းပြည်နယ်၊ ကလောမြို့နယ်မှာဆိုရင် မြေပြိုမှုနဲ့ ရေကြီးနစ်မြုပ်မှုကြောင့် တစ်ရာကျော် သေဆုံးခဲ့ရပါတယ်။

 

"ကလောမှာ အိမ်အလုံးလိုက်ပြိုတာ ခေါင်မိုးထိမြုပ်တဲ့အနေအထားက တခါမှမကြုံဖူးဘူး၊ သတိ ထားပြီး နေနေရတဲ့သဘောမျိုး၊ ရေကနာရီစင်ထိ ရောက်တယ်၊ မြို့လယ် ညောင်ပင်နားက မော်တော်ပီကယ်ဂိတ်ထိရောက်တယ် စဥ်းစားကြည့်တော့"လို့ ကလောမြို့ခံတဦးက ပြောပါတယ်။

 

မြို့နယ်အလိုက် လူမှုကူညီရေးအသင်းတွေကို အလွှာအသီးသီးက ပြည်သူအများစု ရေဘေးအတွက် ကူညီမှုတွေ ဆက်တိုက်လုပ်နေပေမယ့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကတော့ ကူညီဖို့နှေးကွေးနေကြတယ်လို့ ပြည်သူအချို့က ပြောပါတယ်။

 

"ရပ်ကျေးရုံးတွေပိုဆိုး အရင်တခါစစ်ရှောင်ကိစ္စတုန်းကလည်း သေချာမကူညီဘဲ ဧည့်စာရင်းတိုင်တာကအစ ရစ်နေကြတာ၊ ခုရေဘေးကိစ္စလည်း ရပ်ကွက်ကစ မြို့နယ်အသီးသီးကို ကူဖို့စလုပ်မှာ ခုက လူမှုကူညီရေးအသင်းတွေကပဲ ဦးဆောင်နေရတာ သူတို့ကဧည့်စာရင်းစစ်ဖို့ ငွေကောက်ဖို့သာ သူတို့အလုပ်"လို့ ရန်ကုန်မြို့နေသူ လူမှုကူညီရေးအသင်းသားတစ်ဦးက ပြောပါတယ်။

 

လက်ရှိလူမှုကူညီရေးအသင်းတွေကြုံနေရတာက ရှေ့ကဖြစ်တဲ့နေရာတွေကို မကယ်နိုင်သေးဘူး နောက်ထပ် ရေဘေးသင့် နေရာသစ်တွေက များများနေတယ်လို့ ဆိုပါတယ်။

 

"ဒီမနက်ကို လာကယ်ပေးပါပြောတဲ့ နေရာသစ်တွေ အများကြီးရှ်ိနေတယ်၊ ဒီထက်ရေပိုကြီးလာရင်တော့ ပရဟိတအသင်းတွေ မနိုင်ဝန်ထမ်းရတော့မယ်"လို့ လူမှုကူညီရေးလုပ်နေတဲ့ အသင်းတခုက ပြောပါတယ်။

 

စစ်ကောင်စီဖက်ကတော့ လူဦးရေ နှစ်သိန်းသုံးသောင်းကျာ်ကို ကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခုကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

 

ဒါပေမယ့်လည်း မီးသတ်တပ်ဖွဲ့အပါဝင် လူမှုကူညီရေးအသင်းတွေ ရှာဖွေတွေ့ရှ်ိထားတဲ့ ရုပ်အလောင်းတွေဟာ ရာကျော်ခန့်ရှိနေပါသေးတယ်။

 

သက်ဆိုင်ရာဌာနအသီးသီးက ရေဘေးကြိုတင်သတိပေးချက်တွေမရှ်ိခဲ့လို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပြီး ထပ်မတိုးလာဖို့ လူမှုကူညီရေးအသင်းတွေက မျှော်လင့်နေပါတယ်။

 

Burma Associated Press

မြန်မာ
ရေကြီး

Share With
bap-logo