bap-logo
Articles

အကြမ်းဖက် ရက်စက်သည့် စစ်တပ်အတွက် မြန်မာ့သစ်က ငွေကြေး ဘယ်လို ထောက်ပံ့နေလဲ

I33dLi_YrZx3oghX6zCsL-image

လွန်ခဲ့သော ၅ လ က

မြန်မာနိုင်ငံသည် ဆီးရီးယားနိုင်ငံနှင့် ပါလက်စတိုင်းတို့ထက် အဆင့် သတ်မှတ်ချက် သာလွန်ကာာ ကမ္ဘာပေါ်တွင် အကြမ်းဖက်မှု အများဆုံးနိုင်ငံတစ်ခုဖြစ်သည်ဟု Armed Conflict Location and Event Data Project (လက်နက်ကိုင် ပဋိပက္ခ နယ်မြေနှင့် အဖြစ်အပျက်တို့၏ အချက်အလက်များ စီမံချက်) အချက်အလက်များအရ သိရသည်။

 

စစ်တပ်ကိုယ်တိုင် တင်ပြချက်များအရ မြန်မာနိုင်ငံသည် အောက်တိုဘာလ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် နှစ်လယ်အထိ ဒေါ်လာ ၂၃၅. သန်း တန်ဖိုးရှိ သစ်များ တင်ပို့ခဲ့သည်ဟု သိရသည်

၂၀၂၁ ခုနှစ် အာဏာသိမ်းစဉ်က စတင်၍ စစ်ဗိုလ်ချုပ်ကြီးများကို မြန်မာ့ သဘာဝအရင်းအမြစ်များ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများမှ ချမ်းသာကြီးပွား မလာစေရန် နိုင်ငံတကာ အသိုင်းအဝိုင်းက စီးပွားရေး ဒဏ်ခတ်မှုများ ချမှတ်ခဲ့သည်။ ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှ စတင်ကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပူးပေါင်း ထိုးစစ်ဆင်မှုရလဒ် တစ်စိတ်တစ်ပိုင်းအဖြစ် စစ်အာဏာရှင်သည် ယခင်က တွေးထင်ထားသည်ထက် ယခုအခါ ပိုမို အားနည်းလာသည်ဟု ကျွမ်းကျင်သူအချို့က ယူဆပြောဆိုကြသည်။ တိုးတက် စုစည်း ခိုင်မာလာသော ခုခံတော်လှန်ရေးနှင့် စီးပွားရေး ဖြတ်တောက် ခွဲခြားထားခြင်းများကို စစ်တပ်၏ တရစပ်၊ ကြမ်းတမ်း ရက်စက်သည့် "ဖြတ်လေးဖြတ်” လုပ်ရပ်များက ခံနိုင်ရည်ရှိကြောင်း ပြသနေပါသေးသည်။

 

စစ်တပ် အသုံးပြုသော ဗျူဟာတစ်ခုမှာ နိုင်ငံတကာ ဝယ်ယူသူများထံသို့ သစ်များ ရောင်းချနိုင်ရန် ဒဏ်ခတ်ပိတ်ဆို့မှုများကို ကျော်လွှားခြင်း ဖြစ်သည်။ စစ်တပ်ကိုယ်တိုင် တင်ပြချက်များအရ မြန်မာနိုင်ငံသည် အောက်တိုဘာလ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် နှစ်လယ်အထိ ဒေါ်လာ ၂၃၅. သန်း တန်ဖိုးရှိ သစ်များ တင်ပို့ခဲ့သည်ဟု သိရသည်။ နယ်စပ်ဖြတ်ကျော် ခိုးထုတ်မှုများ ကျယ်ပြန့်နေသည့်အတွက် အမှန်တကယ် ထုတ်လုပ်မှုမှာ တရားဝင်တင်ပြချက်များထက် များစွာ ပိုမိုနိုင်ဖွယ်ရှိသည်။

 

မြန်မာနိုင်ငံမှ ထွက်သွားသော သစ်များ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ အိန္ဒိယနှင့် တရုတ်သို့ ခိုးထုတ်သွားခြင်းဖြစ်သည်ဟု Global Initiative Against Transnational Organized Crime (နိုင်ငံဖြတ်ကျော် စုဖွဲ့ကျူးလွန်သော ရာဇဝတ်မှုများ ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု) အဖွဲ့၏ ၂၀၂၁ ခုနှစ်က ဖြန့်ချိခဲ့သည့် သုတေသနအရ သိရသည်။ ၎င်းအဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ ခိုးထုတ်သူများသည် သစ်တုံးများကို ဆီတင်သင်္ဘောများ၊ လူသားချင်းစာနာမှုဆိုင်ရာ ယာဉ်များတွင် သိုဝှက်သယ်ဆောင်ကြသည်ဟု ဖော်ပြထားပြီး ပေါ်ပေါ်ထင်ထင် လုပ်ကိုင်ကြခြင်းများလည်း ရှိသည်ဟု ဆိုသည်။ အသိအမှတ်ပြု သစ်များနှင့် ယှဉ်လျှင် ဈေးသက်သာသောကြောင့် ပြည်တွင်း ပရိဘောဂပြုလုပ်သူများကလည်း မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးမှ တရားမဝင် သစ်များကို ဝယ်ယူကြသည်။

 

ပဋိပက္ခနှင့် တရားမဝင် သစ်ထုတ်ခြင်းများအကြား ထင်ရှားသော ဆက်သွယ်ချက် မရှိသော်လည်း ပဋိပက္ခ ရေချိန် မြင့်မားသော နိုင်ငံများ၊ ထိခိုက်လွယ်သည့် နိုင်ငံများတွင် သစ်တောရင်းမြစ်များ စီမံခန့်ခွဲရာတွင် ထိရောက်စေရန်၊ ပွင့်လင်းမြင်သာစေရန် ရုန်းကန်နေရသည်ဟု သုတေသီများက မှတ်ချက်ပြုထားကြသည်။ အပူပိုင်းဒေသမှ သစ်မာများမှာ ကမ္ဘာ့ဝယ်လိုအား မြင့်တက်နေသည့်အတွက် ဒဏ်ခတ်ပိတ်ဆို့မှုများ၊ တင်ပို့မှု ပိတ်ပင်ထားခြင်းများ၊ အသိအမှတ်ပြု အစီအစဉ်များကို ကျော်လွှားရန် ဒေသတွင်း ပဋိပက္ခများတွင် ပါဝင်နေသူများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်များအတွက် မက်လုံးများ ဖန်တီးပေးနေသည်။

 

၎င်းနောက်ခံအခြေအနေများရှိသော်လည်း သစ်များ ဝယ်ယူခြင်းသည် အမြဲလိုလို တရားမဝင်ခြင်း မဟုတ်ပေ။ သို့ရာတွင် ဝယ်ယူသူ အများအပြားက အကျင့်ပျက်ခြစားမှုများနှင့် ပဋိပက္ခ ဘဏ္ဍာရေး ထောက်ပံ့မှုတို့၏ ကြီးမားသော စွန့်စားရမှုကို လက်ခံကြပြီး အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ Interpol က ကမ္ဘာ့သစ်ကုန်သွယ်မှု၏ ၃၀ ရာခိုင်နှုန်းမှာ တရားမဝင် ရင်းမြစ်များက မူလအရင်းခံခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည်။

 

အမေရိကန်နှင့် အီတလီနိုင်ငံတို့တွင် ပြုလုပ်ခဲ့သော စုံစမ်းစစ်ဆေးမှုများအရ ရွက်လှေကုန်းပတ်များ၊ အဆင့်မြင့် ပရိဘောဂများ တည်ဆောက်ရန် သစ်လုပ်ငန်းများက တင်သွင်းလာသော သစ်များမှာ မြန်မာနိုင်ငံမှ တရားမဝင် သစ်များဖြစ်ကြောင်း အထောက်အထားများတွေ့ရှိရသည်

 

တရုတ်၊ အိန္ဒိယနှင့် အမေရိကန်တို့ကဲ့သို့ ချမ်းသာသော နိုင်ငံများသည် "သစ်တောပြုန်းတီးစေသည့် တင်သွင်းမှုများ” ၏ ၄၀ ရာခိုင်နှုန်းအတွက် တာဝန်ရှိကြသည်။ အချက်အလက် သိပ္ပံပညာရှင် Hannah Ritchie ထုတ်ဝေဖြန့်ချိသော သုတေသနအရ အစားအစာနှင့် သစ်တောထွက်ပစ္စည်း လိုအပ်ချက်များကြောင့် ၎င်း သစ်တောပြုန်းတီးမှုများဖြစ်ပေါ်စေသည်ဟု သိရသည်။ စိုက်ပျိုးရေးလုပ်ငန်းသည် အဓိက ပြုန်းတီးရခြင်း အကြောင်းရင်းဖြစ်သော်လည်း အဆင့်မြင့်အသုံးအဆောင်များအတွက် သစ်မာလိုအပ်ချက်ကြောင့် ပသျှူးပိတောက်၊ sapele ပိတောက်၊ မဟော်ဂနီနှင့် အခြားသစ်မျိုးစိတ်များ ပြုန်းတီးခဲ့ကြသည်။ ၎င်းမျိုးစိတ်များ၏ အရောင်အသွေး စုံလင်မှု၊ အကြမ်းခံမှုတို့ကြောင့် ထုတ်လုပ်သူများနှင့် သုံးစွဲသူများက အငမ်းမရ လိုချင်ကြသည်။

 

အမေရိကန်နှင့် အီတလီနိုင်ငံတို့တွင် ပြုလုပ်ခဲ့သော စုံစမ်းစစ်ဆေးမှုများအရ ရွက်လှေကုန်းပတ်များ၊ အဆင့်မြင့် ပရိဘောဂများ တည်ဆောက်ရန် သစ်လုပ်ငန်းများက တင်သွင်းလာသော သစ်များမှာ မြန်မာနိုင်ငံမှ တရားမဝင် သစ်များဖြစ်ကြောင်း အထောက်အထားများတွေ့ရှိရသည်။ အာဖရိကနှင့် မြန်မာအပါအဝင် အရှေ့တောင်အာရှမှ ပသျှူးပိတောက် ပမာဏ အမြောက်အများကို ဈေးကြီးသော ပရိဘောဂများအဖြစ်လည်းကောင်း တရုတ်နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများတွင် Hongmu (တန်ဖိုးကြီး သစ်နီ) အဖြစ်လည်းကောင်း အသုံးပြုကြသည်။ Hongmu တရုတ်ဈေးကွက်မှာ တစ်နှစ်လျှင် ဒေါ်လာ ၂၆ ဘီလီယံ ရှိသည်ဟု မကြာသေးခင်က ခန့်မှန်းထားကြသည်။

 

အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင် ခုခံကာကွယ်သူများ၏ ဆယ်စုနှစ်များစွာ စည်းရုံးလှုံ့ဆော်မှုကြောင့် တရားမဝင် သစ်ထုတ်လုပ်မှုအပေါ် မူဝါဒရေးရာနှင့် ထုတ်လုပ်တင်ပို့မှု ကွင်းဆက်တစ်လျှောက် အဖြေရှာလာကြသည်။ အမေရိကန်နိုင်ငံ၏ Lacey ဥပဒေ (သစ်တောထွက် ပစ္စည်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဥပဒေ) ဥရောပသမဂ္ဂ သစ်လုပ်ငန်း စည်းမျဉ်း စည်းကမ်းများ နှင့် တရုတ်နိုင်ငံ၏ ၂၀၁၉ ခုနှစ် မျိုးသုဉ်းမှု အန္တရာယ်ရှိသည့် တိရိစ္ဆာန်များနှင့် အပင်များ တင်သွင်းမှု၊ တင်ပို့မှုဆိုင်ရာ စီမံအုပ်ချုပ်ရေး စည်းမျဉ်းစည်းကမ်းများမှာ အဓိက အရေးပါသော မူဝါဒများ ဖြစ်ကြသည်။

 

သစ်တော အုပ်ချုပ်ရေး ကောင်စီ (Forest Stewardship Council) သစ်တော အသိအမှတ်ပြု ထောက်ခံအားပေးရေး အစီအစဉ်(Programme for the Endorsement of Forest Certification)တို့ကဲ့သို့ အဖွဲ့အစည်းများ၏ သစ်လုပ်ငန်း အသိအမှတ်ပြုအစီအစဉ်များကို ပုဂ္ဂလိကကဏ္ဍမှလည်း လိုက်နာကျင့်သုံးလာကြသည်။ ၎င်း မူဝါဒများနှင့် အသိအမှတ်ပြု အစီအစဉ်များမှာ ပဋိပက္ခနယ်မြေမှ အရင်းခံ သစ်ထုတ်လုပ်ခြင်း၊ အခြားသော အန္တရာယ်မြင့်မားသည့် ပြင်ဆင်နေရာချထားမှုများကို စုံစမ်းသိရှိနိုင်မှုတို့တွင် အားနည်းနေသေးသည်။

 

အဘယ်ကြောင့်ဆိုသော် အသိအမှတ်ပြု အစီအစဉ်များမှာ ထုတ်လုပ်တင်ပို့မှု ကွင်းဆက်တစ်လျှောက် သစ်များကို စိစစ်ရေး အမှတ်များ သီးသန့် သတ်မှတ်ပေးခြင်းနှင့် သစ်များကို ခြေရာကောက်နိုင်ရန် စာရွက်စာတမ်းများပေါ်တွင် မှီခိုနေရသည့်အတွက် ဖြစ်သည်။ အကျင့်ပျက်ခြစားမှု အလွန်မြင့်မားသည့် အခြေအနေတွင် ၎င်း ဥပဒေရေးရာ ညွှန်းဆိုမှုများမှာ ရည်ရွယ်သည့်အတိုင်း အလုပ်မဖြစ်ပေ။ အသိအမှတ်ပြုအစီအစဉ်များနှင့် တင်သွင်းသူများ၏ လိုအပ်ချက်များကို မှောင်ခိုသမားများက သုံးနေကြ နည်းလမ်း အနည်းငယ်ဖြင့်ပင် ကျော်လွှားနိုင်ကြသည်။

 

ပထမဦးစွာ ၎င်းတို့သည် လုပ်ထုံးလုပ်နည်းများ၊ အခွန်အခများ ရှောင်ရှားရန် အုပ်ချုပ်မှုနယ်မြေ တစ်ခုမှ အခြားတစ်ခုသို့ ရွှေ့ပြောင်းကြသည်။ ငွေကြေးခဝါချသကဲ့သို့ပင် မှောင်ခိုများက တရားမဝင် သစ်လုံးများကို စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုထားသည့် နယ်မြေများ၊ သစ်ကွင်းများ၊ လွှစက်များတွင် တရားဝင် ဖြတ်တောက်ထားသော သစ်များနှင့် ပေါင်းထားလိုက်ကြသည်။ ၎င်းသစ်လုံးများပေါ်မှ စိစစ်ရေး အမှတ်အသားများမှာ အများအားဖြင့် မူလ ထုတ်လုပ်သည့် နေရာအမှန်ကို မဖော်ပြထားကြပေ။

 

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းကို သစ်ခုတ်ရာ နိုင်ငံတွင်းတွင် ပြုလုပ်ကြသည်။ ဥပမာ ကမ္ဘောဒီးယားတွင် သူဌေးကြီး Try Pheap က ဘေးမဲ့ Prey Lang သစ်တောမှ ခုတ်ယူထားသော သစ်များကို သူ၏ သတ္တုတွင်းလုပ်ငန်းကို ဖြတ်သန်း၍ အပြောင်းအရွှေ့ ပြုလုပ်ခြင်း ဖြစ်သည်။ နိုင်ငံစစ်တပ်ကို ၎င်း၏ သစ်မှောင်ခိုလုပ်ငန်းအား အကာအကွယ်ပေးရန် အသုံးပြုသည့်အတွက် ၎င်းကို အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ထားသည်။ နိုင်ငံတကာ နယ်စပ်များတွင်လည်း ၎င်းကဲ့သို့ လုပ်ဆောင်ခြင်းများ တွေ့ရသည်။ ဥပမာ ကမ္ဘောဒီးယားသစ်များကို ဗီယက်နမ် သစ်လုံးများအဖြစ်သို့ ပြောင်းလဲ သယ်ဆောင်ကြခြင်းဖြစ်သည်။ ကွန်ဂိုနိုင်ငံတွင် တရားဝင် ကုန်စည်များ သယ်ယူပို့ဆောင်သည့် ထရပ်ကားများကို ယူဂန်ဒါနိုင်ငံသို့ သစ်များ သယ်ဆောင်ရာတွင် အသုံးပြုကြသည်။

 

ဒုတိယအဆင့်အနေဖြင့် သစ်များကို ခြေရာခံရန်၊ ပဋိပက္ခတွင် မပါဝင်ကြောင်း အသိအမှတ်ပြု စာရွက်စာတမ်းများ၊ မူလထွက်ရှိရာ နယ်မြေ အသိအမှတ်ပြုလက်မှတ်များ၊ တင်ပို့ခွင့် ခွင့်ပြုချက်များကို မှောင်ခိုများက တုပပြင်ဆင်ကြသည်။ တခါတရံ အသိအမှတ်ပြုလက်မှတ်များမှာ အတုများ မဟုတ်ပေ။ သို့သော် ကုန်စည်ဆိုင်ရာ အချက်အလက်အမှားများ ထည့်သွင်းထားကြသည်။ ဆိုမာလီယာမှ မီးသွေးများကို ကုလသမဂ္ဂ ကျွမ်းကျင်သူအဖွဲ့က စစ်ဆေးသောအခါ တင်သွင်းမှုဆိုင်ရာ အာဏာပိုင်များက စစ်ဆေးခွင့်ပြုထားသော အသိအမှတ်ပြုလက်မှတ် အတုများ တွေ့ရှိခဲ့ကြသည်။

 

ကွန်ဂိုနိုင်ငံတွင် သစ်တင်ပို့သည့် ကုမ္ပဏီတစ်ခုက လက်နက်ကိုင်အဖွဲ့တစ်ခုကို ပသျှူးပိတောက် ထုတ်လုပ်ရန် ငွေပေးခဲ့သည့်အပြင် မျိုးသုဉ်းမှုအန္တရာယ်ရှိသည့် တိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်(CITES) နှင့် ကိုက်ညီစေရန် ခွင့်ပြုချက် အတုများ အသုံးပြုခဲ့သည်ကို ကုလသမဂ္ဂက တွေ့ရှိခဲ့သည်။ CITES က တရားမဝင် သစ်ကုန်သွယ်မှုကို တားဆီးရန် အသိအမှတ်ပြုလက်မှတ်များအပြင် ထပ်ပေါင်းလိုက်နာရန် လိုအပ်ချက်များ မကြာမီက ထပ်မံ ဖြည့်စွက်ခဲ့သည်။ သို့သော် မှောင်ခိုမှုနှင့် သစ်မျိုးစိတ် မှားယွင်း ဖော်ပြမှုများမှာ ပြဿနာအဖြစ် ကျန်ရှိနေသေးကြောင်း CITES ကပင် ဝန်ခံထားသည်။ ယင်း ပြဿနာ အားလုံးက ကုန်သွယ်မှုအချက်အလက် ကွဲပြားမှုများ ဖြစ်ပေါ်စေသည်။ ဥပမာတစ်ခုအနေဖြင့် မြန်မာက ဖော်ပြထားသော သစ်တင်ပို့မှုမှာ ၎င်းသစ်များကို အဓိက တင်သွင်းရာ တရုတ်၊ အီတလီနှင့် အမေရိကန်နိုင်ငံတို့က ဖော်ပြထားသော ပမာဏနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေခြင်းဖြစ်သည်။

 

သစ်ထုတ်လုပ်ရေး လုပ်ငန်းများ၊ စုဖွဲ့ထားသည့် ကွန်ရက်များ၊ နိုင်ငံတော်မှ ထည့်သွင်းထားသည့် လုပ်ကိုင်သူများအကြား ကျယ်ပြန့်သည့် အကျင့်ပျက် ခြစားမှုများနှင့် လျဝှက်ပူးပေါင်းကြံစည်မှုများက တရားမဝင် သစ်ကုန်သွယ်မှုကို အထောက်အကူ ပြုနေကြသည်။ အကောက်ခွန်ဌာနနှင့် နယ်စပ် အစောင့်များမှသည် အဆင့် အမြင့်ဆုံး အစိုးရ တာဝန်ရှိသူများကို လာဘ်ထိုးခြင်းများဖြင့် တရားမဝင် သစ်ကုန်သွယ်မှု နိုင်ငံများစွာတွင် ပြုလုပ်နေကြောင်း ကုလကျွမ်းကျင်သူများက မှတ်တမ်းတင်ခဲ့ကြသည်။

 

ဆူဒန် တောင်ပိုင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များမှ အရာရှိများက သစ်ထုတ်ကုမ္ပဏီများအတွက် ထရပ်ကားတစ်စီးလျှင် ဒေါ်လာ ၈၀၀ မှ ၉၀၀ အထိ ရယူ၍ လုံခြုံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး တာဝန်ယူလုပ်ဆောင်ပေးကြသည်ဟု ကုလသမဂ္ဂက တင်ပြသည်။ သယ်ယူရေးထရပ်ကားများသည် ဗီယက်နမ်နှင့် အိန္ဒိယသို့ တင်ပို့မည့် ယူဂန်ဒါနိုင်ငံ နယ်စပ်သို့ လုံခြုံစွာ ဖြတ်သန်းခွင့် ရရှိမည်ဖြစ်သည်။ မြန်မာ၊ ကမ္ဘောဒီးယားနှင့် တောင်ဆူဒန်မှ မှောင်ခိုများသည် နယ်စပ် နှစ်ဘက်လုံးမှ အာဏာပိုင်များ၏ မျက်မှောက်တွင် ၎င်းတို့၏ ထရပ်ကားများ ပေါ်ပေါ်ထင်ထင် သွားလာခွင့်ပြုရန် အဓိက ပုဂ္ဂိုလ်များကို လာဘ်ထိုးရသည်။

 

နောက်ဆုံးအားဖြင့် ဘဏ္ဍာရေးစနစ်အတွင်းမှ အားနည်းချက်များနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင်ဖောက်ဖျက်ခြင်းတို့ကြောင့် သစ်မှောင်ခို ကုန်သွယ်မှု ပြုနိုင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်တို့က ၎င်းတို့၏ များပြားလှသော လုပ်ငန်းစုများ၊ လက်အောက်ခံ လုပ်ငန်းများမှတဆင့် သစ်တင်ပို့ကာ အကျိုးအမြတ်များ ရရှိနေကြသည်။ ဒုစရိုက်သမားများကလည်း အမေရိကန် ငွေကြေးခဝါချမှုနှင့် စည်းမျဉ်းသတ်မှတ်ရေး မူဘောင်များမှ အားနည်းချက်များကို အခွင့်ကောင်း ယူနေကြသည်။ ၎င်းတို့က ပွင့်လင်းမြင်သာမှု မရှိသည့် ဟန်ပြ ကုမ္ပဏီများ မှတ်ပုံတင် ဖွင့်လှစ်ကြပြီး အမေရိကန် အိမ်ခြံမြေဈေးကွက်အတွင်းသို့ တရားမဝင် အကျိုးအမြတ်များ တင်သွင်းခြင်းမှာ ၎င်းတို့အတွက် အထိုက်အလျောက် လွယ်ကူနေသည်။

 

စည်းမျဉ်းသတ်မှတ်ရေး အားနည်းချက်များကို ဖြေရှင်းရန် အားထုတ်မှုအချို့ ပြုလုပ်ပြီး ဖြစ်သည်။ ဇန်နဝါရီလ ၂၀၂၄ ခုနှစ်တွင် အမေရိကန် ဘဏ္ဍာရေးဌာန၊ ငွေကြေး ရာဇ၀တ်မှု နှိမ်နင်းရေး ကွန်ရက် (FinCEN) သည် ကုမ္ပဏီများမှ ၎င်းတို့၏ ပိုင်ရှင်များ၊ ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိသူများကို ဖော်ထုတ် တင်ပြရမည်ဖြစ်သော အကျိုးခံစားခွင့် ရှိသည့် ပိုင်ဆိုင်မှု တင်ပြချက် အစီအစဉ်ကို အကောင်အထည် ဖော်လိုက်သည်။ သို့သော် ၎င်း အစီအစဉ် ထိရောက်မှု ရှိစေရန် FinCEN သည် အချက်အလက်များကို အတည်ပြုရန်၊ သဘာပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုများ၏ နောက်ကွယ်မှ ငွေကြေးများကို နောက်ယောက်ခံလိုက်ရန် လိုအပ်သည့် အရင်းအမြစ်များ ရှိရန် လိုအပ်သည်။

 

အောင်မြင်စွာ လုပ်ဆောင်နိုင်ပါက ၎င်း ဗျူဟာများ(သစ်များ နယ်မြေပြောင်းရွှေ့ခြင်း၊ စာရွက်စာတမ်း အတုပြုလုပ်ခြင်း၊ ဘဏ္ဍာရေးစနစ်အားနည်းချက်များကို အသုံးချခြင်း)သည် သစ်မှောင်ခိုများအနေဖြင့် ပဋိပက္ခ သစ်များကို တရားဝင် ဈေးကွက်သို့ တင်သွင်းနိုင်သည်။ ယင်းအခြေအနေတွင် တရားမဝင်သည့် အရင်းအမြစ်များမှ သစ် တင်သွင်းခြင်းကို တားမြစ်သည့် ဥပဒေ မူဘောင်များမှာ တားမြစ်နိုင်စွမ်း နည်းပါးပါသည်။ ကုမ္ပဏီများက အရောင်းအဝယ်ပြုရာတွင် ဥပဒေနှင့် ညီစေရန် တာဝန်ယူမှု မရှိပါက ၎င်းကုမ္ပဏီများသည်လည်းကောင်း၊ ဝယ်ယူသုံးစွဲသူများသည်လည်းကောင်း ၎င်းတို့ ဝယ်ယူသည့် မူလရင်းမြစ် အမှန်ကို သိရှိနိုင်မည် မဟုတ်ပါ။

 

ကမ္ဘာအဝှမ်း သစ်ဝယ်လိုအားမှာ မြင့်တက်နေသည်။ ကုမ္ပဏီများက ဈေးကွက်အလျင်မီစေရန် အန္တရာယ်မြင့်မားမှုကို လက်ခံကာ ပဋိပက္ခတွင် ပါဝင်နေသည့် သစ်များကို ၎င်းတို့၏ ထုတ်လုပ်တင်သွင်းမှု ကွင်းဆက်တွင်း ထည့်သွင်းလာကြသည်။ သတင်းကောင်းအနေဖြင့် သိပ္ပံပညာရှင်များက သစ်များ၏ မူလရင်းမြစ် အတည်ပြုနိုင်ရေး၊ မူလရင်းမြစ် အတုပြုလုပ်ခြင်းကို စိစစ်ခွဲခြားနိုင်သည့် နည်းလမ်းများကို ပိုမိုကောင်းမွန်အောင် ကြိုးပမ်းနေကြသည်။ သို့ရာတွင် ၎င်းနည်းလမ်းများမှာ ကုန်သွယ်နေသည့် သစ် ပမာဏကို လိုက်မီရန် မချဲ့ထွင်နိုင်သေးပေ။ သစ်ထုတ်ကုန် အားလုံးကို လက်တွေ့စမ်းသပ်ခန်းတွင် စမ်းသပ်ရန်လည်း ငွေကြေးအရ မဖြစ်နိုင်ပေ။

 

ပဋိပက္ခတွင် ပါဝင်နေသည့် သစ်များ အဓိက တင်သွင်းနေသည့်နိုင်ငံများအနေနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး၊ အရောင်းအဝယ် တာဝန်ခံမှု ရှိစေရေးတို့ကို အခိုင်အမာ လိုက်နာစေခြင်း မရှိလျှင် ချမ်းသာသည့် နိုင်ငံများ၏ သစ်ထုတ်ကုန် ဝယ်ယူသုံးစွဲမှုများက မြန်မာနိုင်ငံ၊ ကွန်ဂိုနှင့် အခြား ကမ္ဘာအဝှမ်းမှ နိုင်ငံများ၏ ပဋိပက္ခများနှင့် သစ်တောပြုန်းတီးခြင်းများကို ဆက်လက် လောင်စာဆီ လောင်းပေးနေဦးမည် ဖြစ်သည်။

 

ကိုးကား - Foreign Policy

ပုံစာ - ဂျူလိုင်လ ၂၃ ရက် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ရန်ကုန်မြို့ ရန်ကုန်မြစ်ဘေးတွင် စုပုံထားသည့် သစ်လုံးများအပေါ်မှ လုပ်သားတစ်ဦး။ (YE AUNG THU/AFP VIA GETTY IMAGES)

 

တရုတ်
အိန္ဒိယ
သစ်တော
မြန်မာ
စစ်တပ်

Share With
bap-logo