bap-logo
Article

အာရှမှာ နိုင်ငံရေး ဆွေစဉ်မြေးဆက် အုပ်စိုးမှုအာဏာကို ချိုးဖောက် လွတ်မြောက်နိုင်မလား

JvDCrz7qO4s6q_D1hYMci-image

လွန်ခဲ့သော ၈ ရက် က

 

ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့တွင် ခေါင်းဆောင်ဟောင်းများ၏ သား၊ သမီး မျိုးဆက်များက ဦးဆောင်နေကြစဉ် အင်ဒိုနီးရှား အုပ်ချုပ်ရေးသစ်အပေါ် အမျက်ဒေါသထွက်မှုများ တိုးမြင့်လာနေသည်။

 

ဩဂုတ်လဆန်းပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးထွက်သံယို သေဆုံးမှုများရှိခဲ့သည့် ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နှုတ်ထွက်သွားခဲ့သည့်အတွက် တိုင်းပြည်ထူထောင်ခဲ့သည့်အချိန်မှ စတင်ခဲ့သော နိုင်ငံရေး ဆွေစဉ်မျိုးဆက်အုပ်ချုပ်မှု ပြတ်တောက်သွားခဲ့သည်။

 

ဆွေစဉ်မျိုးဆက်အုပ်ချုပ်မှု အသစ်တစ်ခု တည်ထောင်ရန် အားပေးကူညီရာရောက်သည် ရွေးကောက်ပွဲဥပဒေများ ပြင်ဆင်မှုကို ဆန့်ကျင်ဆန္ဒပြသရန် ယခုအပတ်တွင် အာရှ၏ အခြားတစ်ဘက် အင်ဒိုနီးရှားနိုင်ငံ၌ လမ်းများပေါ်သို့ ကျောင်းသားများ ရောက်ရှိလာခဲ့သည်။ လာမည့် ရက်သတ္တပတ်များတွင် အင်ဒိုနီးရှားသမ္မတအဖြစ် Prabowo Subianto က ကျမ်းသစ္စာ ကျိန်ဆိုရန် ရှိနေပြီး ၎င်း၏ ဒုသမ္မတမှာ လက်ရှိ ခေါင်းဆောင် Joko Widodo သားဖြစ်သူ အသက် ၃၆ နှစ်အရွယ် Gibran Rakabuming Rake ဖြစ်သည်။

 

အာရှတိုက်တစ်ခွင် ခေါင်းဆောင်များ၏ အတက် အကျ၊ ဆန္ဒဖော်ထုတ်သူများ၏ ကြွေးကြော်သံများ နှစ်ခုလုံးမှာ အာရှ ဆွေစဉ်မျိုးဆက်အုပ်ချုပ်မှုများ၏ ကြံ့ကြံ့ခံမှုအပေါ် သက်သေခံချက်များ ဖြစ်ကြသည့်အပြင် ဆယ်စုနှစ်များစွာ အချင်းချင်း အာဏာလွှဲပြောင်းနေခဲ့ကြသည့် ဩဇာကြီးမားသည့် မိသားစုကြီးအနည်းကို သတိပေးချက်တစ်ခုလည်း ဖြစ်သည်။

 

လူမှုရေးနဲ့ စီးပွားရေး မညီမျှမှုတွေ ကြီးကြီးမားမားဖြစ်ပေါ်နေတဲ့အခါ၊ ဩဇာလွှမ်းမိုးနိုင်မှု အခွင့်အလမ်းတွေ မညီမျှတဲ့အခါမှာတော့ ဒီမိုကရေစီဟာ စနစ်တကျကောင်းမွန်စွာ အလုပ်မလုပ်ပါဘူး

 

 

ဒီမိုကရေစီဟာ အလေ့အထကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် လူမှုရေးနဲ့ စီးပွားရေး မညီမျှမှုတွေ ကြီးကြီးမားမားဖြစ်ပေါ်နေတဲ့အခါ၊ ဩဇာလွှမ်းမိုးနိုင်မှု အခွင့်အလမ်းတွေ မညီမျှတဲ့အခါမှာတော့ ဒီမိုကရေစီဟာ စနစ်တကျကောင်းမွန်စွာ အလုပ်မလုပ်ပါဘူး။ဟု မဲလ်ဘုန်းတက္ကသိုလ် အာရှအင်စတီကျုမှ ညွှန်ကြားရေးမှူး ပါမောက္ခ Vedi Hadiz က ပြောသည်။

 

နိုင်ငံရေး မင်းဆက်များမှာ အာရှတွင်သာ တမူထူးစွာ တည်ရှိသည် မဟုတ်ပေ။ နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲသည် ၁၉၇၆ ခုနှစ်နောက်ပိုင်း ဘုရှ်၊ ကလင်တန်နှင့် ဘိုင်ဒန်တို့ မပါဝင်သည့် ပထမဆုံး ရွေးကောက်ပွဲဖြစ်သည်။ အာရှတွင်မူ အနည်းဆုံး နိုင်ငံ ခုနှစ်ခုတွင် ယခင်အုပ်စိုးသူများ၏ မိသားစုဝင်များက အုပ်ချုပ်နေဆဲဖြစ်သည်။

 

ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ လာအိုနှင့် ဘရူနိုင်းတို့တွင် ခေါင်းဆောင်ဟောင်းများ၏ သားစဉ်မြေးဆက်များက ဦးဆောင်နေသည်။ ပါကစ္စတန်တွင် ဝန်ကြီးချုပ် Shehbaz Sharif သည် ဝန်ကြီးချုပ်ဟောင်း Benazir Bhutto သားဖြစ်သူဦးဆောင်သော ပါတီနှင့် ညွန့်ပေါင်းဖွဲ့ထားသည့် ခေါင်းဆောင်ဟောင်း Nawaz Sharif နှင့် ညီအကိုတော်စပ်သူဖြစ်သည်။ အင်ဒိုနီးရှား သမ္မတအဖြစ် ရွေးကောက်ခံထားရသူ Prabowo Subianto သည် အာဏာရှင်ဟောင်း ဆူဟာတို၏ သားမက်ဟောင်းဖြစ်သည်။

 

အားနည်းသော နိုင်ငံရေးပါတီများ၊ မဲဆွယ်စည်းရုံးမှုကုန်ကျစားရိတ်များ၊ ပိတ်ဆို့ထားသည့် နိုင်ငံရေးကွန်ယက်များကြောင့် အာရှနိုင်ငံရေး မိသားစုများ သက်တမ်းရှည်နေရခြင်းဖြစ်သည်ဟု မဲလ်ဘုန်းတက္ကသိုလ် အင်ဒိုနီးရှားလေ့လာရေး အကြီးတန်း ကထိက ဒေါက်တာ Ken Setiawan က ပြောသည်။

 

၂၀၂၂ ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် သမ္မတဟောင်း၏ သားဖြစ်သူ ဖာဒီနန် မားကိုးစ် ဂျူနီယာသည် မဲဆွယ်စည်းရုံးမှုများအတွက် ထည့်ဝင်မှုများမှ အဓိက ရရှိခဲ့သည့် ဒေါ်လာ ၁၁ သန်း သုံးစွဲခဲ့သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

 

မိသားစုဝင်တွေကို မြှောက်စားဖို့၊ အမည်စာရင်း တင်သွင်းဖို့ အရမ်းလွယ်ပါတယ်။ ဟု Setiawan က ပြောသည်။

 

ဆိုလိုတာက အခြေခံလူထုထဲကနေ ထွက်ပေါ်လာဖို့ကတော့ တကယ်ကို ခက်ခဲတယ်လို့ ဆိုလိုတာပါ။

 

ပန်ကိတ်နှင့် ဆွေမျိုးသားချင်းနှင့် နီးစပ်ရာ မျက်နှာသာပေးသည့် မူဝါဒ စွပ်စွဲချက်များ

 

၂၀၁၄ ခုနှစ်တွင် အင်ဒိုနီးရှားက Joko Widodo သို့မဟုတ် Jokowi ကို ရွေးကောက်ခဲ့ခြင်းအားဖြင့် နှစ်ပေါင်းများစွာ ဆွေစဉ်မျိုးဆက်အုပ်ချုပ်မှု နိုင်ငံရေးကို ချိုးဖျက်ခဲ့သည်။ ၎င်းသည် အင်ဒိုနီးရှား စစ်တပ်၊ နိုင်ငံရေး ရေပေါ်ဆီတို့မှ ဆင်းသက်လာသူမဟုတ်သည့် ပထမဦးဆုံး သမ္မတဖြစ်သည်။

 

ဂျိုကိုဝီသည် အဘိုးဖြစ်သူ၏ ပရိဘောဂစက်ရုံမှ ရိုကျိုးနှိမ့်ချစွာ စတင် ထွက်ပေါ်လာသူဖြစ်သည်။ ဒေသဆိုင်ရာ နိုင်ငံရေး ရာထူးများကို ဖြတ်သန်း၍ ဂျာကာတာ အုပ်ချုပ်ရေးသို့ ရောက်ရှိလာသည်။ နိုင်ငံရေးစည်းအပြင်ကလူဆိုသည့် ၎င်း၏ရပ်တည်ဖော်ပြချက်က ကျယ်ပြန့်သော ထောက်ခံအားပေးမှုများ ရရှိစေခဲ့သည်။

 

ဂျိုကိုဝီ၏ ပုံရိပ်သည် ဆယ်နှစ်အတွင်း Time မဂ္ဂဇင်းမျက်နှာဖုံးမှသည် ဆွေမျိုးသားချင်းနှင့် နီးစပ်ရာ မျက်နှာသာပေးသည့် မူဝါဒကျင့်သုံးမှု၊ ဒီမိုကရေစီကို ဖျက်ဆီးမှုတို့ဖြင့် စွပ်စွဲကြသည့် ဆန္ဒဖော်ထုတ်သူများ၏ လက်တွင်းသို့ ပြောင်းလဲရောက်ရှိသွားသည်။

 

လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီမိုကရေစီအတွက် မျှော်လင့်ချက်လို့ တံဆိပ်ကပ်ခဲ့ကြတဲ့ တစ်ယောက်[ဂျိုကိုဝီ]ပဲ ဖြစ်တယ်

 

 

ပြီးခဲ့သည့်အပတ်တွင် အင်ဒိုနီးရှားလူမျိုး ထောင်ပေါင်းများစွာ ရွေးကောက်ပွဲဥပဒေ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ဆန္ဒပြသရန် လမ်းများပေါ်သို့ ရောက်ရှိလာသည်။ ၎င်းဥပဒေ ပြုပြင်ပြောင်းလဲမှုက အသက်အရွယ်လိုအပ်ချက်ကို ပြင်ဆင်လိုက်ခြင်းဖြင့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဂျိုကိုဝီ၏ အငယ်ဆုံးသားဖြစ်သူကို ရွေးကောက်ပွဲဝင်ရောက်စေနိုင်ရန် လမ်းခင်းပေးမည် ဖြစ်သည်။

 

အများကြီး ဒေါသထွက်ကုန်တယ်။ဟု Setiawan က ပြောသည်။ "လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီမိုကရေစီအတွက် မျှော်လင့်ချက်လို့ တံဆိပ်ကပ်ခဲ့ကြတဲ့ တစ်ယောက်[ဂျိုကိုဝီ]ပဲ ဖြစ်တယ်။

 

၂၀၂၃ နိုဝင်ဘာလကလည်း အလားတူပင် အသက် ၄၀ ကျော်သူများသာ သမ္မတအဖြစ် ရွေးကောက်ခံနိုင်မှုကို အင်ဒိုနီးရှား တရားရုံးက ပြင်ဆင်လိုက်ပြီး ဂျိုကိုဝီ၏ သားအကြီးဆုံးကို ဝင်ရောက်အရွေးခံနိုင်စေရန် ပြင်ဆင်ခဲ့သေးသည်။

 

ဂျိုကိုဝီသည် ၎င်း၏ သမ္မတသက်တမ်းနှစ်ကြိမ်ကို ကျော်လွန်ကာ ၎င်း၏ နိုင်ငံရေးဩဇာကို ဆက်လက် ထိန်းသိမ်းထားရန် ကြိုးစားနေခဲ့သူဖြစ်သည်ဟု Setiawan က ပြောသည်။

 

သူ့ရဲ့ ကိုယ်ပိုင် နိုင်ငံရေးဦးစားပေးချက်တွေ၊ သူ့ရဲ့ ကြီးမားတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေအတွက် လုပ်စရာတွေ အများကြီးရှိတယ်။ အဲဒီ စီမံကိန်းအများကြီးက စထားပြီး အပြီးမသတ်သေးတာတွေပါ။ဟု သူမက ပြောသည်။

 

ဆွေမျိုးသားချင်းနှင့် နီးစပ်ရာ မျက်နှာသာပေးသည့် မူဝါဒကျင့်သုံးကြောင်း စွပ်စွဲချက်များနှင့်အတူ ဂျိုကိုဝီ၏ သားဖြစ်သူ၏ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံကိုလည်း မေးခွန်းထုတ်မှုများ ပျံ့နှံ့ထွက်ပေါ်လာသည်။ Gibran သည် ၂၀၂၀ ခုနှစ် ဆိုလိုမြို့တော်ဝန်အဖြစ် အရွေးချယ်မခံရမီက ပန်ကိတ်ဆိုင်များ ဖွင့်လှစ်ရောင်းချခဲ့သူဖြစ်သည်။

 

၎င်းသည် တက္ကသိုလ်၌ ရမှတ်အဆင့်နိမ့်ကြောင်းနှင့် ၎င်း၏ဘွဲ့ကိုပင် အချို့က စစ်မှန်မှု ရှိ၊ မရှိ မေးခွန်းထုတ်ခဲ့ပြီး ၎င်းကမူ ငြင်းပယ်ခဲ့သည်။ Gibran သည် ယူကေ ဘရတ်ဖို့ဒ်တက္ကသိုလ်မှ ဒီပလိုမာကို နောက်ဆုံးတွင် ထုတ်ယူရရှိခဲ့သည့်အခါ ၎င်း၏ သမ္မတလောင်းရွေးချယ်ခံနိုင်မှုကို ဆန့်ကျင်သူများထံမှ တိုက်ခိုက်မှုအသစ်များ မထင်မှတ်ဘဲ ပေါ်ထွက်လာသည်။

 

ဩဇာကြီးမားသည့် မိသားစုများမှ လူနည်းစုများအတွက်သာ ပညာရေးအခွင့်အလမ်းသာစေသည့်နိုင်ငံရေးအရ ဆွေစဉ်မျိုးဆက်အုပ်ချုပ်မှုများက အာရှတွင် မြင့်မားသော မညီမျှမှုများ ကြာရှည်တည်တံ့စေခဲ့သည်ဟု Hadiz က ပြောသည်။

 

ဒါက သူတို့ကို လူမှုအဖွဲ့အစည်းမှာ ရာထူး ဆက်လက် တည်တံ့စေပါတယ်။ ဟု ၎င်းက ပြောသည်။

 

နိုင်ငံရေးအမွေခံ မျိုးဆက်များ၏ ကိုယ်ရေးရာဇဝင်များက ၎င်းစွပ်စွဲချက်ကို သက်သေခံနေသည်။

 

Gibran ကဲ့သို့ပင် ထိုင်းနိုင်ငံတွင် Shinawatra မိသားစုမှ လေးဦးမြောက် မိသားစုအဖွဲ့ဝင် Paetongtarn Shinawatra ဝန်ကြီးချုပ်ဖြစ်လာသည်။ သူမသည် ယူကေတွင် ပညာသင်ခဲ့ပြီး Surrey တက္ကသိုလ်မှ ဟိုတယ်စီမံခန့်ခွဲမှုဘွဲ့ ရခဲ့သူ ဖြစ်သည်။

 

၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယား၏ ကာလကြာရှည် ခေါင်းဆောင်ဖြစ်သူ ဟွန်ဆန်က ဘရစ်တိုတက္ကသိုလ်တွင် ပညာသင်ခဲ့သည့် ၎င်း၏ သားဖြစ်သူကို အာဏာလွှဲပေးခဲ့သည်။ ဖိလစ်ပိုင်သမ္မတ မားကို့စ်သည် West Sussex ရှိ Worth School နှင့် အောက်စ်ဖို့ဒ်တွင် တက်ရောက်ခဲ့သော်လည်း ဘွဲ့ရသည်အထိ မတက်ရောက်ခဲ့ပေ။

 

ဦးဆောင်မှု လေဟာနယ်

 

နိုင်ငံအချို့မှ မဲပေးသူများ အမျက်ဒေါသထွက်နေသော်လည်း ဆွေစဉ်မျိုးဆက်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် စစ်မှန်သော နိုင်ငံရေးအတိုက်အခံများမှာ ပျံ့ကျဲနေပြီး စုဖွဲ့မှုမရှိသေးဟု Hadiz က ပြောသည်။

 

အင်ဒိုနီးရှားမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လုပ်ခဲ့သလို ဆန္ဒပြပွဲတွေ ဖော်ထုတ်ပြသနိုင်ပါတယ်။ ဒါပေမယ့် ဆန္ဒပြငြင်းခုံကြတဲ့ အကြောင်းအရာတွေ မှေးမှိန်အားပျော့သွားတာနဲ့ အဲဒီအဖွဲ့တွေလည်း ပြိုကွဲသွားမှာပဲ

 

 

၂၀၀၁ ခုနှစ်မှ စတင်၍ နိုင်ငံရေးမိသားစုများမှ ဆင်းသက်လာသူများကို သမ္မတအဖြစ် လေးကြိမ်ရွေးကောက်ခဲ့သော ဖိလစ်ပိုင်လွှတ်တော်သည် နိုင်ငံရေး ဆွေစဉ်မျိုးဆက်အုပ်ချုပ်မှုကို သတ်မှတ်ပြဌာန်းမှု၊ တားမြစ်မှုပြုသည့် ဥပဒေတစ်ရပ်ကို မကြာသေးမီက ပယ်ချလိုက်သည်။ ၂၀၂၂ ခုနှစ် လေ့လာမှုတစ်ခုအရ နိုင်ငံ၏ လွှတ်တော်တွင် ၈၀ % နီးပါးမှာ နိုင်ငံရေးမိသားစုများမှ ဖြစ်သည်ဟု တွေ့ရှိရသည်။

 

အင်ဒိုနီးရှားမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လုပ်ခဲ့သလို ဆန္ဒပြပွဲတွေ ဖော်ထုတ်ပြသနိုင်ပါတယ်။ ဒါပေမယ့် ဆန္ဒပြငြင်းခုံကြတဲ့ အကြောင်းအရာတွေ မှေးမှိန်အားပျော့သွားတာနဲ့ အဲဒီအဖွဲ့တွေလည်း ပြိုကွဲသွားမှာပဲ။ ဟု Hadiz က ပြောသည်။

 

ဘင်္ဂလားဒေ့ရှ်မှ ရှိတ်ဟာဆီနာ ထွက်ပြေးသွားသောအခါ သူမကို ပြုတ်ကျစေခဲ့သည့်ကျောင်းသားလှုပ်ရှားမှုက ကမ္ဘာ့သက်တမ်းအကြာဆုံး နိုင်ငံရေး ဆွေစဉ်မျိုးဆက်အုပ်ချုပ်မှုတစ်ခုကို အဆုံးသတ်လိုက်နိုင်သည့်အတွက် အောင်ပွဲခံခဲ့ကြသည်။ ၁၉၇၁ ခုနှစ်တွင် နိုင်ငံလွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့သူ သူမ၏ ဖခင် Sheikh Jujibur Rahman မှ ဆွေစဉ်မျိုးဆက်အုပ်ချုပ် စတင်ခဲ့ခြင်း ဖြစ်သည်။

 

ကျောင်းသားများကို "အလွန် ကျေးဇူးကန်းသူများ" ဟု ခေါ်ဆိုခဲ့သည့် ဟာဆီနာကို အကြံပေးအဖြစ် လုပ်ဆောင်ခဲ့သည့် သားဖြစ်သူအား ကြားကာလ ခေါင်းဆောင်အဖြစ် တိုင်းပြည်မှ ကြိုဆိုခဲ့သည်။ သူ၏ မိခင်သည် မြေးများနှင့် အချိန်ကုန်ဆုံးရန် အနားယူသွားဖွယ်ရှိသည်ဟု Sajeeb Wazed Joy က ပြောသည်။

 

ရက်အနည်းငယ်အကြာ အိန္ဒိယမီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် Joy က ၎င်းသည် "နိုင်ငံရေး ရည်မှန်းချက် တစုံတရာ မည်သည့်အခါကမျှ မရှိခဲ့ကြောင်း၊ တိုင်းပြည်တွင် "ဦးဆောင်မှု လေဟာနယ်တစ်ခုနှင့် ရင်ဆိုင်နေရကြောင်း ပြောသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတည်ထောင်သူ၏ မြေးဖြစ်သူက မိခင်၏ နိုင်ငံရေးပါတီကို ကယ်တင်ရန် မည်သည်ကိုမဆို လုပ်ဆောင်သွားမည်ဟု ဖော်ပြခဲ့ပြီး နိုင်ငံရေးသို့ ဝင်ရောက်ရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုသည်။

 

ကိုးကား - The Guardian

ပုံစာ - အခြေခံဥပဒေဆိုင်ရာ တရားရုံးမှ ရွေးကောက်ပွဲဥပဒေများ ပြန်လှန်ပြောင်းလဲစေရန် အစိုးရ၏ ကြိုးပမ်းမှုကို ဆန့်ကျင်ချီတက် ဆန္ဒဖော်ထုတ်နေသည့် အင်ဒိုနီးရှား ကျောင်းသားများ။ (Photograph: Hotli Simanjuntak/EPA)

 

 Burma Associated Pres

မျိုးဆက်
ကမ္ဘောဒီးယား
ဖိလစ်ပိုင်
ထိုင်း
အာဏာရှင်စနစ်
အာရှ
ဘရူနိုင်း

Share With
bap-logo