bap-logo
Intrenational Crime

မြန်မာ့ ရာဇဝတ်မှုစင်္ကြံကို ကိုင်တွယ်ဖြေရှင်းခြင်း

i8eM15kXX3dFo0YESBP59-image

လွန်ခဲ့သော ၈ လ က

မြဝတီမြို့၊ ရွှေကုက္ကိုလ်သို့ ဖြားယောင်းခေါ်ယူခံရသည့် ထိုင်းလူမျိုး ၉၀ ကျော်၊ တရုတ်နိုင်ငံသား ၁၀၀၀ ကျော်နှင့် အခြားနိုင်ငံသားများကို မြန်မာရဲတပ်ဖွဲ့က နေရပ်ပြန်လည်ပို့ဆောင်သွားမည်ဟု ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သတင်းတစ်ခုက ဖော်ပြခဲ့သည်။ ၎င်းအစီအစဉ်အရ ၎င်းတို့အားလုံးကို မြဝတီ-အထူးစီးပွားရေးဇုန်-ထိုင်းနိုင်ငံ မဲဆောက်လမ်းကြောင်းမှ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။

 

ပြီးခဲ့သည့်အပတ်က မြန်မာစစ်အုပ်ချုပ်ရေးဘက်မှ ၎င်းအစီအစဉ်ကို အချိန်ရွှေ့ဆိုင်းခဲ့သော်လည်း မြန်မာ ပြည်တွင်းစစ်၊ တိုးတက်ကြီးပွားနေသော အလိမ်အညာလုပ်ငန်းများ၊ တရုတ်၊ ထိုင်းတို့နှင့် ထိစပ်နေသေည့် မြန်မာနယ်စပ်ဒေသများမှ မြေအောက်စီးပွားရေးလုပ်ငန်းများ၏ ချိတ်ဆက်မှုကို ထင်ဟပ်နေသည့်အတွက် ၎င်းအစီအစဉ်မှာ အများ အာရုံစိုက်မှု လိုအပ်ပေသည်။

 

မြဝတီမြို့မှ ပြန်လည်ပို့ဆောင်မည့် လူအရေအတွက်မှာ တရုတ်နယ်စပ် ရှမ်းပြည်နယ် ကိုးကန့် လောက်ကိုင်မြို့သို့ ဖြားယောင်းခေါ်ယူခံရသည့် ထိုင်းနိုင်ငံသား ထောင်ဂဏန်းနှင့် ယှဉ်လျှင် နည်းပါးနေသည်။

 

ယင်းနောက်ဆုံးအစီအစဉ်အရ မြန်မာစစ်အုပ်ချုပ်ရေး မသက်မသာ အခြေအနေတွင် ညပ်နေကြောင်း ဖော်ပြနေသည်။

 

မြန်မာနိုင်ငံတွင် မြေအောက်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် တရုတ်နိုင်ငံသားအများအပြားကို ဖြားယောင်းခေါ်ယူခဲ့သည့် ရာဇဝတ်အဖွဲ့များကို ရှင်းလင်းရေးလုပ်ဆောင်နိုင်ခဲ့သည့်အတွက် အမှန်တကယ် အောင်နိုင်သူမှာ တရုတ်နိုင်ငံသာဖြစ်သည်

 

ထိုသို့ ဆုံးဖြတ်ခဲ့ရသည့် အကြောင်းရင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ဖြစ်သည်ဟု ယုံကြည်ရသည်။

 

၎င်းစစ်ဆင်ရေး၏ အကြောင်းခံမှာ စစ်အုပ်ချုပ်ရေးက ကိုးကန့်ရှိ ရာဇဝတ်မှုများ ဖြိုခွင်းရန်နှင့် တရုတ်ရာဇဝတ်အဖွဲ့ဝင်များ ပြန်လည်လွှဲပြောင်းပေးရန် တရုတ်အစိုးရ၏ တောင်းဆိုမှုကို ပျက်ကွက်သည့်အတွက်ဖြစ်သည်ဟု သတင်းများဖော်ပြကြသည်။

 

ညီနောင်သုံးဖွဲ့ကို တရုတ်အစိုးရက ထောက်ပံ့မှုများ ပေးသည်ဟု ကျယ်ပြန့်စွာ ဖော်ပြမှုများလည်း ရှိကြသည်။

 

၎င်းညီနောင်သုံးဖွဲ့က မြန်မာစစ်တပ်နှင့် ၎င်း၏ တပ်ဖွဲ့များကို အတူတကွ တိုက်ခိုက်ခဲ့ကြပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေများစွာတွင် စစ်ဆင်ရေး ချဲ့ထွင်နိုင်ခဲ့သည်။

 

၁၀၂၇ စစ်ဆင်ရေးသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာစစ်တပ်ကို ဆန့်ကျင်နေသည့် တစ်နိုင်ငံလုံးမှ ခုခံရေးအင်အားစုများအတွက် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးခဲ့သည်ကို အထူးဆိုရန်ပင် မလိုအပ်ပေ။

 

မြန်မာနိုင်ငံတွင် မြေအောက်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် တရုတ်နိုင်ငံသားအများအပြားကို ဖြားယောင်းခေါ်ယူခဲ့သည့် ရာဇဝတ်အဖွဲ့များကို ရှင်းလင်းရေးလုပ်ဆောင်နိုင်ခဲ့သည့်အတွက် အမှန်တကယ် အောင်နိုင်သူမှာ တရုတ်နိုင်ငံသာဖြစ်သည်။ နယ်စပ်တလျှောက်မှ တိုင်းရင်းသားလက်နက်ကိုင်များကို ၎င်း၏ အတောင်ပံဖြန့်ကျက်မှုအောက် ထည့်သွင်းထားခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းမှ ၎င်း၏ အင်အားကိုလည်း ပြသနိုင်ခဲ့သည့် အကျိုးရလဒ်ရရှိခဲ့သည်။

 

ထိုအချိန်တွင် စစ်အာဏာရှင်မှာမူ တရုတ်နိုင်ငံ၏ လက်နက်နှင့် ထောက်ခံအားပေးမှုပေါ် မှီခိုနေရသည့်အတွက် မသက်မသာ အခြေအနေတွင် ကျန်နေရစ်သည်။

 

အထိန်းအချုပ်မဲ့သည့် အိမ်နီးချင်း

 

နိုင်ငံခြားသားများကို မြဝတီမှ ထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းရေး စစ်တပ်၏ အစီအစဉ်သည် တရုတ်ရာဇဝတ်အဖွဲ့များကို ဖြိုခွင်းရေး သို့မဟုတ် အလိမ်အညာခံသူများကို ကယ်တင်ရေးထက် ပိုသည်။ စစ်တပ်က ၎င်း၏ ကိုယ်ကျိုးအတွက် ပါးနပ်သည့် ဒေသတွင်း နည်းဗျူဟာများကို အသုံးပြုနေဆဲဖြစ်ပြီး အလွယ်တကူ အလျော့ပေးမည် မဟုတ်ကြောင်း ထင်ဟပ်ဖော်ပြနေသည်။

 

ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာ ကိုးကန့်ရှိ တရုတ်ရာဇဝတ်အဖွဲ့များကို တရုတ်နိုင်ငံ ဖြိုခွင်းချိန်တွင် ရာဇဝတ်ကောင်များစွာ မြဝတီအနီးသို့ ပြောင်းရွှေ့သွားကြသည်။

 

ရာဇဝတ်ကောင်များ ရှင်းလင်းရေး လုပ်ဆောင်နေသည့်အတွက် တရုတ်နိုင်ငံသား အများအပြား တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ရန် ရုတ်ရုတ်သဲသဲ ကြိုးပမ်းနေကြောင်း ပြီးခဲ့သည့်အပတ်တွင်သတင်းများ ထွက်ပေါ်လာခဲ့သည်။ လက်ရှိတွင် လူကုန်ကူးအဖွဲ့ကြီးများ၏ အဖွဲ့ဝင်များနှင့် ကျူးလွန်ခံရသည့် တရုတ်လူမျိုးများမှာ ရှင်သန်လွတ်မြောက်ရေး အလုအယက်ကြိုးပမ်းနေကြရသည်။

 

ရွှေကုက္ကိုလ်သာမက မြဝတီမြို့ သောင်ရင်းမြစ်အနီးဝန်းကျင်ဒေသသည် တရုတ်ရာဇဝတ်အဖွဲ့များ၏ နောက်ဆုံး ဗဟိုချက်ဖြစ်လာသည်။ ကိုးကန့်တွင်မူ ကာစီနို ၃၀ ခန့် ဖြန့်ကျက်တည်ရှိခဲ့သည်ဟု ယုံကြည်ရသည်။

 

၎င်းဒေသတွင် တရုတ်အလိမ်အညာလုပ်ငန်းများ အခိုင်အမာဖြစ်လာရခြင်းမှာ အချက်များစွာပေါ် မူတည်နေသည်။ အထူးသဖြင့် ၎င်းဒေသသည် ဗဟိုထိန်းချုပ်မှု မရှိခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အနည်းဆုံး ခုနှစ်ဖွဲ့က ၎င်းတို့အကျိုးစီးပွားအတွက် ကိုယ်ပိုင်နိုင်ငံတော်အဖြစ် အသီးသီးတည်ဆောက်ထားခြင်းတို့ကြောင့်ဖြစ်သည်။

 

အကာအကွယ်ပြုရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံသို့ ငွေကြေးအမြောက်အများ စီးဆင်းခဲ့ပြီး မြန်မာစစ်အာဏာရှင်အတွက် ကံကြမ္မာ လက်ဆင့်ကမ်းခြင်းမှာလည်းအံ့ဩဖွယ်မဟုတ်ချေ

 

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်း ၎င်းဒေသသည် တရုတ်လုပ်ငန်းများတွက် အထူးလှုပ်ရှားရာဒေသဖြစ်လာသည်။

 

အရပ်သားဦးဆောင်သည့် အစိုးရဖြုတ်ချခံရပြီး စစ်အာဏာရှင်တို့မှာ ပြည်တွင်းစစ်နှင့် အလုပ်များနေသည့်အတွက် ၎င်းဒေသတွင် လောင်းကစားလုပ်ငန်းများ၏ ကြီးမားသော ရာဇဝတ်မှုစင်္ကြံ၊ အွန်လိုင်းအလိမ်အညာလုပ်ငန်းများနှင့် လူကုန်ကူမှုများ ဖြစ်ပေါ်လာကာ "အထိန်းအချုပ်မဲ့ ရာဇဝတ်မှုနယ်မြေ” အဖြစ် တရားဝင်မဟုတ်သော်လည်း အရှိတရားအရ ပြောင်းလဲလာခဲ့သည်။

 

အကာအကွယ်ပြုရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံသို့ ငွေကြေးအမြောက်အများ စီးဆင်းခဲ့ပြီး မြန်မာစစ်အာဏာရှင်အတွက် ကံကြမ္မာ လက်ဆင့်ကမ်းခြင်းမှာလည်းအံ့ဩဖွယ်မဟုတ်ချေ။

 

အရေးအကြီးဆုံးမှာ ထိုင်းနိုင်ငံမှ ဗျူရိုကရက်များအတွက် ငွေကြေးပမာဏ အမြောက်အများ အသုံးပြုခဲ့ခြင်းပင် ဖြစ်သည်။

 

မဲဆောက်မြို့သည် ဘုရင့်နိုင်ငံအတွက် အဝင်ဝဖြစ်ပြီး အကျင့်ပျက်ခြစားနေသည့် အရာရှိများနှင့်လည်း နေရာလပ်မရှိ ပြည့်နှက်နေသည်။

 

လူများနှင့် ကုန်စည်များကို ၎င်းမြို့ကဲ့သို့ အဝင်ဝမြို့များမှ ပို့ဆောင်ရသည်ဖြစ်ရာ မဲဆောက်မှ အရာရှိအကြီးအကဲများထံမှ မျက်နှာသာရရန် ငွေကြေးအမြောက်အများ သုံးစွဲရခြင်းမှာ အံ့ဩစရာမဟုတ်ပေ။

 

မဲဆောက်နှင့် မြဝတီနယ်စပ်ကို သောင်ရင်းမြစ်နှင့် ခြားနားထားပြီး ကမ္ဘာ့ရာဇဝတ်မှုစင်္ကြံတစ်ခု ပျိုးထောင်ရာဖြစ်သည်။

 

ထိုင်းအစိုးရ၏ အမြဲလို သက်ညှာမှုနှင့် အကျင့်ပျက်ခြစားမှုဆီ ဦးတည်ယိမ်းယိုင်နေသည့် ဗျူရိုကရက်စနစ်တို့က မြို့အသစ်များတွင် ရှင်သန်ဖြစ်ထွန်းလာသော ရာဇဝတ်မှုအဖွဲ့များ ပွားများရှင်သန်လာရန် အကူအညီပေးနေသည်။

 

လွှတ်တော်မှ နိုင်ငံရေးသမားများနှင့် အဆင့်မြင့် ရဲအရာရှိဟောင်းများသည် တရုတ်ရာဇဝတ်အဖွဲ့များအတွက် အချိတ်အဆက် လမ်းကြောင်းများအဖြစ် ဆောင်ရွက်ပေးနေသည်ဟု စွပ်စွဲခံခဲ့ရသည်။

 

ငွေကြေးခဝါချမှုဗဟိုချက်

 

ပြီးခဲ့သည့်နှစ်တွင် စင်္ကြံတစ်လျှောက် တရုတ်ရာဇဝတ်အဖွဲ့ဝင်များကို ဖမ်းဆီးရေး တရုတ်ဥပဒေစိုးမိုးရေးအေဂျင်စီများက ထိုင်းဘက်မှ အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ဆောင်ခဲ့သည်။ ပူးတွဲစစ်ဆင်ရေးကို "တရုတ်များကို လိမ်ညာနေသည့် တရုတ်များ” ဟု ခေါ်သည်။

 

၎င်းစစ်ဆင်ရေးအရ တရုတ်အာဏာပိုင်များက မဲဆောက်ရှိ တရုတ်ရာဇဝတ်ကောင်များကို ခြေရာခံလိုက်ခဲ့ပြီး ထိုင်းအာဏာပိုင်များကို နာမည်စာရင်း ပေးပို့ခဲ့သည်။ ၎င်းစာရင်းကဲ့သို့ စာရင်းများကို ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာသို့လည်း ပေးပို့ခဲ့သည်။

 

တရုတ်အစိုးရက တရုတ်ရာဇဝတ်ကောင်များ၏ အမည်များကို ပေးအပ်ခဲ့သည့်အတွက် ထိုင်းဥပဒေစိုးမိုးရေးအဖွဲ့များမှာ ၎င်းတို့ကို ဖြိုခွင်းရာတွင် ပို၍ပင် အောင်မြင်သင့်သည်။ တရုတ်ရာဇဝတ်ကောင်များမှာမူ နိုင်ငံကူးလက်မှတ်အတုများကို ကိုင်ဆောင်ကာ ထိုင်း-မြန်မာ နယ်စပ်တွင် အဝင်အထွက် ပြုလုပ်နေဆဲပင်ဖြစ်သည်။

 

မြန်မာစစ်အုပ်ချုပ်ရေးဘက်က ထိုင်းနိုင်ငံသား ၉၀ ကျော်နှင့် နိုင်ငံခြားသာ ၁၀၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးရန် ကမ်းလှမ်းခြင်းမှာ စိတ်ဝင်စားဖွယ်ဖြစ်သော်လည်း ၎င်းတို့မှာ မည်သူတွေနည်းဆိုသည့် မေးခွန်း ထွက်ပေါ်လာသည်။

 

၎င်းဒေသမှာ မြန်မာအာဏာပိုင်များ ထိန်းချုပ်မှုကင်းမဲ့သည့် ဒေသဖြစ်ပြီး ဒေသခံလက်နက်ကိုင်များမှာ လက်နက်အပြည့်အစုံတပ်ဆင်ထားပြီဖြစ်ကာ တစ်ဖွဲ့နှင့် တစ်ဖွဲ့ တိုက်ခိုက်ရန် အသင့်ဖြစ်သည်။

 

မြန်မာ့နည်းဗျူဟာမှာ မြေစမ်းခရမ်းပျိုးခြင်းနှင့် ဆင်တူသည်။ တစ်ဘက်တွင် လက်နက်ကိုင်အဖွဲ့ပေါင်းစုံ၏ လှုပ်ရှားမှုသတင်းများ စုဆောင်း၍ ရကောင်း ရနိုင်ပြီး အခြားတစ်ဘက်တွင်မူ တရုတ်ကို အချိုသပ်နိုင်ကောင်း သပ်နိုင်မည်ဖြစ်သည်။

 

ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင်း နေရာသုံးခုမှ နေရပ်စွန့်ခွာခဲ့ရသည့် ကရင်လူမျိုး ၂၀၀၀၀ ကျော်အတွက် လူသားချင်းစာနာမှုစင်္ကြံ ထူထောင်၍ ထိုင်းနှင့် မြန်မာ ကြက်ခြေနီအဖွဲ့များက အထောက်အပံ့များ ပေးအပ်ရေး ပြင်ဆင်လုပ်ဆောင်နေခြင်းဖြစ်သည်။

 

အကူအညီတင်ပို့မှုများကို မဲဆောက်မြို့မှတဆင့် မြဝတီမြို့နယ်အတွင်း ၅ ကီလိုမီတာအထိ လုပ်ဆောင်မည်ဖြစ်သည်။

 

အဖွဲ့များစွာက ၎င်းထူထောင်နေမှုကို စောင့်ကြည့်နေကြသည်။ ပုန်ကန်သူအဖွဲ့ပေါင်းစုံ ထိန်းချုပ်ထားသည့် ၎င်းဒေသတွင် အစိုးရချင်း ချိတ်ဆက်ထားသည့်လမ်းကြောင်းမှ အကူအညီပေးပို့မှုမှာ မဖြစ်နိုင်သလောက်ပင် ရှိခဲ့သည်။

 

သို့ဆိုလျှင် ၎င်းလူသားချင်းစာနာမှုစင်္ကြံ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လျှို့ဝှက်အစီအစဉ် တစုံတရာ ရှိနေသလား။ ထိုအရေးကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်ပေသည်။

 

ကိုးကား - Bangkok Post

ပုံစာ - စက်တင်ဘာလ ၆ ရက် ၂၀၂၃ ခုနှစ်တွင် အလိုရှိစာရင်းမှ ၄၁ ဦးအပါအဝင် အွန်လိုင်းအလိမ်အညာလုပ်ငန်းဖြင့် သံသယရှိသူ ၁၂၀၇ ဦးကို မြန်မာမှ တရုတ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။ (Photo: chinadaily.com.cn)

 

Burma Associated Press

 

ရွှေကုက္ကိုလ်
အွန်လိုင်းငွေလိမ်မှု
မြဝတီမြို့
၁၀၂၇ စစ်ဆင်ရေး
တရုတ်

Share With
bap-logo