Politics
စားဝတ်နေရေးကြပ်နေချိန် သာကေတက ကျောင်းတွေက ဝါဆိုသင်္ကန်းအတွက် ငွေအတင်းအကြပ်တောင်းနေ
လွန်ခဲ့သော ၆ လ က
ဇူလိူင် ၂၇။
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ထဲက အခြေခံပညာအဆင့် စာသင်ကျောင်းတွေမှာ ဝါဆိုသက်န်းကပ်ဖို့ဆိုပြီး ကျောင်းသားတွေဆီကနေ ငွေကြေးအတင်းအကြပ်တောင်းနေတာတွေရှိနေတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
စာသင်ကြားနေတဲ့ အတန်းအလိုက် ကျောင်းသားတဦးကို ငါးထောင်ကျပ်အနည်းဆုံးတောင်းသလို အချို့ကျောင်းသားတွေကို သက်န်းပရိက္ခရာတွေလှူဖို့ တောင်းခံနေတယ်လို့ သာကေတမြို့နယ်မှာနေတဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။
"ငွေကြေးအဆင်မပြေလို့ သုံးထောင်ပေးလိုက်တာ ဆရာမက မျက်နှာမကြည်မသာနဲ့ ယူသွားတယ်တဲ့၊ အနည်းဆုံး ငါးထောင်လောက် ထည့်ကြတယ်ဆိုပြီး ကလေးကိုပြောလိုက်တယ်၊ လက်ရှိကုန်စျေးနူန်းနဲ့ မိဘတွေက ဒီလောက်တောင် မနည်းထည့်နေရတာ၊ ကျောင်းသားများတဲ့ အိမ်တွေဆို ပိုဆိုးတာပေါ့၊ အဲ့ဒါကို မရမကကောက်နေတာ"လို့ သာကေတ (၆) ရပ်ကွက်မှာနေတဲ့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
သာကေတမြို့နယ်ထဲက ကျောင်းအများစု ဒီလိုကောက်ခံနေကြတာလို့ ကျောင်းသားတွေနဲ့ မိဘတွေက အသိပေးကြပါတယ်။
ကျောင်းသား၊ ကျောင်းသူတွေဆီက ငွေကြေးတောင်းခံနေတယ်ဆိုတာကို မိဘတွေက သာကေတမြို့နယ် လူမှုကွန်ရက် ဂရုတွေမှာတင်ကြပြီး မိဘတွေကလည်း ဒီလိုငွေကြေးအတင်းအကြပ်တောင်းခံနေကြတာမှန်ကန်တယ်ဆိုပြီး ပြန်လည်ရေးသားကြပါတယ်။
လက်ရှိ ကုန်စျေးနူန်းကြီးမြင့်မှုအခြေနေမှာ စားဝတ်နေရေးခက်ခဲနေတာကြောင့် ငွေကြေးမပေးနိုင်ကြဘူးလို့ မိဘအချို့ကပြောပါတယ်။
ဒီလိုငွေကြေးကောက်ခံနေတာကို မိဘတွေမပေးနိုင်တဲ့အခါ ကလေးတွေကျောင်းမသွားချင်တဲ့ထိဖြစ်နေကြတယ်လို့ ဆိုပါတယ်။
"ဒီလိုကာလမှာ ကျောင်းထားတယ်ဆိုကထဲက ငွေကြေးမပြည့်စုံလို့ ထားကြတာ၊ ခုကကျောင်းဖွင့်စထဲက အကြောင်းအမျိုးမျိုးပြပြီး တခုမဟုတ်တခု တောင်းနေတာ၊ မပေးနိုင်တော့ ကလေးကမျက်နှာငယ်ရတယ်၊ စေတနာရှိသလောက်ယူလာကြပါ အဆင်ပြေသလောက် ယူလာကြလို့ပြောရင် တော်သေးတယ်၊ ခုကသူများအခန်းက ဘယ်လိုကောက်တာ ဘာညာပြောနေတော့ ငါးထောင်မပေးရင် ကလေးက ကျောင်းမတက်ချင်တော့ဘူး"လို့ ကျောင်းသားမိခင်တဦးက ပြောပါတယ်။
သူတို့အနေနဲ့ ဝါဆိုသက်န်းကပ်ဖို့ ငွေကြေးတောင်းခံတာမျိုးမဟုတ်ဘဲ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ မိဘဆရာအသင်းတွေရဲ့ ဆန္ဒအရလုပ်တာဖြစ်တာကြောင့် ငွေကြေးကောက်ခံတာ ဆရာမတွေမဟုတ်ဘူးလို့ ငြင်းဆိုထားကြပါတယ်။
"မိဘ ဆရာအသင်း ဆိုတာ ဆရာမတွေသဘောအတိုင်း လုပ်ကြတာပါ၊ အချို့ကျောင်းဆို ငါးထောင်မက တောင်းတယ်၊ ကျောင်းသားများတဲ့အိမ်ဆို ပိုဆိုးတယ်၊ ဘာအတွက်ကြောင့်မှ ငွေကြေးမကောက်ပါနဲ့တော့၊ ဆင်းရဲသားရပ်ကွက်မှာ ဖွင့်ထားတဲ့ကျောင်းကို ငါးထောင်ကောက်တာ မိဘတွေဝန်ပိစေတယ်"လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
Related Articles
Top News
လွန်ခဲ့သော ၄ ရက် က