bap-logo
Articles

တော်လှန်ရေးအဖွဲ့များထံမှ သင်ခန်းစာယူ၍ တရုတ် ဒရုန်းအုပ်စုများ ဖွဲ့စည်းလာသည့် အာဏာသိမ်း စစ်အုပ်စု

IdRurX9qYeIych9IrI9Cu-image

လွန်ခဲ့သော ၄ လ က

 

မြန်မာ ခုခံတော်လှန်ရေးတိုက်ခိုက်ရေးသမားများသည် ပြီးခဲ့သည့်နှစ် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရာ၌ ဒရုန်းများ အသုံးပြုပြီး အောင်မြင်မှုများ ရရှိခဲ့သည်။

 

သို့သော် ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ ၎င်းတို့ ရင်းနှီးကျွမ်းဝင်မှု ရှိပြီးဖြစ်သော တိုက်ခိုက်ရေးသုံးအဖြစ် ပြင်ဆင်ထားသည့် တရုတ်လုပ် စီးပွားရေးလုပ်ငန်းသုံး ဒရုန်းများကို အာဏာသိမ်း စစ်အုပ်စု၏ အပိတ်အဆို့များအကြား တိုးမြှင့် ရှာဖွေလာရသည်ဟု ၎င်းအရေးနှင့် ပတ်သတ်၍ သိရှိထားသူ ခုနှစ်ဦးက ပြောသည်။

 

“’အခုဆိုရင် ဒရုန်းတွေကို နှစ်ဘက်လုံးက သုံးလာတဲ့အတွက် တိုက်ပွဲက ပြောင်းလာပြီ။ဟု မြန်မာနိုင်ငံ အရှေ့တောင်ဘက်မှ အသက် ၃၁ နှစ် အရွယ်ရှိ တော်လှန်တိုက်ခိုက်ရေးသမား ကိုတရုတ်ကြီးဟု တော်လှန်ရေး အမည် ကိုယ်တိုင်ပေးထားသူက ပြောသည်။

 

စစ်အုပ်စုသည် နှစ်အကူးအပြောင်းကာလမှ စတင်၍ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ရန် လူမပါသည့် ယာဉ်ပျံများ စတင်အသုံးပြုလာသည်ဟု ၎င်းက ပြောသည်။ ၎င်း၏ တပ်ဖွဲ့က ဒရုန်းတစ်စင်းကို ပစ်ချခဲ့ရာ အစိတ်အပိုင်းများအရ တရုတ်မှ ဖြစ်နေသည်ဟု စိစစ်သိရှိရကြောင်း၊ တိုက်ခိုက်ရေးအတွက် ပြုပြင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံ အခြားဒေသမှ တိုက်ခိုက်ရေးသမားနှစ်ဦးကလည်း အလားတူ တိုက်ခိုက်မှုများအကြောင်း Reuters ကို ပြောသည်။

 

အခုဆိုရင် ဒရုန်းတွေကို နှစ်ဘက်လုံးက သုံးလာတဲ့အတွက် တိုက်ပွဲက ပြောင်းလာပြီ

 

 

Reuters က ခုခံတိုက်ခိုက်ရေးသမား လေးဦး၊ အကဲဖြတ် ဆန်းစစ်သူ နှစ်ဦးနှင့် ပဋိပက္ခကို ခြေရာခံ လေ့လာနေသည့် ဒေသတွင်းမှ အရာရှိတစ်ဦးတို့ကို မေးမြန်းခဲ့သည်။ ၎င်းတို့က စစ်အုပ်စု၏ ဖောက်ခွဲရေးပစ္စည်းများ ဖြစ်သလိုတပ်ဆင်ထားသော တရုတ်ထုတ် ဒရုန်းများအသုံးပြုမှုကို ပထမဆုံးအကြိမ် ရှင်းလင်း ပြောကြားကြသည်။ ၎င်းပြောကြားသူအချို့က အထိခိုက်မခံသည့် အရေးဖြစ်သောကြောင့် အမည်လျှို့ဝှက် ပြောကြားကြသည်။

 

ခုခံတော်လှန် တိုက်ခိုက်ရေးသမားအချို့ စစ်အုပ်စု၏ ဒရုန်းများကြောင့် ဒဏ်ရာရခဲ့ကြောင်း ကိုတရုတ်ကြီးက ပြောသည်။ "သူတို့ ဒရုန်းအသုံးပြုပုံ ပိုကောင်းလာတယ်။

 

စစ်အုပ်စုက နှစ်စပိုင်းတွင် တရုတ် စီးပွားရေးလုပ်ငန်းသုံး လူမပါသည့် ယာဉ်ပျံများကို ပြည်တွင်းထုတ် ခဲယမ်းများဖြင့် တပ်ဆင်တိုက်ခိုက်ရန် ထောင်နှင့် ချီ၍ စတင်ဝယ်ယူနေသည်ဟု Myanmar Institute for Peace and Security မှ ဦးမင်းဇော်ဦးက ပြောသည်။

 

စစ်ဘက်အရာရှိများ၊ လက်နက်ထုတ်လုပ်ရေးအကြောင်း သိရှိသူများထံမှ သတင်းရရှိခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

 

စစ်အုပ်စု ပြောခွင့်ရသူကို မှတ်ချက်ပေးရန် ဆက်သွယ်ခေါ်ဆိုသော်လည်း အကြောင်းမပြန်ခဲ့ပါ။ စစ်တပ်က ၎င်းတို့၏ လူမပါသည့် ယာဉ်ပျံများ လတ်တလော အသုံးပြုလာခြင်းကို အများသိအောင် ပြောဆိုခြင်း မရှိပေ။ တော်လှန်ရေးအဖွဲ့များက ပြီးခဲ့သည့်နှစ် အောက်တိုဘာ လမှ စတင်ခဲ့သည့် ထိုးစစ်အတွင်း ဒရုန်းများကို အသုံးပြု၍ ဗုံး ၂၅,၀၀၀ ကျဲချခဲ့သည်ဟု စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့သည့်နှစ်တွင် ပြောခဲ့သည်။

 

Reuters မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lin Jian က "တရုတ်နိုင်ငံသည် စစ်ရေးထုတ်ကုန်များနှင့် အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးကုန်ပစ္စည်းများကိုတင်ပို့ရာတွင် ချင့်ချိန်မှု၊ တာဝန်ယူမှုရှိသည့် သဘောထားရပ်တည်ချက် အမြဲ ကျင့်သုံးခဲ့ကြောင်းတုန့်ပြန်ခဲ့သည်။

 

NUG ပြောခွင့်ရသူကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို အကြောင်းမပြန်ခဲ့ပါ။

 

မြန်မာစစ်တပ်သည် ၂၀၁၃ ခုနှစ်ဝန်းကျင်တွင်လည်း လက်နက်တပ်ဆင်ထားသော လူမလိုက်ပါသည့် ယာဉ်ပျံ CH-3 ၁၂ စင်းခန့် ဝယ်ယူခဲ့သည်ဟု Stockholm International Peace Research Institute လက်နက်လွှဲပြောင်းမှု အချက်အလက်စုစည်းမှုမှ သိရသည်။

 

သို့သော် နောက်ဆုံးဖြစ်စဉ်များတွင် စစ်အုပ်စုက ၎င်းကဲ့သို့သော ယာဉ်ပျံများကို ထိုးစစ်အတွင်း အသုံးမပြုကြောင်း၊ ၎င်းတို့အစား စိုက်ပျိုးရေးလုပ်ငန်းသုံး ဒရုန်းများအပါအဝင် စီးပွားရေးလုပ်ငန်းသုံး multi-rotor ဒရုန်းများကို အသုံးပြုခဲ့ကြောင်း ခုခံတိုက်ခိုက်ရေးသမားများက ပြောသည်။

 

လတ်တလော လပိုင်းအတွင်း ရှေ့တန်းတွင် စစ်အုပ်စု၏ ဒရုန်းအရေအတွက် အနည်းငယ်သာ တွေ့ရှိခဲ့ရသည်ဟု တော်လှန်တိုက်ခိုက်ရေးသမား လေးဦးက ပြောသည့်အတွက် စစ်တပ်က အသစ်ဝယ်ယူထားသည့် ယာဉ်ပျံများကို အားလုံး နေရာ ချထားခြင်း ရှိပုံ မရချေ။

 

စစ်အုပ်စုက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြတ်ချခြင်း မပြုမီက ၎င်းသည် ခရီးဝေး ဘတ်စ်ကား မောင်းသူတစ်ဦးဖြစ်သည်။

 

CH-3 များကို ထိုးစစ်အတွင်း အသုံးမပြုရခြင်း အကြောင်းရင်း၊ တရုတ်လုပ် စီးပွားရေးလုပ်ငန်းသုံး ဒရုန်များ အမြောက်အများ နေရာချထားပုံ မရခြင်း အကြောင်းရင်းတို့ကို Reuters က သီးသန့် စုံစမ်း၍ မရပါ။

 

အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း စစ်တပ်သည် အသစ်ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့များ၊ ယခင်က ရှိနှင့်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် နယ်မြေအမြောက်အများ ဆုံးရှုံးနေပြီး အားအနည်းဆုံးအခြေအနေသို့ ရောက်ရှိနေသည်။

 

လာမည့်လများအတွင်း ပြည်တွင်းစစ်၏ လားရာကို ခန့်မှန်းရန် ခက်ခဲနေပြီး ခုခံတော်လှန်ရေးဘက်မှ အစောပိုင်း ရရှိခဲ့သော ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်း၏ အားသာချက်များ ဆုံးရှုံးခဲ့ပုံရသည်ဟု ဦးမင်းဇော်ဦးက ပြောပြီး အခြားသော အကဲဖြတ်ဆန်းစစ်သူတစ်ဦးနှင့် ကိုတရုတ်ကြီးတို့ကလည်း ၎င်းကဲ့သို့ပင် ရှုမြင်ကြသည်။

 

စီးပွားရေးလုပ်ငန်းသုံး ဒရုန်းများသည် ယူကရိန်းပဋိပက္ခတွင်လည်း Kyiv တပ်ဖွဲ့များက ဒရုန်းအစုအဖွဲ့ အမြောက်အများကို တိုက်ပွဲတွင်း အသုံးပြုရန် ရည်ရွယ်၍ လျင်မြန်စွာ ဖွဲ့စည်း အသုံးပြုခဲ့ပြီး အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်စေခဲ့သည်။

 

မြန်မာနိုင်ငံတွင် ကိုတရုတ်ကြီးနေဖြင့် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း လက်နက်များအကြောင်း မတွေးမိခဲ့ဘူးပေ။ စစ်အုပ်စုက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြတ်ချခြင်း မပြုမီက ၎င်းသည် ခရီးဝေး ဘတ်စ်ကား မောင်းသူတစ်ဦးဖြစ်သည်။

 

ဆန္ဒပြပွဲများကို စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းခြင်းကြောင့် ကိုတရုတ်ကြီးသည် အခြား လူငယ်များစွာ နည်းတူ စစ်တပ်ကို ဆန့်ကျင်ရန် လက်နက်ကိုင်ခဲ့ခြင်းဖြစ်သည်။

 

တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သော နယ်စပ်ဒေသ မဟာဗျူဟာမြောက် စစ်စခန်းများကို ထိန်းသိမ်းထားရန်အတွက် စစ်အုပ်စုက လက်နက်ကြီးနှင့် သမားရိုးကျ လေကြောင်းထောက်ပံ့မှုများကိုသာ မကြာသေးမီထိ အားထားခဲ့ကြောင်း ဦးမင်းဇော်ဦး က ပြောသည်။

 

လိုအပ်လျှင် ထပ်တိုး တပ်ဖွဲ့များကို ပေးပို့သော်လည်း နေရာအနှံ့မှ ရှေ့တန်းစစ်မျက်စာများသို့ စစ်ကူပေးရန် စစ်အုပ်စုတွင် လုံလောက်သည့် အရန်တပ်ဖွဲ့များ မရှိဟု ၎င်းက ပြောသည်။

 

တော်လှန်ရေးသမားတို့၏ မြောက်များစွာသော ဒရုန်းများက လက်နက်ကြီးတည်ရှိရာနေရာများကို ချေမှုန်းနိုင်ခဲ့ပြီး မြေပြင်မှ တော်လှန်ရေးတပ်ဖွဲ့များက အနီးရှိ စစ်အခြေစိုက်စခန်းများကို ဖြတ်တောက်ထားနိုင်ခဲ့သည်ဟု စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများတွင် ယခင်က ပါဝင်ခဲ့သည့် အကဲဖြတ် ဆန်းစစ်သူတစ်ဦးက ပြောသည်။

 

ခုခံတိုက်ခိုက်ရေးသမားနှစ်ဦးက မူလက စိုက်ခင်းများကို ဆေးဖြန်းရန် ဒီဇိုင်းပြုလုပ်ထားသည့် ဒရုန်းများကို ပစ်ချခဲ့ကြောင်း Reuters ကို ပြောသည်။ ၎င်းတို့အနက် တစ်ဦးမှာ မြန်မာနိုင်ငံအရှေ့ပိုင်းမှ ဖြစ်ပြီး ၎င်း၏ တပ်ဖွဲ့မှ ပစ်ချခဲ့သော ဒရုန်းပေါ်တွင် "Boying” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်ဟု ဆိုသည်။

 

လူမပါသည့် ယာဉ်ပျံများ၏ ပျံသန်းမှု ထိန်းချုပ်ရေးကိရိယာများ ထုတ်လုပ်သော တရုတ်နိုင်ငံမှ Boying လုပ်ငန်းက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

 

လူမပါသည့် ယာဉ်ပျံအစုအဖွဲ့များ ချဲ့ထွင်လာခြင်းကို စိတ်ဓာတ်ပျက်ပြားနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များက ကြိုဆိုကြကြောင်း ဦးမင်းဇော်ဦးက ပြောသည်။

 

စစ်တပ်သည် ပြန်လည်လေ့ကျင့်မှု၊ ပြန်လည် အစားထိုး ပြင်ဆင်မှုများ အချိန်ယူပြုလုပ်နေစဉ် ခံစစ်ကို ဆက်လက်ထိန်းသိမ်းထားဖွယ် ရှိသည်ဟု ၎င်းက ပြောသည်။ "ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ပြိုင်ဘက်ရန်သူရဲ့ နယ်မြေစခန်းတွေကို ဒရုန်းအသုံးပြုပြီး အနှောက်အယှက်ပေးနေလိမ့်မယ်။

 

ကိုးကား - Reuters

ပုံစာ - ဂျွန်လ ရက် ၂၀၂၄ ခုနှစ် တွင် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ တစ်နေရာမှ ဒရုန်းတစ်စင်းတွင် ဗုံးတပ်ဆင်မှု။ (Angry Bird Drone Rangers/Handout via REUTERS)

 

Burma Associated Press

စစ်ကောင်စီ
တရုတ်
ဒရုန်း
မြန်မာ့နွေဦးတော်လှန်ရေး

Share With
bap-logo