bap-logo
Intrenational Crime

ဖမ်းဆီးမိသော ဆိုမာလီ ပင်လယ်ဓါးပြများ အိန္ဒိယသို့ ရောက်ရှိလာပြီး သင်္ဘောပြန်ပေးဆွဲမှုအတွက် တရားရင်ဆိုင်ရမည်

5FxWn0FhqwX9_4s0h9_ed-image

လွန်ခဲ့သော ၇ လ က

ကုန်တင်သင်္ဘော MV Ruen ကို ဒီဇင်ဘာလတွင် အပိုင်စီးခဲ့ပြီး သင်္ဘောသားများကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည့်အတွက် အမျိုးသား ၃၅ ဦးကို တရားစီရင်သွားမည်ဖြစ်သည်။

 

အပိုင်စီးခံရသည့် ကုန်တင်သင်္ဘောတစ်စီးကို ရေတပ်က ပြန်လည် ဖမ်းဆီးပြီး ဓားစာခံ အများအပြားကယ်ထုတ်ခဲ့ပြီးသည့်နောက် အိန္ဒိယက ဖမ်းဆီးရမိသည့် ဆိုမာလီ ပင်လယ်ဓါးပြ ၃၅ ဦးကို မွမ်ဘိုင်းသို့ တရားရုံးတင်ရန် ခေါ်ဆောင်လာခဲ့သည်။

 

ကယ်ဆယ်ရန် စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် ဖျက်သင်္ဘော INS Kolkata သည် အိန္ဒိယ၏ စီးပွားရေးမြို့တော်တွင် စနေနေ့ မနက်အစောပိုင်းတွင် ဆိုက်ကပ်ထားကြောင်း ရေတပ်ထုတ်ပြန်ချက်တစ်စောင်က ဖော်ပြသည်။

 

မော်လ်တာနိုင်ငံအလံတင်ထားသည့် MV Ruen သင်္ဘောသည် အာရေဗျပင်လယ် မြောက်ပိုင်း Socotra အရှေ့ဘက်တွင် ဒီဇင်ဘာလက အပိုင်စီးခံခဲ့ရခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ဆိုမာလီ ပင်လယ်ဓားပြများ ပထမဆုံး ကုန်တင်သင်္ဘောပေါ် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

အိန္ဒိယ ရေတပ်ကွန်မန်ဒိုများက ဆိုမာလီ ကမ်းခြေမှ ရေမိုင် ၂၆၀ မိုင် (၄၈၀ ကီလိုမီတာ) အကွာ မတ်လ ၁၇ ရက်နေ့တွင် ရေယာဉ်ကို ထိန်းချုပ်နိုင်ခဲ့ကာ မြန်မာမှ ကိုးဦး၊ ဘူလ်ဂေးရီးယားမှ ခုနှစ်ဦးနှင့် အန်ဂိုလာမှ တစ်ဦးအပါအဝင် သင်္ဘောသား ၁၇ ဦးကို ကယ်ဆယ်ခဲ့သည်။

 

ဆိုမာလီပင်လယ်ဓါးပြများကို ရဲအချုပ်သို့ စနေနေ့တွင် လွှဲပြောင်းပေးမည်ဟု ခန့်မှန်းရသည်။

 

၂၀၁၁ ခုနှစ် ဆိုမာလီပင်လယ်ဓါးပြများ၏ တိုက်ခိုက်မှု အမြင့်မားဆုံးအချိန်တွင် ရေတပ်က ၎င်း တိုက်ခိုက်မှုများတွင် ပါဝင်သူများကို အိန္ဒိယတွင် ပြစ်ဒဏ်စီရင်၍ ထောင်ချမှုများ ပြုလုပ်လေ့ရှိသည်။

 

ယခုအပတ်အတွင်း ဆယ်စုနှစ်တစ်ခုကျော်အကြာကာလ၌ ပထမဦးဆုံးအကြိမ်အဖြစ် ပင်လယ်ထဲတွင် ဖမ်းဆီးရမိခဲ့သည့် ပင်လယ်ဓါးပြများကို အိန္ဒိယကမ်းခြေသို့ ခေါ်ဆောင်လာပြီး တရားရင်ဆိုင်စေမည်ဟု ရေတပ်ပြောခွင့်ရ Vivek Madhwal က‌ ပြောသည်။

 

အိန္ဒိယ၏ ပင်လယ်ဓါးပြတိုက်ဖျက်နှိမ်နင်းရေးဥပဒေအရ ၎င်းတို့သည် သတ်ဖြတ်ခဲ့ကြောင်း သို့မဟုတ် သတ်ဖြတ်ရန် ကြိုးပမ်းခြင်းပြုခဲ့ကြောင်း ပြစ်မှုထင်ရှားပါက သေဒဏ်ရင်ဆိုင်ရနိုင်ပြီး ပင်လယ်ဓါးပြမှုတစ်ခုတည်းအတွက်ပင်လျှင် တစ်သက်တစ်ကျွန်း ကျခံရနိုင်သည်။

 

ပြီးခဲ့သည့် စနေနေ့ ကယ်ဆယ်ရေးသည့် နာရီ ၄၀ ကြာ စစ်ဆင်ရေး၏ ရလဒ်ဖြစ်သည်။ စစ်တပ် C-17 လေယာဉ်ပေါ်မှ ကွန်မန်ဒိုများက လေထီးဖြင့် ခုန်ချကာ ရေယာဉ်ပေါ်သို့ တက်ရောက်ခဲ့ပြီး ပင်လယ်ဓါးပြ ၃၅ ဦးလုံးကို "အောင်မြင်စွာ ဝိုင်းဝန်းပိတ်ဆို့၊ အနိုင်ယူခဲ့ကာ” လက်နက်ချအဖမ်းခံစေခဲ့သည်ဟု ရေတပ်၏ အစောပိုင်း ထုတ်ပြချက်တွင် ဖော်ပြသည်။

 

ဘူလ်ဂေးရီးယား ရေယာဉ်ပိုင်ရှင် Navibulgar က အိန္ဒိယ၏ ကယ်ဆယ်ရေးကို "ကြီးမားအရေးပါသည့် အောင်မြင်မှု” ဟု ခေါ်ဆိုခဲ့သည်။

 

'မိခင်သင်္ဘော'

 

ဆိုမာလီပင်လယ်ဓါးပြများသည် ပိုမိုကြီးမားသော ရေယာဉ်များကို ပစ်မှတ်ထားနိုင်ရန် ယခင်က "မိခင်သင်္ဘော” ဟု ခေါ်တွင်သည့် ပိုမိုဝေးလံသော အကွာအဝေးသို့ ခရီးနှင်နိုင်သည့် သင်္ဘောများကို ဖမ်းမိရန် ကြိုးပမ်းခဲ့ကြသည်။

 

မတ်လ ၁၂ ရက်နေ့ ကုန်တင်သင်္ဘော MV Abdullah ကို ဆိုမာလီယာအနီး အောင်မြင်စွာ အပိုင်စီးမှုတွင် ပင်လယ်ဓါးပြများက MV Ruen ကို အသုံးပြုခဲ့ကြောင်း ဥရောပသမဂ္ဂ ရေတပ်က ပြောသည်။

 

ဘင်္ဂလားဒေ့ရှ် အလံတင်ထားသည့် MV Abdullah ကို ဆိုမာလီ ရေပြင်သို့ ခုတ်မောင်းစေခဲ့ပြီး သင်္ဘောသား ၂၃ ဦးမှာ ဓားစာခံများအဖြစ် ဖမ်းဆီးခံထားရဆဲဖြစ်သည်။

 

အိန္ဒိယရေတပ်သည် ၂၀၀၈ ခုနှစ်က စတင်၍ ဆိုမာလီယာအနီး စဉ်ဆက်မပျက် တပ်စွဲထားခဲ့ခြင်းဖြစ်သော်လည်း အာရေဗျပင်လယ်နှင့် ပင်လယ်နီအတွင်း အီရန်မှ ထောက်ခံထားသည့် ဟူသီသူပုန်များ၏ ရေကြောင်းတိုက်ခိုက်မှုများ‌အပါအဝင် ရေကြောင်းတိုက်ခိုက်မှုများ မြင့်တက်လာပြီးနောက်ပိုင်း ပြီးခဲ့သည့်နှစ်တွင် ပင်လယ်ဓါးပြ ဆန့်ကျင်နှိမ်နှင်းရေးကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

 

အိန္ဒိယသည် ပင်လယ်နီ အရှေ့ဘက်မှ ရေယာဉ်များကို ကူညီပေးနိုင်ရန် ဒီဇင်ဘာလမှ စတင်၍ အေဒင်ပင်လယ်ကွေ့နှင့် အာရေဗျပင်လယ် မြောက်ပိုင်းတို့တွင် စစ်သင်္ဘော အနည်းဆုံး တစ်ဒါဇင်ခန့် တပ်စွဲထားသည်။

 

အာရေဗျပင်လယ်အတွင်း အပိုင်စီးရန် ကြိုးစားခံရပြီးနောက် လစ်ဗျားအလံတင်ထားသည့် ကုန်သွယ်ရေး ရေယာဉ်မှ သင်္ဘောသားအားလုံးကို ဇန်နဝါရီလတွင် ရေတပ်က ကယ်ဆယ်ခဲ့သည်။

 

အပိုင်စီးမှု၊ အပိုင်စီးရန် ကြိုးပမ်းမှု၊ သံသယဖြစ်ဖွယ် ချဉ်းကပ်မှု ဖြစ်ရပ်ပေါင်း အနည်းဆုံး ၁၇ ခုကို အိန္ဒိယရေတပ်က ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ မှတ်တမ်းတင်ထားသည်။

 

၂၀၁၁ ခုနှစ် ဆိုမာလီပင်လယ်ဓါးပြများ၏ တိုက်ခိုက်မှုအမြင့်မားဆုံး အချိန်ကာလတွင် ၎င်းတို့သည် ပြန်ပေးငွေ ပေးဆောင်ခဲ့ရသော ဒေါ်လာ သန်းရာပေါင်းများစွာ အပါအဝင် ကမ္ဘာ့စီးပွားရေး ဒေါ်လာ ၇ ဘီလီယံ ထိခိုက်စေခဲ့သည်။

 

အိန္ဒိယရေတပ်က အီရန်အလံတင်ထားသည့် ငါးဖမ်းရေယာဉ် သုံးစီးကို ကယ်တင်သည့် စစ်ဆင်ရေးများအပါအဝင် ယခုနှစ်တွင် အခြားသော ပင်လယ်ဓါးပြဟု သံသယရှိသူ ၁၈ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

 

၎င်းအပိုင်စီးသူများကို မည်ကဲ့သို့ စီရင်ခဲ့သည်ကိုမူ အများသိရန် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

 

ဂါဇာမှ အစ္စရေးစစ်ပွဲကို တုန့်ပြန်သည့်အနေဖြင့် ဟူသီတို့၏ တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် ကုန်တင်သင်္ဘော အများအပြားသည် ပင်လယ်အတွင်း အလှမ်းကွာဝေးသည့်နေရာများတွင် အရှိန်လျှော့၍ ရှေ့ဆက်ရန် သင့်၊ မသင့် ညွှန်ကြားချက်များ စောင့်ဆိုင်းခဲ့ကြရသည်။ ထိုကဲ့သို့ အရှိန်လျှော့ စောင့်ဆိုင်းနေရမှုကြောင့် တိုက်ခိုက်ခံရရန် လစ်ဟာအားနည်းချက် ဖြစ်လာရသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

 

ကိုးကား - AL Jazeera

 

ပုံစာ - ဖမ်းဆီးရမိသော ဆိုမာလီပင်လယ်ဓါးပြများကို အိန္ဒိယရေတပ်က တရားစီရင်ရန် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ရေတပ်သင်္ဘောကျင်းသို့ ခေါ်ဆောင်လာချိန်တွင် အိန္ဒိယစစ်သားများက စောင့်ကြပ်နေစဉ်။ (Photo: Hemanshi Kamani/Reuters)

 

 Burma Associated Press

အိန္ဒိယ
ဆိုမာလီပင်လယ်ဓားပြများ
တရားရင်ဆိုင်မှု
သင်္ဘောပြန်ပေးဆွဲမှု

Share With
bap-logo