bap-logo
Intrenational Crime

ကိုဗစ် ကန့်သတ်ချက်များ လျော့နည်းလာပြီးနောက် အာရှမူးယစ်ဂိုဏ်းများ ကြီးထွားလာကြောင်း ကုလ သတိပေး

10H03qCxL8BpWOm6N0mrh-image

လွန်ခဲ့သော ၂ နှစ် က

 

ဇွန် ၄။

ရာဇဝတ်အုပ်စုများက ဥပဒေထိန်းသိမ်းရေးအဖွဲ့များ၏ ဖြိုခွင်းမှုကိုရှောင်ကွင်း၍ ကုန်သွယ်မှုလမ်းကြောင်း သစ်များ တည်ထောင်ခြင်းနှင့် မက်သာအက်ဖက်တမင်းဈေးနှုန်းများ မကျဆင်းစဖူး ကျဆင်းမှုကြောင့် အာရှတွင် ဓာတုမူးယစ်ဆေးဝါးကုန်သွယ်မှု အလွန်အမင်း မြင့်တက်လာကြောင်း သောကြာနေ့တွင် ထုတ်ပြန်သော ကုလ၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

 

မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNODC) သုတေသနတွင် မူးယစ်ဂိုဏ်းများ၏ ရောဂါကပ်ဘေးကာလအတွင်း ပိုမိုကြီးမား၍ အန္တရာယ်များပြားသော တင်ပို့မှုများ ပြောင်းလဲလုပ်ကိုင်ကြ ခြင်းကြောင့် စံချိန်တင် မက်သာအက်ဖက်တမင်း ဖမ်းဆီးရမိမှုသည် မနှစ်ကမူ ကိုဗစ်ကာလမတိုင်မီ အရေ အတွက်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း တွေ့ရှိရသည်။

 

သို့သော် အခြား ညွှန်းကိန်းများဖြစ်သည့် ဖမ်းဆီးအရေးယူမှုများ၊ လမ်းဘေးအလွယ်တကူ ရရှိနိုင်မှု၊ သန့်စင်မှု၊ လက်ကားသာမက လမ်းပေါ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ ကျဆင်းမှုတို့က တင်သွင်းမှု အလွန်မြင့်မားကြောင်း သို့မဟုတ် မပြောင်းလဲကြောင်း ဖော်ပြနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ရောဂါကပ်ဘေးကြောင့် နယ်စပ်ပိတ်ဆို့မှုနှင့် ခရီးသွားကန့်သတ်မှုများ ဖြေလျော့လိုက်သည်နှင့်တပြိုင်နက် နိုင်ငံတကာ ရာဇဝတ်အဖွဲ့အစည်းများသည် ပြန်လည်ချိတ်ဆက်မှုများ စတင်ပြုလုပ်လာခဲ့ကြပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၃ နှစ်ဦးပိုင်း ပုံစံတူဖြစ်စဉ်များသည် ၂၀၁၉ ခုနှစ် နှင့် ဆင်တူလာခဲ့သည်ဟု အရှေ့တောင် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ UNODC ကိုယ်စားလှယ် Jeremy Douglas က ပြောကြားသည်။

 

မူးယစ်ဆေးဝါးကုန်သွယ်မှုများ ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း အခြားသော လက္ခဏာများလည်း ရှိပါသေးသည်။ နယ်စပ်များ ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက်ပိုင်း ၂၀၂၂ ဒုတိယနှစ်ဝက်အတွင်း လေကြောင်း ခရီးသည်များ၏ မက်သာအဖက်တမင်း ခိုးဝှက်သယ်ယူမှုများ မြင့်တက်လာကြောင်း ဂျပန်အကောက်ခွန် အရာရှိများ တွေ့ရှိခဲ့ရသည်။

 

အစီရင်ခံက ဖော်ပြသည်မှာ အာရှအရှေ့နှင့် အရှေ့တောင်ပိုင်းရှိ အနောက်အာဖရိက ကုန်သွယ်မှု ကွန်ယက်များသည်ရောဂါကပ်ဘေးကာလအတွင်း ပျောက်ကွယ်လုနီးနီး ဖြစ်နေခဲ့သော်လည်း ယခုအချိန်တွင် လုပ်ငန်း ပြန်လည် စတင်နေပြီဟု ဖော်ပြထားသည်။

 

ထပ်မံ၍ အစီရင်ခံစာက သတိပေးသည်မှာ အင်အားအကောင်းဆုံး ဒေသတွင်း ကုန်သွယ်မှုကွန်ရက်များသည် ၎င်းတို့ ကုန်သွယ်မှုလုပ်နိုင်ကြောင်း၊ ၎င်းတို့ကို မတားဆီးနိုင်ကြောင်း အလွန်သေချာစွာဖြင့် လုပ်ငန်း ဆောင်ရွက်နိုင်ပြီး ဈေးကွက်၏ စည်းကမ်းနှင့် သတ်မှတ်ချက်များကို သတ်မှတ်ချုပ်ကိုင်နိုင်ကြောင်း ဖော်ပြ သတိပေးထားသည်။

 

မကြာသေးခင်နှစ်များအတွင်း အချို့နိုင်ငံများသည် ကုန်သွယ်မှုဆန့်ကျင်ရေး ကြိုးပမ်းမှုများကို မြှင့်တင် ဆောင်ရွက်ခဲ့ကြသည်။ ပိုမိုတင်းကျပ်သော ဥပဒေထိန်းသိမ်းရေးအဖွဲ့အစည်းများရှိသည့် တရုတ်နိုင်ငံ၏ အနောက်တောင်ဘက် ယူနန်ပြည်နယ်နှင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်တို့တွင် မက်သာအက်ဖက်တမင်း ဖမ်းဆီးရရှိမှု သိသိသာသာ လျော့ကျသွားပြီး ထိုင်းနိုင်ငံတွင်မူ အနည်းငယ် လျော့နည်းသွားခဲ့သည်။

 

သို့ရာတွင် ကုန်သွယ်သူများက အစိုးရများလုပ်ဆောင်နေသည်ကို ကျော်လွှားရန် ပြောင်းလဲလုပ်ဆောင် နိုင်ခဲ့သည်ဟု Douglas က ပြောကြားသည်။

 

အန်ဒမန် ကုန်သွယ်ရေး

လူသိမခံခြင်းနှင့် နှစ်ဘက်ထိခိုက်နိုင်သည့် ပဋိပက္ခဖြစ်ပွားမှု အခိုက်အတန့်များ နည်းပါးသည့်အတွက် အာရှ၏ မူးယစ်ဆေးဝါးဂိုဏ်းများသည် လက်တင်နှင့် အမေရိကအလယ်ပိုင်းလောက် အာရုံစိုက် မခံရဘဲ ကမ္ဘာတစ်ဝှမ်း မူးယစ်ကုန်သွယ်မှုမှ ဘီလီယံများစွာ ရရှိနေကြသည်။

 

ဒေသတွင်း မက်သာအက်ဖက်တမင်းထုတ်လုပ်မှု အများစုမှာ ထိုင်း၊ လာအိုနှင့် မြန်မာတို့၏ နယ်စပ်များထိစပ်ရာ ဝေးလံသည့် ရွှေတြိဂံဒေသ၏ တောတွင်းတွင် လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ကာလရှည်ကြာစွာပင် ကမ္ဘာ့မူးယစ် ဆေးဝါးထုတ်လုပ်မှု ဗဟိုချက်မတစ်ခုဖြစ်ခဲ့သည်။

 

အနီးကပ်စောင့်ကြည့်ခံခဲ့ရသော ၎င်းဒေသသည် မူးယစ်ဆေးဝါး ပမာဏများစွာ ဖြတ်သန်းမှု ရှိနေသေး သော်လည်း ရာဇဝတ်အုပ်စုများက မြန်မာအလယ်ပိုင်းကို ဖြတ်၍ အန်ဒမန်ပင်လယ်သို့ လမ်းကြောင်း ပြောင်းလဲကာ အများစောင့်ကြည့်မှုမခံရသည့် အနောက်ဘက် ပင်လယ်ရေကြောင်းသို့ တိုးမြှင့် ပြောင်းလဲသွား နေကြောင်း Douglas က ပြောသည်။

 

မြန်မာမှ မက်သာအက်ဖက်တမင်းနှင့် အခြား ဓာတုမူးယစ်ဆေးဝါးများသည် ဂျပန်၊ နယူးဇီလန်နှင့် ဩစတြေးလျတို့ကဲ့သို့ ဝေးလံသောနိုင်ငံများထိ ရောက်ရှိခရီးနှင်နေကြောင်း တွေ့ရှိခဲ့ကြသည်။ မြန်မာမှ ဘင်္ဂလားဒေ့ရှ်နှင့် အန္ဒိယအရှေ့မြောက်သို့ မက်သာအက်ဖက်တမင်း ပမာဏ အမြောက်အမြား သယ်ပို့ခြင်းဖြင့် အာရှတောင်ပိုင်းသည်လည်း ဈေးကွက်အတွင်း ပါဝင်လာခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အစိုးရများ၏ ဖြိုခွင်းမှုနှင့် ဖမ်းဆီးရရှိမှုများ တိုးမြင့်လာသော်လည်း မက်သာအက်ဖက်တမင်း၏ လက်ကားနှင့် လမ်းပေါ်က ဈေးနှုန်းများ စံချိန်တင်ကျဆင်းလာခြင်းသည် မူးယစ်ဆေးထုတ်လုပ်သည့် ကုန်ကြမ်းများ အနှောင့်အယှက်မရှိ ဖြတ်သန်းသွားလာနိုင်သေးကြောင်း ဖော်ပြခြင်းဖြစ်သည်ဟု အစီရင်ခံစာအရ သိရသည်။ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ဖမ်းဆီးအရေးယူမှုများနှင့် မူးယစ်ဆေးစွဲကုသရေးဌာနများတွင် စာရင်းပေးသွင်းမှုတို့ များပြားလာခြင်းကလည်း ခိုင်မာသောကုန်သွယ်မှု၏ သက်သေအဖြစ် ညွှန်ပြနေသည်။

 

အစိုးရများက ရောဂါကပ်ဘေးကာလအတွင်း ဗိုင်းရပ်စ်ထိန်းချုပ်ရေးနှင့် အများပြည်သူကျန်းမာရေးတို့ကို အာရုံစိုက်နေချိန် အချို့သော မူးယစ်ဆေးဝါးဂိုဏ်းများက အခွင့်ကောင်းယူခဲ့ခြင်းကြောင့် အာရှတွင် မူးယစ် ဆေးဝါးလုပ်ငန်း တိုးမြင့်လာကြောင်း မကြာသေးခင်နှစ်များအတွင်းက အခြားသော UNODC တွေ့ရှိချက် များတွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် ဖြစ်ပွားဆဲ ပဋိပက္ခများကဲ့သို့သော နိုင်ငံရေးမတည်ငြိမ်မှုများ အပေါ်တွင် အုပ်စုဖွဲ့ရာဇဝတ်မှုကျူးလွန်သူအစုအဖွဲ့များက အရင်းအနှီးပြုကာ မြန်မာနိုင်ငံ၏ ဥပဒေမဲ့ နယ်စပ်များကို ထုတ်လုပ်ရေးနှင့် မှောင်ခိုသယ်ပို့မှုဗဟိုအချက်အချာကောင်းတစ်ခု ဖြစ်စေခဲ့သည်။

 

ကီတမင်း ထုတ်လုပ်ကုန်သွယ်မှု ရုတ်တရက်မြင့်တက်လာခြင်း

ဒေသတွင်းတွင် မက်သာအက်ဖက်တမင်းသာမက ကီတမင်းထုတ်လုပ်မှုနှင့် ကုန်သွယ်မှုလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ပါတီသုံးမူးယစ်ဆေးအဖြစ် အသုံးပြုလေ့ရှိသည့် အားကောင်းသော ထုတ်နှုတ် ခွဲခြားထားသည့် ထုံဆေး ၂၇. တန်ကို အာဏာပိုင်များမှ သိမ်းဆည်းရမိခဲ့သည်။

 

UNODC အစီရင်ခံစာအရ ၎င်းပမာဏသည် ယမန်နှစ်ကထက် ၁၆၇% ပိုမိုများပြားသည်။ ဂျပန်နှင့် ဟောင်ကောင်မှလွဲ၍ ဒေသတွင်းရှိ နိုင်ငံတိုင်းလိုလိုနှင့် နယ်မြေတိုင်းလိုလိုတွင် သိမ်းဆည်းရမိမှု များပြား လာသည်ဟု အစီရင်ခံကြသည်။

 

၂၀၁၀ခုနှစ်များအလယ်ပိုင်းက မက်သာအက်ဖက်တမင်းဈေးကွက် ချဲ့ထွင်ရန် အသုံးပြုခဲ့တဲ့ ပေးသွင်းမှုက မောင်းနှင်တဲ့ ချဉ်းကပ်မှုမျိုးကို ကီတမင်ဖြစ်စဉ်တွင်လည်း ပြန်လည်ထင်ဟပ်နေပါတယ်။ ဒါက ဘာကို ပြောလဲဆိုရင် ကီတမင်းသုံးစွဲမှုနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေက အကန့်အသတ်ရှိနေပါတယ်။ ပြီးတော့ ဘယ်လောက် ပျံ့နှံ့နေသလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရဘူး။ သုတေသနလုပ်ဖို့ အလွန်အမင်း လိုအပ်နေပါတယ်။ဟု UNODC ဓာတုမူးယစ်ဆေးဆိုင်ရာ ဒေသတွင်းညှိနှိုင်းရေးမှူး Inshik Simက သတင်းထုတ်ပြန်ချက်တွင် ဆိုသည်။

 

လျှို့ဝှက်လုပ်ကိုင်နေသည့် စက်မှုလုပ်ငန်းခွင် ကီတမင်းဓာတ်ခွဲထုတ်လုပ်ခန်းများ၊ သိုလှောင်ရုံများနှင့် အဆင့်လိုက်လုပ်ကိုင်သည့် သိုလှောင်ရုံများကို အာဏာပိုင်များက နိုင်ငံတွင်းတွင် ရှာဖွေတွေ့ရှိလာရသည့် အတွက် ကမ္ဘောဒီးယားသည်လည်း ရှည်လျားသော သယ်ယူပို့ဆောင်ရေးဗဟိုချက်မအဖြစ်သာမက အဓိက သော့ချက် ထုတ်လုပ်ရေးနေရာအဖြစ် ပေါ်ထွန်းလာသည်။

 

၎င်းဓာတ်ခွဲထုတ်လုပ်ခန်းများတွင် တွေ့ရသည့် ဓာတုပစ္စည်းနှင့် ကိရိယာများသည် လက်တံရှည်သော နိုင်ငံတကာကွန်ရက်၊ မူလထုတ်လုပ်သူ သို့မဟုတ် တဆင့်ခံပေးပို့သူ အနည်းဆုံး ၁၂ နိုင်ငံနှင့် ပြည်နယ်များ ပါဝင်နေကြောင်း အစီရင်ခံစာမှ ဖော်ပြထားသည်။

 

ဥပမာအားဖြင့် ပြင်သစ်တွင် ထုတ်လုပ်ပြီး ဗီယက်နမ်အရေးအသားများ ပါဝင်နေသော ထုပ်ပိုးမှုနှင့် အခြား ပါဝင်သောအရာများမှာ ပိုလန်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် တောင်ကိုးရီးယားတို့မှဖြစ်နေသည်။

 

ကမ္ဘောဒီးယားအာဏာပိုင်များက ၂၀၂၀ ခုနှစ်တွင် ဓာတုပစ္စည်း တန်သာ သိမ်းဆည်းရမိခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ၅၁၈ တန် သိမ်းဆည်းရမိလာခြင်းကဲ့သို့သော များပြားသည့် ဓာတုပစ္စည်းများကို တွေ့ရှိရမှုသည် ကီတမင်းထုတ်လုပ်မှု တိုးမြင့်လာကြောင်း ညွှန်ပြနေပြီး နိုင်ငံတကာနှင့် ဒေသတွင်းခေါင်းဆောင်များကို အချက်ပေးခေါင်းလောင်းထိုးနေခြင်း ဖြစ်သည်။

 

With no more Covid restrictions, Asia’s drug cartels are thriving, UN report warnsSource: ကို ဘာသာပြန် ဖော်ပြသည်။

 

ပုံစာ - ဇန်နဝါရီ ၂၄ ရက်နေ့ ၂၀၂၃ ခုနစ် ဘန်ကောက်တွင် ထိုင်းရဲတပ်ဖွဲ့မှ ပြသထားသော မက်သာအက်ဖက်တမင်းပုံဆောင်ခဲများ။

 

ကိုးကား - CNN

 

Burma Associated Press

 

မူးယစ်ဆေးဝါး
UN

Share With
bap-logo