bap-logo
Politics

မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများ ရပ်တန့်ရေး မအောင်မြင်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ

4El_BdhEsjGmy_TSOJxEO-image

လွန်ခဲ့သော ၂ လ က

 

အရှေ့တောင်အာရှနိုင်ငံများအသင်း နိုင်ငံခြားရေး ဝန်ကြီးများသည် မြန်မာနိုင်ငံတွင် တိုက်ပွဲများ ရပ်တန့်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။

 

သို့သော် အပစ်ရပ်နိုင်ရေး တိကျသော စီမံလုပ်ဆောင်မှုများ ဖော်ဆောင်ရန် မလုပ်ဆောင်နိုင်ခဲ့ပေ။

 

လာအိုနိုင်ငံ၌ တွေ့ဆုံပြီး နှစ်ရက်အကြာ စနေနေ့တွင် အာဆီယံဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာစစ်တပ်က အစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကို စေလွှတ်ခဲ့သည်။

 

ဝန်ကြီးများသည် ပဋိပက္ခများ တိုးမြင့်လာမှုနှင့် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။ အရပ်သားများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများအပေါ် ဆက်လက် အကြမ်းဖက်နေခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဖော်ပြထားသည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် သဘောတူညီချက်ငါးချက်သည် ဝန်ကြီးများ၏ အဓိက ရည်ညွှန်းကိုးကားချက်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

 

ကြေငြာချက်တွင် ဖိလစ်ပိုင်၊ တရုတ်နှင့် အခြားနိုင်ငံများ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ် အခြေအနေကိုလည်း ရည်ညွှန်းဖော်ပြထားသည်။

 

လူအများ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေသည့် လုပ်ရပ်များအပါအဝင် ရေပြင်တွင် ဆိုးရွားပြင်းထန်သောဖြစ်ရပ်များနှင့်ပတ်သက်၍ ဝန်ကြီးအချို့က စိုးရိမ်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

 

တောင်တရုတ်ပင်လယ်အတွင်း တရုတ်အစိုးရ၏ အကျပ်ကိုင် ခြိမ်းခြောက် လုပ်ဆောင်မှုများအကြောင်း ပိုမိုခိုင်မာသော ဖော်ပြချက်များ ထည့်သွင်းရန် ဖိလစ်ပိုင်က တောင်းဆိုခဲ့သည်။

 

မြောက်ကိုးရီးယားဒုံးကျည်စမ်းသပ်မှုများမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ ယူကရိန်းနှင့် ဂါဇာတွင် ငြိမ်းချမ်းသော အဖြေရှာမှု ပြုလုပ်ရန်တောင်းဆိုကြောင်းလည်း ဖော်ပြထားသည်။

 

ကိုးကား - NHK Reuters

ပုံစာ - ဂျူလိုင်လ ၂၇ ရက် ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ အမျိုးသားကွန်ဗင်းရှင်းစင်တာတွင် ၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ ၃၁ ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်သို့ တက်ရောက်နေသော နိုင်ငံခြားရေးဝန်ကြီးများ။ REUTERS/Chalinee Thirasupa)

 

Burma Associated Press

အာဆီယံ
မြန်မာ
နိုင်ငံရေး

Share With
bap-logo