bap-logo
Articles

အင်တာနက်လွပ်လပ်ရေးအတွက် နောက်ကွယ်မှ အလုပ်လုပ်နေသော တရုတ်စေတနာ့ဝန်ထမ်း ပရိုဂရမ်ရေးသားသူများ

qpevdv4cALhqc6Z1UMnvm-image

လွန်ခဲ့သော ၃ လ က

BAP၊ ဘာသာပြန်။

 

တရုတ်အစိုးရက ငွေကြေးဖြင့်ရောင်းချသော VPN များကို ဖြိုခွင်းလျက်ရှိစဉ်မှာပင် V2Ray ကဲ့သို့သော open-source (အရင်းအမြစ် ရယူပြင်ဆင်ခွင့်ရှိသည့်) ပရိုဂရမ်များသည် လူကြိုက်များထင်ရှားလာသည်။

 

တရုတ်ပရိုဂရမ်မာ ချန်းသည် အနောက်တိုင်း နည်းပညာကုမ္ပဏီတစ်ခုအတွက် အဝေးရောက် အလုပ်လုပ်ပေး၍ အသက်မွေးဝမ်းကျောင်းပြုနေသူ ဖြစ်သည်။

 

သို့သော် သူ၏ အားလပ်ချိန်တွင် တရုတ်နိုင်ငံ၏ အင်တာနက်ကို ပိတ်ဆို့ထားသည့် Great Firewall ကို ကျော်လွှားနိုင်ရေးအတွက် သူ၏ နိုင်ငံသားများကို ကူညီဖြေဆိုပေးနေသည်။

 

တရုတ်နိုင်ငံ၏ ငွေကြေးဖြင့်ရောင်းချသော VPN များကို ဖြိုခွင်းမှုများအကြား လူကြိုက်များ ထင်ရှားလာသည့် open-source VPN များ၊ Proxy server (ကြားခံ ဆာဗာ) များအနက် တစ်ခုဖြစ်သော V2Ray လည်ပတ်ရေးအတွက်ချန်းသည် စေတနာ့ဝန်ထမ်း "ထိန်းသိမ်းပေးသူ” တစ်ဦးဖြစ်သည်။ ၎င်း VPN များနှင့် ကြားခံ ဆာဗာများမှာ အစိုးရ၏ ခွင့်ပြုချက်မရှိလျှင် အသုံးပြုခြင်းမှာ တရားမဝင်ပေ။

 

ExpressVPN နှင့် NordVPN တို့ကဲ့သို့ ငွေကြေးဖြင့် ရောင်းချသော VPN များကဲ့သို့ပင် V2Ray သည် အသုံးပြုသူများ၏ အင်တာနက်လှုပ်ရှားမှုများကို စိစစ်ဖြတ်တောက်ခြင်းမှ ရှောင်လွှားနိုင်ခြင်း၊ ဖုံးကာပေးထားခြင်းတို့ ပြုလုပ်စေနိုင်ပြီး မူလဖန်တီးသူကို မသိရှိရပေ။

 

သို့သော် အခြားပလက်ဖောင်းများနှင့် မတူညီသည့်အချက်မှာ V2Ray သည် စတင်လည်ပတ်ရန် နည်းပညာဆိုင်ရာ ဗဟုသုတ လိုအပ်ပြီး စိတ်ကြိုက်ပြင်ဆင်ခွင့်များလည်း ကျယ်ပြန့်စွာ ပါဝင်သည်။

 

ချန်းသည် ပရိုဂရမ် မှားယွင်းချို့ယွင်းချက်များ ပြင်ဆင်ခြင်းအပါအဝင် open-source အသိုင်းအဝိုင်းမှ လုပ်ငန်းစီမံချက်ကို ပူးပေါင်းထည့်ဝင်လာမှုများကို စောင့်ကြည့်ရခြင်းတို့ လုပ်ဆောင်ပေးရသည်။ ပြီးခဲ့သည့် နှစ်များအတွင်း V2Ray မူလအရင်းအမြစ် ကုဒ်များကို ထည့်ဝင်ပူးပေါင်းမှုပြုလာသူ တစ်ဦးချင်းနှင့် အစုအဖွဲ့ ၁၁၄ ခု ရှိခဲ့သည်ဟု ဆိုသည်။

 

“V2Ray ဆာဗာ တစ်ခု ကိုယ်တိုင် တည်ဆောက်ဖို့အတွက် နည်းပညာနားလည်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လူကြိုက်များထင်ရှားမှု နည်းနေသေးတာပါ။ ဘာကြောင့်လဲဆိုတော့ သင်ယူရတဲ့ ကာလအပိုင်းအခြားတစ်ခု ရှိနေလို့ပါ။” ဟု ဥရောပနိုင်ငံတစ်ခုတွင် အခြေချနေထိုင်သူ ချန်းက ပြောသည်။ ၎င်းက သူ့ကို အမည်ဝှက်ဖြင့်သာ ဖော်ပြရန် Al Jazeera ကို ပြောသည်။

 

ဖွင့်ဖောက်ပြီး အလွယ်တကူ သုံးလို့ရတာမျိုး မဟုတ်ပါဘူး။ ဘက်ထရီထည့်ပေးထားတာမျိုး မဟုတ်ပါဘူး”

 

အင်တာနက်အသုံးပြုသူများကို အမည်ဝှက်၊ အချက်အလက်ဖုံးကွယ် အသုံးပြုစေနိုင်သည့် open-source ပလက်ဖောင်းများသည် သင်ယူရသည့် ကာလအပိုင်းအခြားရှိသော်လည်း အစိုးရ၏ စိစစ်ဖြတ်တောက်ရေးနှင့် တရုတ်နိုင်ငံနှင့် အခြားသော ဒီမိုကရေစီကင်းမဲ့သည့်နိုင်ငံများမှ အင်တာနက်အသုံးပြုသူများအကြား အဆုံးမသတ်နိုင်သည့် ကြောင်နှင့် ကြွက် ပြေးတမ်းလိုက်တမ်း ကစားပွဲများအတွင်း ထင်ရှားသည့် အခန်းကဏ္ဍအဖြစ် တိုးမြင့်ပါဝင်လာနေသည်။

 

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်လွတ်လပ်ခွင့်သည် ၂၀၂၃ ခုနှစ်တွင် ၁၃ နှစ်မြောက်အဖြစ် ဆက်တိုက် ကျဆင်းလာနေသည်ဟု အမေရိကန်အခြေစိုက် စောင့်ကြည့်လေ့လာသူ Freedom House ထံမှ သိရသည်။

 

အကျိုးအမြတ်မယူသည့်အဖွဲ့များ၏ လေ့လာဆန်းစစ်ချက်များအရ တရုတ်နိုင်ငံသည် နိုင်ငံ ၇၀ အနက် အင်တာနက်ဖိနှိပ်မှု အများဆုံးအဆင့် သတ်မှတ်ခံထားရပြီး မြန်မာ၊ အီရန်နှင့် ကျူးဘားတို့က ကပ်လျက် အဆိုးဆုံးအဆင့်များ သတ်မှတ်ခံထားရသည်။

 

ကျွန်တော်တို့က သူလျှိုတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့က ခင်ဗျားတို့ကို ကူညီနေတာပါ။ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်မှာ ခင်ဗျားတို့ရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုလုပ်ဆောင် ပေးနေတာပါ

 

အသိဉာဏ်တု (AI) ပညာရပ် တိုးတက်လာခြင်းကလည်း အစိုးရများက အင်တာနက် စိစစ်ဖြတ်တောက်မှု ပြုလုပ်ပုံကို ပြောင်းလဲစေသည်ဟု Freedom House က ဆိုသည်။ နိုင်ငံအနည်းဆုံး ၂၂ နိုင်ငံက ဥပဒေမူဘောင်များ ဖန်တီး၍ နည်းပညာကုမ္ပဏီများကို "မလိုလားသော နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေး ပြောဆိုမှုများကို machine learning (ကွန်ပျူတာမှ သင်ယူဆုံးဖြတ်လုပ်ကိုင်မှု) နည်းပညာ အသုံးပြု၍ ဖယ်ရှားရေး” တိုက်တွန်း လှုံ့ဆော်ခဲ့ကြသည်။

 

ချန်းကဲ့သို့သော ပွင့်လင်းသည့် အင်တာနက် ထောက်ခံအားပေးသူများအတွက် V2Ray ကဲ့သို့သော open-source ပလက်ဖောင်းများသည် ၎င်းတို့၏ မူလအရင်းအမြစ်ကုဒ်များကို အများပြည်သူအတွက် လွတ်လပ်စွာ ရယူနိုင်စေသည့်အချက်က စွဲဆောင်မှု ကြီးမားနေသည်။

 

၎င်း မူလအရင်းမြစ်ကုဒ်များကို ဖွင့်လှစ်ပေးအပ်ထားခြင်းက အချက်အလက်များ စုဆောင်းခံရမှုကို စိုးရိမ်သူများ၊ အာဏာပိုင်များဝင်ထွက်အသုံးပြုနိုင်စေသည့် လျှို့ဝှက်နောက်ဖေးတံခါးထားရှိခြင်းတို့ကို စိုးရိမ်သူများအတွက် စိစစ်စစ်ဆေးနိုင်ရန် တံခွင်းဖွင့်လှစ်ပေးလိုက်သည်။

 

“Open souce က အသုံးပြုသူတွေကို ကျွန်တော်တို့က ခင်ဗျားတို့ဘက်ကပါ၊ ခင်ဗျားတို့ကို ကူညီနေတာပါ၊ ကျွန်တော်တို့ လုပ်သမျှ အားလုံးက ခင်ဗျားတို့ကိုယ်စားလုပ်ဆောင်တာပါ ဆိုတဲ့ အချက်တွေကို သေချာစေတယ်။ ကျွန်တော်တို့က အင်တာနက်လိုင်း ဝန်ဆောင်ပေးသူ(Internet Service Provider)တွေ၊ အစိုးရတွေကို အကူအညီပေးဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။” ဟု ချန်းက ပြောသည်။

 

ကျွန်တော်တို့က သူလျှိုတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့က ခင်ဗျားတို့ကို ကူညီနေတာပါ။ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်မှာ ခင်ဗျားတို့ရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုလုပ်ဆောင် ပေးနေတာပါ။

 

V2Ray သည် အထူးသဖြင့် တရုတ်နိုင်ငံတွင် ထင်ရှားပြီး ကမ္ဘာတစ်ဝှမ်းမှ ရွေးချယ်စရာ open-source များအနက် တစ်ခု ဖြစ်သည်။

 

၎င်း open source အရင်းအမြစ်များတွင် အသုံးပြုသူ၏ အိုင်ပီလိပ်စာများကို ဖုံးကွယ်ပေးထားသည့် proxy server ကြားခံဆာဗာများမှသည် လမ်းလွှဲမှု၊ အချက်အလက်များကို ဝှက်စာအဖြစ် ပြောင်းလဲပေးမှု၊ အဝေးမှ ဆာဗာများ အသုံးပြု၍ အင်တာနက်စီးဆင်းမှုများကို အသွင်ပြောင်း ပုံဖျက်ပေးနိုင်သည့် VPN များအထိ ပါဝင်နေသည်။

 

လူသိအများဆုံး ပလက်ဖောင်းမှာ open-source Tor brwoser ဖြစ်ပြီး အွန်လိုင်းအသုံးပြုသူများ အမည်ဝှက် အချက်အလက်ဖုံးကွယ်ထားရန် ၂၀၀၂ ခုနှစ်တွင် စတင်ဖြန့်ဝေခဲ့သည်။

 

အခြား MTProxy ကဲ့သို့သော ပလက်ဖောင်းများမှာ တယ်လီဂရမ်စသည့် အချက်အလက်များကို ဝှက်စာသတင်းစာသားအဖြစ် ပေးပို့နိုင်သည့် သီးသန့် ဆော့ဝဲ၊ app များကို အသုံးပြုနိုင်စေရန် ထောက်ပံ့ကူညီပေးသည်။

 

VPN ပလက်ဖောင်းကဲ့သို့သော Lantern မှ တီထွင်ဖန်တီးထားသည့် Browsers Unbounded စီမံချက်သည် အင်တာနက်ပွင့်လင်းလွတ်လပ်သည့် နိုင်ငံများက ၎င်းတို့၏ အိုင်ပီလိပ်စာများကို ကန့်သတ်ထားမြစ်ထားသည့် ဒေသများအတွက် ငှားရမ်းပေးသည့် "အများက ထည့်ဝင်သည့် အင်တာနက်” အဖြစ် ဆောင်ရွက်ပေးရန် ကတိပြုထားသည်။

 

နောက်ကွယ်က စဉ်းစားပုံက ဒီလိုပါ။ အခြေခံအားဖြင့် Lantern လည်း ရှိတယ်။ ကျွန်တော်တို့မှာ အိုင်ပီလိပ်စာ ၂၀၀၀၀ လောက်လည်း ရှိတယ်။ ဒီတော့ ဒါတွေကို လှည့်ပတ်သုံးစွဲကြတာပါ။” ဟု Lantern မှ ဦးဆောင်ရေးသားသူ Adam Fisk က Al Jazeera ကို ပြောသည်။

 

သီအိုရီအားဖြင့် ဒီလို စဉ်းစားပါတယ်။ ကျွန်တော်တို့သာ အိုင်ပီလိပ်စာတွေ ဒီထက်ပိုပြီး အများပြည်သူထံက ရနိုင်မယ်ဆိုရင် စိစစ်ဖြတ်တောက်သူတွေ ကိုင်တွယ်ဖြေရှင်းရမယ့် အိုင်ပီလိပ်စာ သန်းပေါင်းများစွာ ဖြစ်သွားမယ်”

 

၎င်းစီမံချက်မှာ ရေးသားတီထွင်နေဆဲဖြစ်ပြီး အကြိုပဏာမ အသုံးပြုနိုင်ရန် China Digital Times သတင်းဝက်ဘ်ဆိုက်၏ ဘေးဘက်ကော်လံတွင် ရယူနိုင်သည်။

 

တရုတ်နိုင်ငံကဲ့သို့သော ဒီမိုကရေစီကင်းမဲ့သည့် နိုင်ငံများတွင်ပင် အင်တာနက်က နေ့စဉ်ဘဝများတွင် မရှိမဖြစ်တိုးမြင့်နေရာယူလာသည့်အတွက် Lantern နှင့် V2Ray ကဲ့သို့သော ဝန်ဆောင်မှုများက အင်တာနက်လွပ်လပ်ရေး အထောက်အကူပြုပေးနေကြသည်။

 

၎င်းဆော့ဝဲနှင့် အသုံးချပလက်ဖောင်း အများအပြားမှာ အမည်ဝှက်၍ အချက်အလက်မဖော်ပြခြင်း တို့အပေါ်တွင် တည်ဆောက်ထားသည့်အတွက် ၎င်းတို့၏ အသုံးပြုမှုကို တားဆီးရန် အာဏာပိုင်များက အင်တာနက်ကို လုံးဝဖြတ်တောက်ပစ်ရန် လိုအပ်လာသည်။ ယင်းကဲ့သို့ အင်တာနက်လုံးဝဖြတ် တောက်ခြင်းသည် သဘောထားသေးသိမ် အမြင်ကျဉ်းမြောင်းသည့် အစိုးရများအတွက်ပင် ကြီးမားသော ဟန့်တားနှောက်ယှက်မှုနှင့် စီးပွားရေး ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သည်။

 

ဖိနှိပ်ခံထားရသည့် ဒေသများတွင် လူသုံးများစေရေး ပုံမှန် ကြော်ငြာအသိပေးခြင်းများ မပြုလုပ်နိုင်သည့်အတွက် V2Ray ကဲ့သို့သော ပလက်ဖောင်းများသည် တဆင့်စကားတဆင့်ကြား စနစ်ဖြင့်လည်းကောင်း၊ "ပျောက်ကြားစနစ်” ဖြင့် အသိပေးကြော်ငြာခြင်းဖြင့်လည်းကောင်း အသိပေးကြရသည်။

 

၂၀၁၉ ခုနှစ် အီရန် အင်တာနက်ဖြတ်တောက်မှုအတွင်း ဆန္ဒဖော်ထုတ်သူများက လူသိများထင်ရှားသည့် စိစစ်ဖြတ်တောက်မှုကျော်လွှားရေး ဆော့ဝဲ Psiphon ကို လူနေတိုက်ခန်းအဆောက်အအုံများတွင် ကြော်ငြာစာရွက်များမှတဆင့် ဖြန့်ချိခဲ့ကြသည်ဟု Carnegie Foundation for International Peace အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

 

ကြော်ငြာစာရွက်များတွင် Psiphon ကို ဒေါင်းလုဒ်ရယူနိုင်သည့်နေရာများကို ဖော်ပြထားသည်။ Psiphon သည် အင်တာနက်စီးဆင်းမှုကို အသွင်ပြောင်းပုံဖျက်နိုင်စေရန်၊ အကန့်အသတ်များကို ရှောင်ရှားနိုင်ရန်၊ လူထုက အစိုးရထက် ရှေ့တစ်လှမ်း ကြိုလှမ်းထားနိုင်ရန်တို့အတွက် နည်းပညာအမျိုးအစား စုံလင်စွာ ပေါင်းစပ် ထည့်သွင်းထားသည်။

 

အီရန်အစိုးရကလည်း ဆန္ဒဖော်ထုတ်သူများကို ထောက်လှမ်းဖော်ထုတ်ရေးအတွက် VPN ဆော့ဝဲအတုများ ဖန်တီးခဲ့သည်ဟု ပုဂ္ဂလိကပိုင် ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ Bitdefender သုတေသနတစ်ခုတွင် ဖော်ပြထားသည်။

 

ကမ္ဘာလုံးဆိုင်ရာ ဆန္ဒဖော်ထုတ်မှုများ၊ ရွေးကောက်ပွဲများပေါ်မူတည်၍ ၎င်း ပလက်ဖောင်း အသုံးပြုမှု အတက်အကျ ရှိကြောင်း၊ အချို့ရက်များတါင် အသုံးပြုသူ သန်းပေါင်းများစွာ မြင့်တက်လာပြီး နောက်ရက်တွင် ပုံမှန်အသုံးပြုမှုသို့ ပြန်လည် ကျဆင်းသွားလေ့ရှိကြောင်း Psiphon မှ အကြီးတန်း အကြံပေး Dirk Rodenburg က ပြောသည်။

 

အီရန်တွင် လူသိများထင်ရှားမှု ရရှိခဲ့သလိုပင် ၎င်းပလက်ဖောင်းကို ကျူးဘား၊ မြန်မာ၊ ရုရှားတို့တွင် မငြိမ်မသက်ဖြစ်စဉ် ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြသည်ဟု Rodenburg က ပြောသည်။

 

စိစစ်ဖြတ်တောက်မှုဘက်က အမြင်အရ မလိုလားတဲ့ အင်တာနက်စီးဆင်းမှုတွေကို စုံစမ်းစစ်ဆေးခြင်း၊ ပိတ်ဆို့ခြင်းအတွက် နည်းပညာတွေက ပိုပြီး ကောင်းလာနေကြပါတယ်။ ဒါတွေကို ရှောင်ရှားတဲ့ နည်းလမ်းတွေကလည်း ပိုပြီးတော့တောင် ကောင်းလာနေကြပါတယ်။ ဒီတော့ ဒါက ဆက်ကစားရမယ့် ပွဲပါပဲ။ ကျွန်တော်တို့က သူတို့ထက် ရှေ့ပြေးနေမှ ဖြစ်မယ်။ သူတို့ကလည်း ကျွန်တော်တို့ထက် ရှေ့ပြေးနေမှ ဖြစ်မယ်။” ဟု Rodenburg က Al Jazeera ကို ပြောသည်။

 

ကျွန်တော်တို့အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းက ဒီနယ်ပယ်အတွင်းက တက္ကသိုလ် သုတေသီတွေနဲ့ တွဲဖက်ပြီးတော့ စိစစ်ဖြတ်တောက်ရေး မဟာဗျူဟာတွေကို ရှောင်ရှားရေး ပိုမိုကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းတွေ တီထွင်လုပ်ဆောင်သွားတာပဲ ဖြစ်ပါတယ်။”

 

Psiphon ကို CIA က ကျောထောက်နောက်ခံပြုထားသည်ဟု အီရန်အစိုးရအပါအဝင် အစိုးရအချို့က စွပ်စွဲခံခဲ့ရသည်မှာ အံ့ဩဖွယ် မရှိပေ။

 

Psiphon ကို တိုရန်တို နိုင်ငံသားများ လက်တွေ့စမ်းသပ်ခန်းမှ စီမံချက်တစ်ခုအဖြစ် စတင်ခဲ့ခြင်းဖြစ်ပြ်း ယခုအခါ အမေရိကန်အစိုးရ၏ ဘဏ္ဍာရေးထောက်ပံ့ပေးထားသည့် အကျိုးအမြတ်မယူသည့် Open Technology Fund (OTF) ဘဏ္ဍာရေးထောက်ပံ့မှု အများအပြား ရရှိထားသည်။

 

OTF က Psiphon ကဲ့သို့သော open-source စီမံချက်များ ဒါဇင်နှင့် ချီ၍ ဘဏ္ဍာရေး ထောက်ပံ့ပေးခဲ့ပြီး မေရီလန်းတက္ကသိုလ်မှ တီထွင်ဖန်တီးသည့် Geneva ကဲ့သို့သော စမ်းသပ်ဆဲအဆင့် စိစစ်ဖြတ်တောက်မှု ဆန့်ကျင်ရေး တွက်ချက်ဖြေရှင်းမှုနည်းလမ်းများကိုလည်း ထောက်ပံ့ပေးခဲ့သည်။ ၎င်း နည်းလမ်းများမှာ စိစစ်ဖြတ်တောက်မှု ဆန့်ကျင်ရေး မဟာဗျူဟာများကို တီထွင်၊ ကျယ်ပြန့်စေရေးအတွက် machine learning အသုံးပြုထားသည်။

 

OTF က ၎င်းတို့သည် open-source ကိရိယာများကို ဘဏ္ဍာရေးထောက်ပံ့ပေးရန် ပိုမိုလိုလားကြောင်း၊ ၎င်းတို့က ပိုမို လုံခြုံသည့်အတွက် ဖြစ်ကြောင်း၊ အမေရိကန်အစိုးရနှင့် အခြား သက်ဆိုင်ရာ အစိုးရများအပေါ် စိုးရိမ်နေသူများအတွက်လည်း မြေပြင်တွင် အသုံးပြုသူများက လွတ်လပ်စွာ စစ်ဆေးမှုလည်း ပြုနိုင်ကြောင်း ပြောသည်။

 

“OTF က ဖိနှိပ်သူ အစိုးရတွေရဲ့ စောင့်ကြည့်စစ်ဆေးမှုအောက်က လူထုကို အလေးပေးအာရုံစိုက်ထားတဲ့အတွက် သူတို့ရဲ့ ယုံကြည်မှုကို ရဖို့ ပိုပြီး ခက်ခဲစွာ လုပ်ဆောင်ရပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ရဲ့ အထောက်အပံ့ နည်းပညာတွေ လုံခြုံမှုရှိပါတယ်ဆိုတာကို လွတ်လပ်စွာ စစ်ဆေး အတည်ပြုနိုင်ဖို့ လိုပါတယ်။” ဟု OTF မှ ပရိုဂရမ်များဆိုင်ရာ အကြီးတန်း ဒုတိယအကြီးအကဲ Nat Kretchun က Al Jazeera ကို ပြောသည်။

 

ဒေသတွင်း၊ ယုံကြည်ရတဲ့ လုံခြုံရေးကျွမ်းကျင်သူတွေနဲ့ နည်းပညာသမားတွေက ဆော့ဝဲတစ်ခု အလုပ်လုပ်ပုံကို လွတ်လပ်စွာ စစ်ဆေးနိုင်ရပါမယ်။ အသုံးပြုသူတွေကို အန္တရာယ်မကျရောက်စေနိုင်တဲ့အရာတွေ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါက ကျွန်တော်တို့ ကူညီထောက်ပံ့ထားတဲ့ ဆော့ဝဲတွေဟာ ယုံကြည်ရပြီး၊ ဘေးကင်းစိတ်ချရတယ်ဆိုတာကို ပြသနိုင်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။”

 

ကိုးကား - Al Jazeera

 

ပုံစာ - တရုတ်နိုင်ငံက အင်တာနက်ကို ပြင်းထန်စွာ စိစစ်ဖြတ်တောက်ထားသည်။ (How Hwee Young/EPA)

 

VPN
ပရိုဂရမ်ရေးသူ
V2Ray
စေတနာဝန်ထမ်း
တရုတ်
အင်တာနက် လွတ်လပ်ခွင့်

Share With
bap-logo