bap-logo
Articles

တရုတ်နိုင်ငံက ဖမ်းဆီးခြင်း မပြုမီ မွေးမြူထားခဲ့သော ရာဇဝတ်ကောင်မိသားစုများ

2KQqA6B7u9gCJZLwzuy_Q-image

လွန်ခဲ့သော ၄ လ က

BAP၊ ဘာသာပြန်။

 

မြန်မာနိုင်ငံမှ ရာဇဝတ်ကွန်ရက်များသည် တရုတ်အရာရှိများနှင့် အာဏာသိမ်း စစ်အုပ်စုတို့၏ အကာအကွယ်အောက်တွင် အကျိုးအမြတ်များ ရယူခံစားခဲ့ကြသည်ဟု The Washington Post စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိရသည်။

 

လူကုန်ကူးမှုများ၊ ကျွန်ပြုမှုများ၊ ငွေကြေးခဝါချခြင်းများ၊ ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းလိမ်လည်မှုများနှင့် ဆက်စပ်နေသည့် ရာဇဝတ်မိသားစုတစ်ခု၏ ဆက်ခံသူ ဝေဖြိုးအောင် (Wei Qingtao) သည် လူသိရှင်ကြား ပြောင်ပြောင်တင်းတင်း နေထိုင်ခဲ့သည်။ TikTok တရုတ်ဘာသာစကား အက်ပ်ဖြစ်သော ၎င်း၏ Douyin အကောင့်တွင် တရုတ်နယ်စပ် မြန်မာနိုင်ငံအစွန်အဖျားတစ်နေရာ၌ ဘန်တလေကားများ၊ လန်ဘော်ဂနီကားများ၊ ရှားပါး ဆေးပြင်းလိပ်များနှင့် ကိုယ်ပိုင် ဂျက်လေယာဉ်များကို ပြသကာ ၎င်း၏ အလျှံအပယ်ကြွယ်ဝမှုများကို ကြွားလုံးထုတ်တင်ပြထားသည်။

ကျွန်တော်တို့ ရခဲ့တဲ့ အွန်လိုင်းလိမ်လည်မှုတွေက ရတဲ့ ပိုက်ဆံတွေဟာ တရုတ် သာမန်လူထုရဲ့ ပင်စင်ငွေတွေပါ

 

အသက် ၂၇ နှစ်အရွယ် ၎င်းက ကိုးကန့်တွင် ၎င်းပိုင်ဆိုင်သည့် အထပ်များစွာ ပါဝင်သော မှန်နံရံကာ ညကလပ်များတွင် ပါတီများ ကျင်းပလေ့ရှိသည်။ တရုတ်ယွမ်ငွေစက္ကူအသစ်များကို နိုင်ငံတကာ တက္ကနို DJ များ ဖျော်ဖြေနေသည့် လူအုပ်အတွင်း ကြဲချလေ့ရှိသည်။

 

နိုဝင်ဘာလတွင်မူ ခေတ်ကောင်းတစ်ခု ကုန်ဆုံးချိန် ရောက်လာခဲ့သည်။ ဝေဖြိုးအောင် (Wei Qingtao) လူမှုမီဒီယာအကောင့် ပျောက်ကွယ်သွားသည်။ ၎င်းကို တရုတ်နိုင်ငံ ထိန်းသိမ်းမှုအောက်မှ ဝန်ခံချက်ကို ဖတ်ပြနေရသူအဖြစ် ဗီဒီယိုတစ်ခုတွင် တွေ့မြင်လာရသည်။

 

ကျွန်တော်တို့ ရခဲ့တဲ့ အွန်လိုင်းလိမ်လည်မှုတွေက ရတဲ့ ပိုက်ဆံတွေဟာ တရုတ် သာမန်လူထုရဲ့ ပင်စင်ငွေတွေပါ။” ဟု ဝေဖြိုးအောင် (Wei Qingtao) က ပြောသည်။ "ဒီတစ်ခါတော့ တရုတ်အစိုးရက ဆုံးဖြတ်ချက် ချပြီးပါပြီ။ ကျွန်တော်တို့ အတွေးအခေါ် အမှားတွေကို ဆက်ပြီး တွယ်ဖက်ထားလို့ မရတော့ပါဘူး။”

 

ရက်သတ္တပတ်များအတွင်းမှာပင် ၎င်း၏ ဦးလေးကို လက်ထိပ်ခတ်၍ ရဲအရာရှိများစွာ ခြံရံကာ တရုတ်နိုင်ငံသို့ လေယာဉ်ဖြင့် ပို့လိုက်ကြသည်။

 

ဝေ၊ ပယ်နှင့် လျို မိသားစုများ အဓိက ဦးဆောင်သည့် ကိုးကန့် ရာဇဝတ်ကွန်ရက်များသည် တရုတ်အစိုးရနှင့် မြန်မာစစ်အုပ်စုတို့၏ အထောက်အပံ့ရယူထားသော အထူးသဖြင့် အိမ်နီးချင်း ယူနန်ပြည်နယ်မှ တရုတ်အရာရှိများနှင့် အနီးကပ်ဆက်ဆံကာ ဆယ်စုနှစ် တစ်စုမက အကျိုးအမြတ်များ ခံစားနေခဲ့ကြသည်ဟု Washington Post စုံစမ်းစစ်ဆေးမှုအရ တွေ့ရှိရသည်။ မြန်မာစစ်တပ်အကြီးအကဲ မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် အာဏာသိမ်းအပြီးတွင် ၎င်း ရာဇဝတ်မိသားစုများကို နိုင်ငံရေးနှင့် စီးပွားရေး အကျိုးဆောင်များအဖြစ် စုစည်း သိမ်းသွင်းခဲ့သည်။

ကိုးကန့်သည် ဂျာနယ်လစ်များအတွက် ကန့်သတ်နယ်မြေဖြစ်သော်လည်း ကိုးကန့်တွင် အလုပ်လုပ်ကိုင်နေသည့် လူပေါင်း နှစ်ဒါဇင်ကျော်က ဗီဒီယိုများ၊ ဓာတ်ပုံများ၊ တွေ့ဆုံမေးမြန်းခန်းများပြုလုပ်၍ လိမ်လည်မှုလုပ်ငန်းစု ၃၀၀ ကျော်အကြောင်း ဖော်ပြခဲ့ကြသည်

 

ကိုးကန့် မိသားစုများနှင့် တရုတ်အစိုးရ အရာရှိများ ပူးပေါင်းဆောင်ရွက်မှုများကို တရုတ်အင်တာနက်နှင့် လူမှုမီဒီယာများမှ ရရှိခဲ့ပြီး ၎င်းတို့အနက် အချို့ကို Washington Post က အတည်ပြုနိုင်ခဲ့သည်။ ကိုးကန့်အာဏာပိုင်များ၊ မြန်မာနှင့် တရုတ်အစိုးရတို့ထံမှ ထုတ်ပြန်ချက်များ၊ သတင်းထုတ်ဝေမှုများ၊ တရားဝင် ဝက်ဘ်ဆိုက်များမှ ဓာတ်ပုံများ၊ လူမှုမီဒီယာ စာမျက်နှာများတွင် ၎င်းတို့သည် ဒေါ်လာ သန်း ရာပေါင်း များစွာ တန်ဖိုးရှိသည့် စီးပွားရေးစီမံကိန်းအများအပြားတွင် အတူတကွ လုပ်ကိုင်နေကြောင်း ဖော်ပြထားသည်။

 

ကိုးကန့်သည် ဂျာနယ်လစ်များအတွက် ကန့်သတ်နယ်မြေဖြစ်သော်လည်း ကိုးကန့်တွင် အလုပ်လုပ်ကိုင်နေသည့် လူပေါင်း နှစ်ဒါဇင်ကျော်က ဗီဒီယိုများ၊ ဓာတ်ပုံများ၊ တွေ့ဆုံမေးမြန်းခန်းများပြုလုပ်၍ လိမ်လည်မှုလုပ်ငန်းစု ၃၀၀ ကျော်အကြောင်း ဖော်ပြခဲ့ကြသည်။ ၎င်းလုပ်ငန်းစုများသို့ လူပေါင်း သိန်းချီ၍ ကုန်ကူးခံခဲ့ရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ထို့ကြောင့် ကိုးကန့်သည် အဓိက ဆုံရပ်တစ်ခု ဖြစ်လာစေသည်။

 

အလုပ်သမားများမှာ တရုတ်နိုင်ငံသား သို့မဟုတ် တရုတ်မျိုးနွယ်စု အများစုဖြစ်ကြပြီး ၎င်းတို့ကို ဝယ်ယူ၊ ရောင်းချ၊ ကုန်သွယ်ပြီးနောက် ရည်မှန်းချက်အတိုင်း ငွေမရှာနိုင်လျှင်၊ ထွက်ပြေးရန် ကြိုးစားလျှင်ရိုက်နှက်၊ နှိပ်စက်၊ သတ်ဖြတ်ခံကြရသည်ဟု ကျူးလွန်ခံရသူများ၏ အတည်ပြုနိုင်သော ဗီဒီယိုများ၊ ဓာတ်ပုံများ၊ စာသားပေးပို့မှု screenshot များအရ သိရသည်။

 

The Post က တရုတ်တရားရုံးမှတ်တမ်းများကို သုံးသပ်မှုအရ ကိုးကန့်နှင့် ဆက်စပ်နေသည့် ရာဇဝတ်မှု ၁၁၀၀ ကျော်ကို တွေ့ရှိခဲ့ရသည်။ အချို့ရာဇဝတ်မှုများမှာ မိသားစု သုံးခု၏ ခြံဝန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် သီးသန့် ဆက်စပ်နေသည်။ အမှုအားလုံးမှာ တရားမဝင် လောင်းကစားခြင်း၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးအမှုများပါဝင်သည့် အနိမ့်စား လှုပ်ရှားမှုများကိုသာ အလေးပေးထားပြီး မိသားစုခေါင်းဆောင်များမှာမူ တရုတ်အရာရှိများနှင့် ဆက်လက်လုပ်ကိုင်နေခဲ့သည်။

 

ကိုးကန့်မိသားစုများသည် တရားဝင်စီးပွားရေးနှင့် တရားမဝင်စီးပွားရေး နှစ်ခုလုံးကို တစ်နေရာတည်းမှ လုပ်ကိုင်ကြပြီး တည်ငြိမ်ရေးအတွက် အသုံးဝင်သည့် မိတ်ဖက်များ၊ အာမခံပေးသူများလည်း ဖြစ်ကြသည်။ ဟန်တရုတ်များဖြစ်သည့်အတွက် ၎င်းမိသားစုများက တရုတ်နိုင်ငံတွင် ကုမ္ပဏီများ တည်ထောင်ထားကြပြီး တရုတ်နိုင်ငံသားများသာ ရရှိနိုင်သည့် စိစစ်ရေး အထောက်အထားများလည်း ရရှိထားကြသည်ဟု လုပ်ငန်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံဘက်တွင်လည်း တရုတ်-မြန်မာ အဆင့်မြင့် နယ်စပ် ကုန်သွယ်မှုမှ "အပြန်အလှန် အကျိုး ခံစားနိုင်မည့် ပူးပေါင်းဆောင်ရွက်မှု” မြှင့်တင်ရေးပွဲတော် ကို မေလ ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့ရာ လျိုမိသားစုက အထူးဧည့်သည်တော်အဖြစ် Huawei နှင့် China Telecom ပြခန်းတို့နှင့်ယှဉ်လျက် ဝင်ရောက် ပြသခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် ယူနန်ပြည်နယ် လင်ကန် အုပ်ချုပ်ရေးမှူး တို့လည်း ၎င်းပွဲတော်သို့ တက်ရောက်ခဲ့ကြသည်။

 

၎င်းထီးရိပ်ကြောင့် ကိုးကန့်တွင် ၎င်းမိသားစုဂိုဏ်းများက ကြီးစိုးခွင့် ရရှိကာ နှစ်စဉ် ဒေါ်လာ ဘီလီယံများစွာ ရရှိနေသည့် ခေတ်မီ ရာဇဝတ်ကွန်ရက်များအဖြစ် ကိုးကန့်ဒေသကို ပြောင်းလဲလိုက်ကြသည်။

 

"သူတို့က ဒေသတွင်းမှာ အားအကြီးဆုံး၊ အကျိုးအမြတ်အရဆုံး လောင်းကစားဝိုင်းတွေနဲ့ လိမ်ညာလုပ်ကိုင်သူတွေပဲ။" ဟု မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး UNODC အရှေ့တောင်အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောသည်။ "ထိလို့ မရတဲ့သူတွေလို့ ယူဆထားကြတာပေါ့။”

 

လိမ်လည်မှုလုပ်ငန်းများက တရုတ်လူမျိုး သိန်းပေါင်းများစွာထံမှ ငွေကြေးများ လိမ်လည်ရယူခြင်း၊ အလုပ်သမားများအဖြစ် ကုန်ကူးခံရခြင်းတို့ ကြီးထွားလာသောအခါတွင်မူ တရုတ်နိုင်ငံက ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကို ဆန့်ကျင်ကာ ပြည်တွင်း နိုင်ငံရေးပြဿနာအဖြစ် ကိုင်တွယ်လာရသည်။

 

မြန်မာစစ်အုပ်စုပြောခွင့်ရသူက မှတ်ချက်ပေးရန် တောင်းဆိုမှုကို အကြောင်းမပြန်ခဲ့ပါ။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ယူန်ပြည်နယ်အစိုးရ၊ လင်ကန် မြို့အုပ်ချုပ်ရေးတို့ကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို အကြောင်းမပြန်ခဲ့ပါ။ The Post က ကိုးကန့် မိသားစုများ၏ ကုမ္ပဏီများဖြစ်သော Liu တို့၏ Fully light Group Warner International Gobo East လုပ်ငန်းခွဲနှင့် ဝေမိသားစု တို့၏ Hanley Group တို့ကို ၎င်းတို့၏ ဝက်ဘ်ဆိုက်ရှိ လိပ်စာများအတိုင်း ဆက်သွယ်သော်လည်း အကြောင်းမပြန်ခဲ့ပါ။

အခုတော့ သူမထိန်းချုပ်နိုင်တော့တဲ့ ဖရန်ကင်စတိုင်း မကောင်းဆိုးဝါးကြီးတစ်ကောင်

 

တရုတ်အစိုးရက ဆက်လက်ဖြိုခွင်းမှုများပြုလုပ်နေသော်လည်း ၎င်းရာဇဝတ်ကွန်ရက်များမှာ အမြစ်ဖြတ် ချေမှုန်းရန် မလွယ်ကူကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ ကိုးကန့်မိသားစုများနှင့် ဆက်စပ်နေသော လုပ်ငန်းခွဲများနှင့် လည်ပတ်မှုများမှာ အထိအခိုက်မရှိ ကျန်ရှိနေဆဲဖြစ်သည်ဟု Chainalysis အဖွဲ့က ၎င်းတို့၏ ခရစ်ပတိုငွေကြေးများကို အကဲဖြတ်ဆန်းစစ်မှုအရသော်လည်းကောင်း၊ ရန်ကုန်မြို့ရှိ ၎င်းမိသားစုများ၏ ရုံးခန်းများသို့ ကိုယ်တိုင် သွားရောက်မှုများအရသော်လည်းကောင်း သိရှိရသည်။ ပြိုင်ဘက်များ၏ လိမ်လည်မှုလုပ်ငန်းများသည်လည်း မြန်မာနှင့် အရှေ့တောင်အာရှမှ အခြားဒေသများတွင် ဆက်လက် ကြီးထွားနေသည်။

 

ကိုးကန့်မိသားစုတွေက တရုတ်-မြန်မာစီးပွားရေး ဆက်ဆံမှုအတွက် အင်ဂျင်တွေပဲ။ သူတို့ရဲ့ စီးပွားရေးခြယ်လှယ်မှုက တရားမဝင်စီးပွားရေးလုပ်ငန်းတွေကနေ လာတာပဲ။ ဒါပေမယ့် သူတို့ တည်ဆောက်ထားတဲ့ တရုတ်နိုင်ငံတစ်လွှားက စီးပွားရေးနဲ့ နိုင်ငံရေး ရေပေါ်ဆီတွေရဲ့ ဒီကြီးမားတဲ့ ဆက်ဆံရေးကွန်ရက်ကြီးလည်း ပါဝင်နေပါတယ်။” ဟု U.S Institute of Peace မှ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် ညွှန်ကြားရေးမှူး Jason Tower က ပြောသည်။

 

တရုတ်နိုင်ငံကအခုတော့ သူမထိန်းချုပ်နိုင်တော့တဲ့ ဖရန်ကင်စတိုင်း မကောင်းဆိုးဝါးကြီးတစ်ကောင်” ကူညီ ဖန်ဆင်းပေးခဲ့ကြောင်း ၎င်းက ပြောသည်။

 

ယူနန်ပြည်နယ်မှ ဒေသအာဏာပိုင်များက ရာဇဝတ်မိသားစုများနှင့် ဆိပ်ကမ်းတစ်ခုချဲ့ထွင်ခြင်း၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးဇုန်နှစ်ခုတည်ဆောက်ခြင်းကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်ဟု တရုတ်နိုင်ငံတရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။ ၂၀၁၇ ခုနှစ်တွင် တရုတ်သမ္မတ ရှီက နိုင်ငံတကာ ခေါင်းဆောင်များကို ဘေဂျင်းမြို့ ပထမအကြိမ် ခါးပတ်နှင့် လမ်းဖိုရမ်သို့ ဖိတ်ကြားပြီး ယူနန်နှင့် ကိုးကန့် ဆက်သွယ်ထားသော အသစ်ချဲ့ထွင်ထားသည့် Qingshuihe ဆိပ်ကမ်းကို နိုင်ငံပိုင် ရုပ်သံက စံပြစီမံကိန်းအဖြစ် ပြသခဲ့သည်။ မကြာမီတွင် တရုတ်အစိုးရက ဗဟိုအစိုးရ ထောက်ပံ့ငွေအဖြစ် ဒေါ်လာ ၆ သန်းကို နယ်စပ်ကုန်သွယ်ရေးဇုန်အတွက် ချထားပေးခဲ့သည်။ ဧပြီလ ၂၀၁၈ ခုနှစ် တရုတ်အရာရှိများ နယ်စပ်သို့ သွားရောက်ခဲ့ပြီးနောက်တွင် တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက အာရှဖွံ့ဖြိုးရေးဘဏ် ADB ထံမှ လမ်းနှင့် အခြားအခြေခံအဆောက်အအုံများအတွက် ချေးငွေများကို စီမံခန့်ခွဲခဲ့သည်။

 

၎င်းလုပ်ဆောင်ချက်မှာ တရုတ်အစိုးရ၏ လှုပ်လှုပ်ရွရွဖြစ်နေသော နယ်စပ် တည်ငြိမ်ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ဆောင် ချဉ်းကပ်မှုတစ်ခု ဖြစ်သည်။

 

ကိုးကန့်အတွက် တရုတ်ခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်က နယ်စပ်လုံခြုံဖို့အတွက်ပဲ။ အဲဒီလို လုံခြုံဖို့က အခြားတစ်ဘက်ရဲ့ စီးပွားရေးနဲ့ အသက်မွေးဝမ်းကြောင်းပြဿနာတွေကို ဖြေရှင်းကူညီပေးဖို့ လိုတယ်။” ဟု ဘေဂျင်းမြို့ Taihe Institute တရုတ်ပညာရှင်အဖွဲ့မှ Liu Yun က ပြောသည်။

 

ADB မှ ပြောခွင့်ရသူတစ်ဦးက ယူနန်-လင်ကန်စီမံကိန်းသည် တရုတ်နိုင်ငံဘက်မှ နေထိုင်သူများနှင့်ပတ်ဝန်းကျင်ဒေသများ”တွင် နေထိုင်သူများအတွက် "စီးပွားရေးနှင့် လူနေမှုအဆင့်အတန်း တိုးတက်လာနိုင်စေရန် စီစဉ်ထားခြင်း” ဖြစ်သည်ဟု ပြောသည်။ ၎င်းစီမံကိန်းသည် "ADB မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီစွာ” ဖော်ဆောင်ထားခြင်းဖြစ်သည်ဟုလည်း ပြောသည်။

 

ကိုးကန့်မိသားစုများသည် အမျိုးစုံသော လုပ်ငန်းစုများအဖြစ် ပိုင်ဆိုင်မှုများ တိုးပွားလာခဲ့သည်။ လျို မိသားစု၏ အထူးသဖြင့် Fully Light Group သည် အိမ်ခြံမြေလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ ကျောက်မျက်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ စီးကရက်လုပ်ငန်းများ၊ ပိုးသတ်ဆေးလုပ်ငန်းများအပါအဝင် မြန်မာနိုင်ငံမှ အကျိုးအမြတ်ရသော လုပ်ငန်းခွင်တိုင်းတွင် ပါဝင်နေပြီး တရုတ်၊ ကမ္ဘောဒီးယားတို့တွင် လုပ်ငန်းခွဲများ ဖွင့်လှစ်ထားသည်ဟု လုပ်ငန်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

 

သို့သော် ကိုးကန့်အင်ပါရာ၏ အဓိကလုပ်ငန်းများမှာ လောင်းကစားရုံများ၊ မြေအောက်ဘဏ်လုပ်ငန်းများ၊ ငွေကြေးခဝါချမှုလုပ်ငန်းများဖြစ်သည်ဟု ကုလအရာရှိများနှင့် WikiLeaks မှ ထုတ်ပြန်ခဲ့သည့် အမေရိကန် သံတမန်ဆက်သွယ်ချက်များတွင် ဖော်ပြထားသည်။

 

ငွေကြေးချမ်းသာသူများနှင့် သာမန် လောင်းကစားသမားများက ယူနန်နှင့် ကိုးကန့်နယ်စပ်မှ စိမ့်ဝင်လာကြသည်။ ကိုးကန့်မြို့တော် လောက်ကိုင်ရှိ အသစ်တည်ဆောက်ထားသော ကာစီနိုအကြီးစားတစ်ခုမှာ ၂၄ နာရီ ဖွင့်လှစ်သည်။ ကိုးကန့်ဂိုဏ်းမိသားစုများက လေဆိပ်တစ်ခု တည်ဆောက်ရန် စီစဉ်ထားပြီး မကာအိုကဲ့သို့ နိုင်ငံခြားခရီးသွားများအတွက် နေရာတစ်ခုအဖြစ် ဆွဲဆောင်ပြောဆိုလေ့ရှိသည်။

ကိုးကန့်မိသားစုများက ဗိုလ်ချုပ်ကြီးများ၏ စကျင်ကျောက် ဗုဒ္ဓရုပ်ပွားတော်တည်ဆောက်ခြင်းကဲ့သို့သော စီမံကိန်းများအတွက် အမြောက်အများ လှူဒါန်းခဲ့ကာ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံစီမံကိန်းများ ဆက်လက်လုပ်ဆောင်ရေးတို့အတွက် တရုတ်နှင့် ပူးပေါင်းမှုကို မြှင့်တင်ခဲ့သည်

 

ကာစီနိုအလွှာများ၏ နောက်ကွယ်တွင် ပို၍ ဆိုးရွားထိခိုက်စေသည့် လုပ်ငန်းတစ်ခုကို စတင် တည်ထောင်ခဲ့ကြသည်။ အနီးစပ်ဆုံး ၂၀၁၈ ခုနှစ်မှ စတင်ကာ "ရာဇဝတ်ဂိုဏ်းများ”က စားသောက်ခန်းမ၊ ဟိုတယ်တို့ပါဝင်သည့် ဝပ်နေတဲ့ကျားစံအိမ်သို့ လူများ မှောင်ခိုသွင်းလာခဲ့ကာ လိမ်ညာသူများအဖြစ် အတင်းအကျပ် ခိုင်းစေခဲ့သည်ဟု တရုတ်တရားရုံးမှတ်တမ်းများက ဖော်ပြထားသည်။ ၎င်းစုပေါင်းစံအိမ်ကို ပယ်ဂိုဏ်း၏ လူယုံ မြီမိသားစုက ပိုင်ဆိုင်သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာများနှင့် ၎င်းစံအိမ်တွင် လုပ်ကိုင်ခဲ့သူတစ်ဦးက ပြောသည်။

 

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် နယ်စပ်ပိတ်ဆို့မှုများဖြစ်ပေါ်လာသောအခါ ကာစီနိုများသို့ ငွေစီးဆင်းမှုရပ်တန့်လာသည့်အတွက် အွန်လိုင်းလိမ်လည်မှုစီးပွားရေးအဖြစ်သို့ အရှိန်မြှင့် ပြောင်းလဲလာသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းမှုက ကိုးကန့်ကို အထူး လျင်မြန်အားကောင်းလာစေသည်။ အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုများကြောင့် မင်းအောင်လှိုင်က ကိုးကန့်မိသားစုများကို စီးပွားရေးနှင့် နိုင်ငံရေး အသက်သွေးကြောအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

 

ကိုးကန့်မိသားစုများက ဗိုလ်ချုပ်ကြီးများ၏ စကျင်ကျောက် ဗုဒ္ဓရုပ်ပွားတော်တည်ဆောက်ခြင်းကဲ့သို့သော စီမံကိန်းများအတွက် အမြောက်အများ လှူဒါန်းခဲ့ကာ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံစီမံကိန်းများ ဆက်လက်လုပ်ဆောင်ရေးတို့အတွက် တရုတ်နှင့် ပူးပေါင်းမှုကို မြှင့်တင်ခဲ့သည်။ ဂိုဏ်းအကြီးအကဲ အမျိုးသားများမှာ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်နိုင်ငံသားများဖြစ်လာကာ ဆုတံဆိပ်များ ချီးမြှင့်ခံခဲ့ရသည်။

 

၎င်းမိသားစုများ "သူတို့ လုပ်ချင်ရာ လုပ်နိုင်တယ်လို့ မြင်လာတယ်။” ဟု ICG မှ Horsey က ပြောသည်။

 

Douyin တွင် တင်ထားသော ဝပ်နေတဲ့ ကျားစံအိမ်အတွင်းမှ မှတ်စုများအရ လိမ်လည်သူများသည် စီးပွားရေးခရီးစဉ်များအကြောင်း ပြောခြင်း၊ "တာဝန်ယူမှု၊ ကြင်နာမှု၊ လေးစားမှုရှိကြောင်း” ပြသရန်အတွက် အသက်ကြီးသူ ဆွေမျိုးများနှင့် ချစ်ကြည်ရင်းနှီးကြောင်းပြောဆိုခြင်းများ ပြုလုပ်နေစဉ်အတွင်းမှာပင် "ရင်းနှီးမြှုပ်နှံမှု" အခွင့်အလမ်းတစ်ခုအကြောင်း "ပေါ့ပေါ့ပါးပါး ဆွေးနွေးပြောဆိုမှု" မသိမသာ ထည့်သွင်းပြောဆိုခြင်း ပြုလုပ်ရသည်ဟု သိရသည်။ ချစ်မှုရေးရာအရလည်း တစ်ရက်တာ အကြောင်း ပြောလိုသည်လား၊ လိင်ကိစ္စပြောဆိုလိုသည်လားဆိုသည်ကို အကဲဖြတ်ရသည်ဟု လိမ်လည်သူတစ်ဦးက ပြောသည်။

 

Liu မိသားစုပိုင်ဆိုင်သော ဟိုတယ်တစ်ခုရှိ လိမ်လည်မှုလုပ်ငန်းခွင်အတွင်း အသံလုံ ဖုန်းပြောခန်းတစ်ခု တည်ဆောက်ရန်အတွက် ငှားရမ်းထားသူ အထွေထွေလုပ်သားတစ်ဦးသည် အလုပ်လုပ်နေစဉ် အော်သံတစ်ခုကြောင့် ရပ်တန့်သွားသည်။ အလုပ်ကြပ်တစ်ဦးက လက်ပြန်ကြိုးတုပ်ထားသော အမျိုးသားသုံးဦးအား ခဲပိုက်ဖြင့် ရိုက်နှက်နေသည်ကို ၎င်း တွေ့မြင်ခဲ့ရသည်ဟု ပြောသည်။ လောက်ကိုင်သို့ လူကုန်ကူးခံရသည့် ထိုင်ဝမ်အမျိုးသမီးတစ်ဦးမှာ ထွက်ပြေးရန် ကြိုးစားသဖြင့် မျက်နှာကို အဝတ်အုပ်၍ ရေလောင်းခံခဲ့ရသည်ဟု The Post ကို ပြောသည်။ အခြားလူများကို သံကြိုးခတ်၍ ရိုက်နှက်နေသည်ကို မြင်ခဲ့ရသည်ဟု တရုတ်နိုင်ငံတွင် သရုပ်ဆောင်လုပ်ကိုင်ရန် အွန်လိုင်းမှ အလုပ်လျှောက်ထားခဲ့သော်လည်း ဓားကိုင်ထားသူများက ကိုးကန့်သို့ အတင်းအကျပ်ခေါ်ဆောင်ခြင်း ခံခဲ့ရသူ တရုတ်အမျိုးသားတစ်ဦးက ပြောသည်။ ရိုက်နှက်ခံနေရစဉ် ပြန်လည်တိုက်ခိုက်ပြီး အစောင့်များထံမှ သေနတ်လုယူရန် ကြိုးစားသူ လေးဦးကို ပစ်သတ်ခံခဲ့ရသည်ဟုလည်း ၎င်းက မေးမြန်းခန်းတစ်ခုတွင် ပြောသည်။

 

ဝပ်နေတဲ့ကျားစံအိမ်သည် လုပ်ငန်းခွင်များအနက် အရက်စက်ဆုံးဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောသည်။ လှောင်အိမ်များတွင် ခြင်္သေ့များ၊ ကျားများ၊ ဝက်ဝံများထည့်ထားကာ မနာခံသည့် အလုပ်သမားများကို ခြိမ်းခြောက်ရာတွင် အသုံးပြုကြသည်ဟု အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောသည်။

 

၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် နိုင်ငံခြားလုံခြုံရေးဝန်ထမ်းများကိုလည်း ၎င်းဂိုဏ်းများက ငှားရမ်းထားသည်။ အက်စတိုးနီးယန်း ရေတပ်အရာရှိဟောင်း Alex Klisevits သည် "တရုတ်စီးပွားရေးသမား” တစ်ဦးကို အနီးကပ် ကာကွယ်ရန် အလုပ်ကြော်ငြာကြောင့် ကိုးကန့်သို့ ရောက်ရှိလာသူ ၁၁ ဦးတွင် အပါအဝင်ဖြစ်သည်။ ၎င်းကို ခိုးသွင်းလာကြပြီး မကြာမီမှာပင် ၎င်းအနေနှင့် လွတ်လပ်စွာ မထွက်ခွာနိုင်တော့ကြောင်း သိရှိလာရသည်ဟု Klisevits က ပြောသည်။ အလုပ်ပထမဆုံးနေ့တွင် သံကြိုးခတ်ထားသူတစ်ဦးကို မေ့မျောသည်အထိ ရိုက်နှက်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း Klisevits က ပြောသည်။

 

လူတွေကို သူတို့ ဘယ်လို အပြစ်ပေးတယ်ဆိုတာ တွေ့ရတဲ့အခါ ကျွန်တော် တွေးမိတာက 'ငါ ဘယ်လို ငရဲကို ရောက်နေရတာလဲ'” ဟု Klisevits က ပြောသည်။

 

၂၀၂၃ ခုနှစ်တွင် တရုတ်အစိုးရကို ၎င်းလုပ်ငန်းများအား အရေးယူပေးရန် ပြည်တွင်းနှင့် နိုင်ငံတကာမှ ဖိအားပေးမှုများ တိုးမြင့်လာသည်။ မြန်မာနိုင်ငံတွင် လူပေါင်း ၁၂၀၀၀၀ ကျော် အတင်းအကျပ် အလုပ်လုပ်ရန် ခိုင်းစေခံရသည်ဟု ကုလသမဂ္ဂက ပြီးခဲ့သည့်နှစ်တွင် ခန့်မှန်းထားသည်။ ကယ်ဆယ်ရေးအဖွဲ့များက ၎င်းမှာ အနည်းဆုံး ခန့်မှန်းတွက်ချက်မှုဟု ဆိုသည်။

 

လိမ်လည်မှုလုပ်ငန်းများတွင် လုပ်ကိုင်ရန် ကုန်ကူးခံရသူများမှာ အနည်းဆုံး နိုင်ငံပေါင်း ၃၅ နိုင်ငံခန့်တို့မှ ဖြစ်ကာ အမေရိကန်၊ ယူဂန်ဒါ၊ ဘရာဇီးတို့လည်း ပါဝင်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူကုန်ကူးမှု စောင့်ကြည့်ရေးနှင့် တိုက်ဖျက်ရေးရုံးထံမှ သိရသည်။ အများစုမှာမူ တရုတ်မှ ဖြစ်သည်။

 

တရုတ်အစိုးရက မြန်မာစစ်တပ်ကို ကြိုတင်ပြီး အချက်ပေးပြောဆိုမှုတွေ အများကြီး ပေးပို့ခဲ့ပါတယ်။” ဟု မြန်မာ-တရုတ် နယ်စပ်ဒေသအကြောင်း သုတေသန ကျယ်ပြန့်စွာ ပြုလုပ်ထားသည့် လန်ဒန် SOAS တက္ကသိုလ်မှ ပါရဂူဘွဲ့တင်သွင်းထားသူ Xu Peng က ပြောသည်။ "မင်းအောင်လှိုင်က ဒီအချက်ပေးချက်တွေကို မသိတာပဲလား။ ဒါမှမဟုတ် သူ့ရဲ့ ပုဂ္ဂိုလ်ရေး သမိုင်းကြောင်းအရ ဖြိုခွင်းဖို့ ဆန္ဒမရှိတာပဲလား မသိဘူး။ ကိုးကန့်ကို သူတက်လာတဲ့အချိန်အစပိုင်းလို့ မှတ်ယူထားတာ။”

 

တရုတ်နိုင်ငံက ၎င်းအလုပ်သမားများကို အိမ်ပြန်ပို့ချင်ကြောင်း သတင်းစကားများ အလုပ်သမားများထံ ရောက်ရှိလာပြီးနောက် ထွက်ပြေးရန် ကြိုးပမ်းမှုများ မြင့်တက်လာသည်။ အောက်တိုဘာ ၂၀ ရက် ဝပ်နေတဲ့ ကျားစံအိမ်မှ အစောင့်များက ထွက်ပြေးရန် ကြိုးစားသူ ၁၀၀ ကျော်ကို ပစ်ခတ်ခဲ့သည်။ မည်မျှ သေဆုံးသည်ကို The Post က အတည်မပြုနိုင်သော်လည်း သေဆုံးသူများအနက် အသွင်ယူ တရုတ်ရဲ လေးဦး ပါဝင်သည်ဟု ကိုးကန့်ဒေသခံများနှင့် လိမ်လည်မှုလုပ်ငန်းခွင်များမှ လူများခေါ်ဆောင်ရန် တရုတ်နှင့် ထိုင်းနိုင်ငံရှိ မိသားစုများ၊ အာဏာပိုင်များနှင့် လုပ်ကိုင်နေသည့် လွတ်လပ်သော အတိုင်ပင်ခံတစ်ဦးဖြစ်သူ Sammy Chen က ပြောသည်။

 

တရုတ်အစိုးရ၏ ဖြိုခွင်းမှုကို အားထပ်လောင်းသည့်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က အာဏာသိမ်းစစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာမှ ဇန်နဝါရီလ ၆ ရက်နေ့တွင် ကိုးကန့်မြို့တော် လောက်ကိုင် ညီနောင်သုံးဖော်အဖွဲ့ဝင် မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA လက်သို့ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် ကျရောက်ခဲ့သည်။ MNDAA က မှတ်ချက်ပေးရန် တောင်းဆိုမှုကို မတုန့်ပြန်ခဲ့ပါ။ ထိုစဉ်မှပင် MNDAA က ကိုးကန့်မှ နိုင်ငံခြားသားများ နေရပ်ပြန်ရေး လုပ်ဆောင်ပေးနေခဲ့သည်ဟု ပါဝင်သူ သံတမန်များအဆိုအရ သိရသည်။

 

အကြီးတန်း ဂိုဏ်းခေါင်းဆောင် အများအပြားမှာ လိမ်လည်မှု၊ အခြားအမှုများဖြင့် တရုတ်နိုင်ငံတွင် ရင်ဆိုင်နေရကာ ထောင်တစ်သက်ကျခံရဖွယ် ရှိကြောင်း အရာရှိများက ပြောသည်။ သို့သော် အများအပြားမှာ ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်သည်။

 

အွန်လိုင်းကာစီနိုလုပ်ငန်းလုပ်ကိုင်သည့် Warner International အပါအဝင် လျိုမိသားစု၏ Fully Light Group နှင့် ၎င်း၏ လုပ်ငန်းခွဲများနှင့် ချိတ်ဆက်ထားသော အတည်ပြုနိုင်သည့် ခရစ်ပတိုငွေကြေးလိပ်စာများကို The Post က ဘလော့ချိန်းအကဲဖြတ်အဖွဲ့ Chainalysis သို့ ပေးပို့ခဲ့သည်။ Chainalysis က ၎င်းလုပ်ငန်းများသည် ကြားခံများမှတဆင့် မကြာသေးသော ဧပြီလအထိ သန်းပေါင်းများစွာ ရွှေ့ပြောင်းမှုများ ဆက်လက်ပြုလုပ်နေဆဲ‌ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

 

ဒီရာဇဝတ်အဖွဲ့အစည်းတွေက တစ်ချက်တည်းနဲ့ ဖြိုခွင်းဖို့ မဖြစ်နိုင်အောင် အလွန်ရှုပ်ထွေးလွန်းပါတယ်။” ဟု Chainalysis မှ အကြီးတန်း အချက်အလက်အကဲဖြတ်သူ Xue Yin Peh က ပြောသည်။

 

၎င်းတို့ ရွေးချယ်ထားသည့် ခရစ်ပတိုငွေကြေးမှာ ဒေါ်လာနှင့် တန်ဖိုးချိန်ညှိထားသည့် ကမ္ဘာ့အကြီးဆုံး တည်ငြိမ်သည့်ငွေကြေး Tether ဖြစ်သည်ဟု UNODC မှ Douglas က ပြောသည်။ ကမ္ဘောဒီးယားရှိ Gobo East ကာစီနိုကဲ့သို့သော Fully Light လုပ်ငန်းခွဲများမှာ Tether နှင့် ကုန်သွယ်ရောင်းဝယ်နေဆဲဖြစ်သည်ဟု Douglas က ပြောသည်။

ကိုးကန့်ရာဇဝတ်မိသားစုများ ပိုင်ဆိုင်ခဲ့သည့် ကာစီနိုများနှင့် ဟိုတယ်များ တည်ရှိနေသေးသော်လည်း အမှောင်ဖုံးသွားပြီ ဖြစ်သည်။ ဝေဖြိုးအောင် (Wei Qingtao) ကလပ်ဖြစ်သော Hanley Interstellar မှာလည်း တစပြင်ဖြစ်နေပြီ။ ဝပ်နေတဲ့ကျားစံအိမ်သည်လည်း နံရံများ ပြိုကျနေပြီး ကျည်ဆန်ရာများ ဗရပွဖြစ်နေကြောင်း အတည်ပြုနိုင်သည့် ဗီဒီယိုများတွင် မြင်ရသည်

 

အခြားသော တရုတ်မျိုးနွယ်စုဂိုဏ်များက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများသည် ကမ္ဘာ့အခြားဒေသများ အထူးသဖြင့် ကမ္ဘောဒီးယားနှင့် လာအိုထံသို့ ဆက်လက်ကျယ်ပြန့်နေပြီး ၎င်းတို့သာမက ဒူဘိုင်း၊ တောင်အာဖရိက၊ ဂျော်ဂျီယာတို့ဆီသို့လည်း ဆက်လက် ကျယ်ပြန့်နေသည်ဟု ကုလသမဂ္ဂ သုတေသီများနှင့် လူကုန်ကူးမှု ဆန့်ကျင် ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

 

အရှေ့တောင်အာရှမှာ ဒေသတွင်း ရာဇဝတ်မှုတစ်ခုအနေနဲ့ စတင်ခဲ့ရာက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာရော၊ လိမ်လည်ဖို့ ပစ်မှတ်ထားခံရသူတွေအနေနဲ့ရော ကျူးလွန်ခံရသူပေါင်း သန်းပေါင်းများစွာနဲ့ ကမ္ဘာ့ လူကုန်ကူးမှု အကျပ်အတည်းအဖြစ်ကို ရောက်လာပါပြီ။” အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့မှ အထွေထွေအတွင်းရေးမှူး Jürgen Stock က မတ်လတွင် ပြောသည်။

 

တရုတ်အစိုးရ၏ ဖြိုခွင်းမှုသည် လိမ်လည်မှုလုပ်ငန်းများအပေါ်တွင် အနည်းဆုံး အဓိက အကျိုးသက်ရောက်မှုတစ်ခု ရှိခဲ့သည်။ သုတေသီများ၊ ကယ်ဆယ်ရေးလုပ်ဆောင်သူများကပြောသည်မှာ တရုတ်နွယ်ဖွားဂိုဏ်းများသည် တရုတ်အစိုးရ၏ အမျက်ဒေါသကို ရှောင်ရှားနိုင်ရန် ယခုအခါ အမေရိကန်အပါအဝင် အင်္ဂလိပ်စကားပြောသူများကို ပစ်မှတ်ထားလာကြောင်းပြောသည်။

 

သူတို့က ကိုးကန့်ဒေသကနေ တရုတ်ဥပဒေစိုးမိုးရေး အားနည်းတဲ့ ဒေသတွေကို ပြောင်းရွှေ့နေကြပြီ။” လူကုန်ကူးမှု တိုက်ဖျက်ရေး NGO တစ်ခုဖြစ်သည့် International Justice Mission တွင် ယခင်က လုပ်ကိုင်ခဲ့သူ ယခုအခါ USIP တွင် ဧည့်ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်နေသူ Jacob Sims က ပြောသည်။

 

ကိုးကန့်ရာဇဝတ်မိသားစုများ ပိုင်ဆိုင်ခဲ့သည့် ကာစီနိုများနှင့် ဟိုတယ်များ တည်ရှိနေသေးသော်လည်း အမှောင်ဖုံးသွားပြီ ဖြစ်သည်။ ဝေဖြိုးအောင် (Wei Qingtao) ကလပ်ဖြစ်သော Hanley Interstellar မှာလည်း တစပြင်ဖြစ်နေပြီ။ ဝပ်နေတဲ့ကျားစံအိမ်သည်လည်း နံရံများ ပြိုကျနေပြီး ကျည်ဆန်ရာများ ဗရပွဖြစ်နေကြောင်း အတည်ပြုနိုင်သည့် ဗီဒီယိုများတွင် မြင်ရသည်။

 

သို့သော် ကျားတစ်ကောင်နှင့် ဝက်ဝံငါးကောင်မှာ ပဋိပက္ခအတွင်း ရှင်သန်ကျန်ရစ်သည်။ တော်လှန်တိုက်ခိုက်ရေး စစ်သားများက နေ့စဉ် အစာအဖြစ် ကြက်သားများ ကျွေးမွေးနိုင်မှုအပေါ် မူတည်နေပြီး ၎င်းတို့၏ လှောင်အိမ်များအတွင်း လှည့်လည်သွားလာနေကြပေမည်။

 

ကိုးကား - The Washington Post

 

ပုံစာ - ဝေ မိသားစု ဆက်ခံသူ ဝေဖြိုးအောင် (Wei Qingtao) ဝန်ခံပြောဆိုနေသည့် ဗီဒီယိုမှ Screenshot ( 佤邦消息 / Wechat ဗီဒီယိုမှ)

   

 

ကျွန်ပြုမှုများ
တရုတ်
လူကုန်ကူးမှု
ကိုးကန့်
ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းလိမ်လည်မှုများ
Wei Qingtao
ငွေကြေးခဝါချမှု
မြန်မာ

Share With
bap-logo