bap-logo
Intrenational Crime

အရှေ့တောင်အာရှ အလိမ်အညာလုပ်ငန်းဆုံချက် ကျယ်ပြန့်မှု စုံစမ်းစစ်ဆေးရန် ကမ္ဘာအနှံ့ အာရုံစိုက်လာ

7sYXJe6cs3ZmFpdFO6z9U-image

လွန်ခဲ့သော ၁၀ လ က

ရာဇဝတ်ဂိုဏ်းများက ၎င်းတို့၏ လိမ်လည်မှုများနှင့် လူကုန်ကူးမှုများအတွက် သားကောင်များကို နယ်မြေချဲ့ထွင် ရှာဖွေလာကြသည့်အတွက် အရှေ့တောင်အာရှ အွန်လိုင်းအလိမ်အညာလုပ်ငန်းဆုံချက်များကို ဒေသတွင်းကို ကျော်လွန်၍ အစိုးရများ၊ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက အာရုံစိုက်မှု‌ မြင့်တက်လာသည်။

 

ဒီဇင်ဘာ ၈ ရက်တွင် ယူကေက လူကိုးဦးနှင့် ကုမ္ပဏီ ငါးခုကို အရှေ့တောင်အာရှ၏ "အလိမ်အညာ လုပ်ငန်းများ"အတွက် လူကုန်ကူးမှုဖြင့် ပိတ်ဆို့အရေးယူခဲ့သည်။ ၎င်းနေ့မှာပင် နိုင်ငံတကာရဲတပ်ဖွဲ့ Interpol က နိုင်ငံပေါင်း ၂၇ ခုမှ ကုန်ကူးမှု "အချက်အချာ နေရာများကို အကြီးစား စစ်ဆင်ရေးဆင်နွှဲမှု ရလဒ်များကို ဖော်ပြခဲ့သည်။

 

၎င်း အချက်အချာနေရာများကို လူကုန်ကူးမှု လမ်းကြောင်းအဖြစ် အသုံးပြု၍ အရှေ့တောင်အာရှသို့ ပို့ဆောင် ကာ အလိမ်အညာလုပ်ငန်းများနှင့် အတင်းအကျပ်ခိုင်းစေခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

 

ဒီအရေးကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်လာကြတဲ့အတွက်၊ ပြီးတော့ အရှေ့တောင်အာရှမှာ အမှန် တကယ် ဖြစ်ပျက်နေတာတွေရဲ့ နက်ရှိုင်းမှုနဲ့ ကျယ်ပြန့်မှုကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်လာကြတဲ့အတွက် နိုင်ငံတွေနဲ့ သူတို့ရဲ့ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေက ဒီအရေးကို မြှင့်တင် ကိုင်တွယ်ဖို့ ဦးတည်လာကြ တယ်ဆိုတာ သေချာပါတယ်။” ဟု အရှေ့တောင်အာရှနှင့် ပစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC လူကုန်ကူးမှုအရေး အစီအစဉ် ညှိနှိုင်းရေးမှူး Rebeacca Miller က VOA ကို ပြောသည်။

 

မြန်မာတစ်နိုင်ငံတည်းတွင်ပင် လူပေါင်း ၁၂၀,၀၀၀ ကျော် အလိမ်အညာလုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေခံနေရ

 

မြန်မာတစ်နိုင်ငံတည်းတွင်ပင် လူပေါင်း ၁၂၀,၀၀၀ ကျော် အလိမ်အညာလုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေခံနေရပြီး ကမ္ဘောဒီးယားတွင် လူပေါင်း ၁၀၀,၀၀၀ ခိုင်းစေခံနေရသည်ဟု ကုလက ခန့်မှန့်ထားသည်။ ဒေါ်လာဘီလီယံပေါင်းများစွာ လည်ပတ်နေသည့် ၎င်းလုပ်ငန်းများ၏ ဆုံမှတ်များမှာ လာအိုနှင့် ဖိလစ်ပိုင်တို့ တွင်လည်း အမြစ်တွယ်နေသည်။

 

လူအများအပြားမှာ အခြားလအလုပ်အကိုင်များတွက် ကတိအမှားများဖြင့် လှည့်ဖြားခံကြရသည်။ အများအား ဖြင့် ပုံစံတူအဆောက်အအုံများဖြစ်သည့် လုပ်ငန်းတွင်း ရောက်သည်နှင့် ၎င်းတို့ အပြင်မထွက်နိုင်ရန် ဆူးချွန်တပ် ဝိုင်ယာကြိုးများ၊ လက်နက်ကိုင်အစောင့်များနှင့် တားမြစ်ခံကြရမည်ဖြစ်သည်။ အလုပ်ခွဲတမ်း မပြည့်မီလျှင် သို့မဟုတ် ထွက်ပြေးရန် ကြိုးစားလျှင် နှိပ်စက်ခံရသည်ဟု အပြင်ထွက်လာနိုင်သူတို့က ပြောသည်။

 

အလိမ်အညာလုပ်ငန်းများသည် ပထမပိုင်းတွင် အရှေ့တောင်အာရှနှင့် တရုတ်မှသာ သီးသန့် ခေါ်ယူခန့်ထား ကြသော်လည်း ပြီးခဲ့သည့် နှစ်များအတွင်း ဒေသပြင်ပ အလွန်ဝေးကွာသည့်နေရာများမှ လူသစ်စုဆောင်းခြင်း များကို သတိပြုမိကြောင်း Miller က ပြောသည်။

ဒီပြဿနာက ဖြစ်နေတာ လအတော် ကြာပါပြီ။ ၂၀၂၃ ခုနှစ်မှာ အချိန်တော်တော်ယူထားတဲ့ ပြဿနာပါ။ ကျွန်မတို့ အာရှတစ်လွှားက ကျူးလွန်ခံရသူတွေကို တွေ့နေရသလို အာဖရိက၊ အရှေ့အလယ်ပိုင်း၊ တောင်အမေရိကက ကျူးလွန်ခံရသူတွေပါ‌ တွေ့ရပါတယ်။ သူတို့အားလုံး အလိမ်အညာလုပ်ငန်း အဆောက်အအုံတွေမှာ တွေ့ရတာပါ။” ဟု သူမက ပြောသည်။

 

လတ်တလော UNODC စုံစမ်းစစ်ဆေးချက်အရ ဘရာဇီး၊ ရုရှား၊ နယ်သာလန်နှင့် ယူဂါဒါအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်မှ လူသစ်စုဆောင်းခြင်းများကို ဖော်ထုတ်နိုင်ခဲ့သည်။

 

ဈေးကွက်သစ် ရှာဖွေခြင်း

 

အလိမ်အညာလုပ်ငန်းများအတွက် တရုတ်နှင့် အရှေ့တောင်အာရှမှ ဖြစ်နိုင်ချေရှိသည့် သားကောင်များကို စုဆောင်းနေသည်ကို သတိပြုမိလာကြသည့်အတွက် ရာဇဝတ်ဂိုဏ်းများကို ပိုမိုဝေးကွာပြီး ၎င်းတို့အကြောင်းကို မသိသေးသည့် ဒေသများတွင် ရှာဖွေစုဆောင်းရန် တွန်းပို့လိုက်သကဲ့သို့ ဖြစ်စေသည်။

 

ပိုမိုကျယ်ပြန့်သည့် လူသစ်စုဆောင်းမှုကြောင့် ရာဇဝတ်ဂိုဏ်းများအတွက် ဖြစ်နိုင်ချေရှိသည့် အလိမ်အညာ သားကောင်များလည်း ပိုမိုရရှိလာနိုင်သည်ဟု အမေရိကန်အစိုးရက ဘဏ္ဍာရေးထောက်ပံ့ထားသည့် ပညာရှင်အဖွဲ့အစည်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျူမှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower က ပြောသည်။

 

သူတို့ ဈေးကွက်သစ်တွေ ရှာနေတာ ရှင်းပါတယ်။ သူတို့ ဘရာဇီးဈေးကွက်မှာ အလိမ်အညာတွေ လုပ်ချင်တာပဲဖြစ်ဖြစ် အိန္ဒိယက လူတွေကို ရည်ရွယ်တာပဲဖြစ်ဖြစ်၊ တခြားဒေသတွေမှာပဲဖြစ်ဖြစ် အဲဒီဒေသ တွေက အဆက်အသွယ်တွေ၊ အဲဒီဒေသစကား ပြောဆိုတဲ့သူတွေ လိုတယ်လေ။ဟု ၎င်းက VOA ကို ပြောသည်။

 

ရာဇဝတ်ဂိုဏ်းများသည် ဈေးကွက်အသစ်များ ရှာဖွေနေကြပြီး တွေ့ရှိနေကြပြီးဖြစ်သည်

 

ရာဇဝတ်ဂိုဏ်းများသည် ဈေးကွက်အသစ်များ ရှာဖွေနေကြပြီး တွေ့ရှိနေကြပြီးဖြစ်သည်ဟု အရှေ့တောင် အာရှမှ လုပ်ဆောင်သည့် ခရစ်ပတိုငွေကြေး လိမ်ညာမှု ခံခဲ့ရသူ အမေရိကန်နိုင်ငံတွင် နေထိုင်သည့် troy Gochenour က ပြောသည်။ ယခုအခါ သူသည် စင်ကာပူတွင် တည်ထောင်ပြီး လက်ရှိ အမေရိကန်တွင် အခြေစိုက် သည့် ကမ္ဘာလုံးဆိုင်ရာ အလိမ်အညာလုပ်ငန်း တိုက်ဖျက်ရေးအဖွဲ့အတွက် အလိမ်အညာလုပ်ငန်းများကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။

 

ကျွန်တော် တောင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပနိုင်ငံတွေ အကုန်လုံးနဲ့ ဩစတြေးလျက ကျူးလွန်ခံရသူတွေနဲ့ စကားပြောခဲ့ရတယ်။ဟု Gochenour က VOA ကို ပြောသည်။

 

အန္တာတိကမှာတော့ ကျူးလွန်ခံရသူတွေ မရှိသေးပါဘူး။ ဒါလည်း အချိန်တစ်ခုသာ ပေးလိုက်ပါ။” ဟု ၎င်းက အရွှန်းဖောက်သည်။

 

သူတို့က တကယ် တကမ္ဘာလုံးလုပ်နေတာဗျ။ အရှေ့တောင်အာရှဒေသအသီးသီးမှာ လူတွေ ၁၀၀၀၀၀ လောက် ရလာပြီဆိုပါတော့။ တစ်ရက်ကို ကျပန်းမက်ဆေ့တွေ ၁၀၀၀ လောက် ပို့နေတာ။ လူတွေအများကြီးကို ပစ်မှတ်ထားနေကြတာဗျ။”

 

ကမ္ဘာလုံးဆိုင်ရာ စစ်ဆင်ရေး

 

နိုင်ငံအများအပြား သတိပြုမိလာကြပြီး အရေးယူလာကြပြီး ဖြစ်သည်။

 

ဗြိတိသျှအစိုးရက ၎င်းတို့၏ အရှေ့တောင်အာရှအလိမ်အညာလုပ်ငန်းအချို့၏ နောက်ကွယ်မှ လူများနှင့် ကုမ္ပဏီများကို စွပ်စွဲ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု ကြေငြာချက်တွင် ၎င်းဒေသသို့ ကုန်ကူးခံရသည့် ၎င်းနိုင်ငံသားအချို့ကို ကယ်တင်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

 

အင်တာပိုက ကမ္ဘာအနှံ့ ဖြိုခွင်းမှုကို အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ မုန်တိုင်းဆင်သူ ၂ စစ်ဆင်ရေးကို ပထမတွင် လူကုန်ကူးမှုများမှ အားဖြည့်ပေးနေသည့် အလိမ်အညာလုပ်ငန်းများကို သီးခြား ပစ်မှတ်ထားခဲ့ပြီး ဖြိုခွင်းခဲ့သည်အတွက် "အရှေ့တောင်အာရှကို ကျော်လွန်၍ ချဲ့ထွင်ရေး” ဦးတည်နေကြောင်း သက်သေအထောက်အထားသစ်များ ရရှိခဲ့သည်။

 

အရှေ့တောင်အာရှပြင်ပ ပါဝင်သည့် နိုင်ငံများမှာ ဩစတြေးလျမှ ဘရာဇီး၊ အိန္ဒိယ၊ တောင်အာဖရိကနှင့် တူရကီတို့အထိ ပါဝင်သည်။ အင်တာပိုက ရလဒ်အဖြစ် ဖမ်းဆီးမှု ၂၈၁ ခုပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှု အသစ် ၃၆၀ ကျော် ဖွင့်လှစ်နိုင်ခဲ့

 

၎င်းစစ်ဆင်ရေးတွင် အရှေ့တောင်အာရှပြင်ပ ပါဝင်သည့် နိုင်ငံများမှာ ဩစတြေးလျမှ ဘရာဇီး၊ အိန္ဒိယ၊ တောင်အာဖရိကနှင့် တူရကီတို့အထိ ပါဝင်သည်။ အင်တာပိုက ရလဒ်အဖြစ် ဖမ်းဆီးမှု ၂၈၁ ခုပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှု အသစ် ၃၆၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပြောသည်။

 

တိုးမြင့်လာသည့် အန္တရာယ်ကို နိုင်ငံအများစုက တုန့်ပြန်ရာတွင် နှေးကွေးနေသေးကြောင်း Tower က ပြောသည်။ ကြေငြာခြင်းများ၊ ဖော်ထုတ်မှုများပြုလုပ်ခဲ့သူများကဲ့သို့ အခြားနိုင်ငံများက စတင်လုပ်ဆောင်ကြရန် မျှော်လင့် ကြောင်း Miller ကဲ့သို့ပင် ၎င်းက ပြောသည်။

 

အခြားနိုင်ငံတွေလည်း ကိုယ်ပိုင် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လာတာကို တွေ့မြင်ရမယ်လို့ မျှော်လင့်ပါတယ်။” ဟု ၎င်းက ပြောသည်။

 

ဥပဒေစိုးမိုးရေးဘက်မှာလည်း စစ်ဆင်ရေးတွေ၊ ဖြိုခွင်းမှုတွေ ဆက်လက်တွေ့မြင်ရမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ခေတ်သစ် ကျွန်ပြုမှုအကြောင်း ပြောနေကြတာပါ။ ဘယ်နေရာက ရဲပဲဖြစ်ဖြစ် အထူးသဖြင့် ဒါတွေ တိုးမြင့်လာတာကို သိရှိပြီးတော့ တုန့်ပြန်အရေးယူဖို့ လိုပါတယ်။” ဟု ၎င်းက ပြောသည်။

 

ဗြိတိသျှကဲ့သို့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူခြင်းသည် အလိမ်အညာလုပ်ငန်းဒီရေမြင့်တက်မှုကို ကောင်းစွာ မတားဆီးနိုင်ဟု သံသယ Gochenour က ပြောသည်။

 

"ဒါတွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ ဥပဒေစိုးမိုးရေးအဖွဲ့တွေကို ပိုပြီး လေ့ကျင့်ပေးတာ၊ ခရစ်ပတို ငွေကြေးတွေကို ခြေရာ ဘယ်လိုခံမလဲ၊ ဘယ်လို ပိတ်ဆို့တားဆီးမလဲ၊ ဖမ်းယူသိမ်းဆည်းမလဲ ဆိုတာ လေ့ကျင့် ပေးတာတွေ လုပ်ပြီး လျေ့ာချသွားရမယ်။ ဒါက လိမ်ညာမှု ကျူးလွန်ခံရသူတွေအတွက် အကောင်းဆုံးပဲ" ဟု သူက ပြောသည်။

 

လူသိများထင်ရှားသည့် ခရစ်ပတိုငွေကြေးဖြစ်သည့် Tether က မကြာသေးမီက ကြေငြာချက်ဖြစ်သော စနစ် အလွဲသုံးစားပြုမှုကို တိုက်ဖျက်ရာတွင် ကူညီရန် ၎င်းတို့၏ အချက်အလက်များကို အမေရိကန် လျှို့ဝှက် တပ်ဖွဲ့နှင့် FBI ကို ပေးအပ်ရာတွင် "ပူးပေါင်းပါဝင်မှု” ကိုလည်း ၎င်းက ကြိုဆိုသည်။ အခြားသူများလည်း လိုက်ပါ လုပ်ဆောင်လာမည်ဟု ၎င်းက မျှော်လင့်သည်။

 

Tower ကမူ နိုင်ငံတကာတုန့်ပြန်မှုသည် လိုအပ်မှ အရေးယူသည့် ပုံစံဖြစ်နေသေးကြောင်း၊ ပိုမိုစနစ်ကျပြီး ပူးပေါင်းညှိနှိုင်းရေး၊ အချို့နိုင်ငံများတွင် ရာဇဝတ်ဂိုဏ်းများက စီးပွားရေးနှင့် နိုင်ငံရေးအထက်လွှာများနှင့် အကာအကွယ်ပြုမဟာမိတ် ဖွဲ့ထားသည့်အတွက် "အကျင့်ပျက်ခြစားမှု အကျပ်အတည်း” ကို ဖြေရှင်းရေး လိုအပ်ကြောင်း ပြောသည်။

 

ရာဇဝတ်ဂိုဏ်းအများအပြားသည် လူကုန်ကူးခြင်းနှင့် အွန်လိုင်းအလိမ်အညာလုပ်ကိုင်ရုံသာမက တရားမဝင် လောင်းကစားဝိုင်းများမှသည် ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှုအထိပါဝင်သော ရာဇဝတ်မှု ကွန်ရက်များနှင့် လက်တံရှည်လျားစွာ ပါဝင်လုပ်ဆောင်နေသည်ဟု Miller က ပြောသည်။

 

ဥပဒေစိုးမိုးရေးအဖွဲ့အတော်များများက အစပိုင်းမှာ လူကုန်ကူးမှုရှုထောင့်ကပဲ ဖြေရှင်းကြပါတယ်။ ဒါပေမယ့် ဒီရာဇဝတ်ဂိုဏ်းတွေကို ဖြေရှင်းမှု တကယ်ထိရောက်စေချင်ရန် ဒါကို နိုင်ငံဖြတ်ကျော် စုဖွဲ့စီစဉ်တဲ့ ရာဇဝတ်မှုရှုထောင့်က ဖြေရှင်းဖို့ တကယ် လိုအပ်ပါတယ်။” ဟု သူမက ပြောသည်။ "ဒီအတွက် လူတိုင်းစုစည်းလုပ်ဆောင်တဲ့ စုပေါင်းအားထုတ်မှုလုပ်သွားရမှာ ဖြစ်ပါတယ်။”

 

ကိုးကား - VOA

 

ပုံစာ - ဂျွန်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ် ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့ အွန်လိုင်းရာဇဝတ်မှုဆိုင်ရာအဖွဲ့မှ ပေးပို့သော ဖိလစ်ပိုင် Las Pinas မှ ရုံးခန်းတစ်ခုကို စီးနင်းမှု။ (Photo: Philippine National Police Anti-Cybercrime Group)

 

အွန်လိုင်းလိမ်လည်မှု
အရှေ့တောင်အာရှ
မြန်မာ
ကမ္ဘောဒီးယား
တရုတ်

Share With
bap-logo