Politics
မြန်မာတွင် အပစ်ရပ်ရေး တရုတ်တောင်းဆိုသော်လည်း နယ်စပ် စစ်ရေးလေ့ကျင့်မှု ဆက်လက် ပြုလုပ်မည်
လွန်ခဲ့သော တစ်နှစ် က
ပြီးခဲ့သည့် လအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစုပေါင်း၍ မြန်မာနယ်စပ်ဒေသအချို့ကို သိမ်းပိုက်မှု များ ပြုလုပ်ပြီးနောက် တရုတ်အစိုးရက အပစ်အခတ်ရပ်စဲရန် တောင်းဆိုလိုက်သည်။
သို့သော် တရုတ်က "ရွှေ့ပြောင်းနိုင်မှု၊ နယ်စပ်ထိန်းချုပ်နိုင်စွမ်းနှင့် စစ်တပ်၏ ပစ်ခတ်မှုစွမ်းရည်တို့ကို စမ်းသပ် ခြင်းဖြင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် မည်သည့်အရေးပေါ်အခြေအနေတွင်မဆို အဆင်သင့် ရှိနေစေရန်” ရည်ရွယ်၍ လက်နက်ခဲယမ်းအစစ်များအသုံးပြု ပစ်ခတ်လေ့ကျင့်ခြင်းကို ဆက်လက်လုပ်ဆောင် သွားမည်ဟု စစ်တပ်သတင်းစာ PLA Daily က တနင်္ဂနွေနေ့တွင် ဖော်ပြသည်။
မြန်မာနိုင်ငံသည် အထူးသဖြင့် ထုတ်ကုန်များ တင်သွင်းခြင်းနှင့် စိုက်ပျိုးရေးထွက်ကုန်များတင်ပို့ခြင်းတွင် တရုတ် နှင့် ကုန်သွယ်မှုအပေါ် ကြီးမားစွာ မှီခိုနေရသည်။ ၂၀၂၁ ခုနှစ် ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်ခေါင်းဆောင်များကို ကျောထောက်နောက်ခံ ပြုပေးခဲ့သော်လည်း မြန်မာနယ်စပ် မငြိမ်သက်မှုကြောင့် တရုတ်နိုင်ငံသည် အမြဲလိုပင် စိတ်မသက်မသာဖြစ်နေခဲ့သည်။
မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် လူမှောင်ခိုကူးမှုများ ထူပြောမှု ရှိနှင့်နေပြီးဖြစ်သော နှစ်နိုင်ငံနယ်စပ်သို့ ပဋိပက္ခများ ပျံ့နှံ့လာခြင်းကိုလည်း တရုတ်နိုင်ငံက စိုးရိမ်မှုမြင့်တက်လာသည်။ အွန်လိုင်းပြစ်မှုများမှ တရုတ်သားကောင်များ အရေးသည် အဓိက စိုးရိမ်ဖွယ်ရာဖြစ်လာပြီး တရုတ်နိုင်ငံက မြန်မာနှင့် အခြားနိုင်ငံများတွင် အခြေစိုက်သည့် အုပ်စုများကို ရှင်းလင်းရန်၊ ကျူးလွန်သူများကို တရုတ်သို့ ပြန်ပို့၍ အရေးယူနိုင်ရန် ပြင်းထန်စွာ ကြိုးပမ်းလာခဲ့သည်။
“မြန်မာနိုင်ငံမှ ပဋိပက္ခများကို တရုတ်နိုင်ငံမှ များစွာ စိုးရိမ်သည်။ အခြေအနေအားလုံး ဆက်လက်ဆိုးရွား လာခြင်းကို တားဆီးရန်အတွက် အဖွဲ့အားလုံး အပစ်အခတ်ရပ်စဲရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်ရန် တောင်းဆိုသည်။” ဟု PLA Daily က ဖော်ပြသည်။
ထိုစဉ်မှာပင် PLA က "နယ်စပ်လုံခြုံရေး ဘေးကင်းစိတ်ချရရန်နှင့် နယ်စပ်ဒေသများတွင် နေထိုင်သူများ၏ အသက်အိုးအိမ်တို့ကို ကာကွယ်သွားမည်။” သတင်းစာတွင် လက်နက်ခဲယမ်းအစစ်များ အသုံးပြုလေ့ကျင့်မှုကို စနေနေ့က စတင်ခဲ့သည်ဟု ဖော်ပြပြီး "တပ်ဖွဲ့များ၏ တာဝန်ယူမှုနှင့် နိုးကြားမှုကို မြှင့်တင်သွားမည်။” ဖြစ်ပြီး ရက်အတန်ကြာဆက်လက်ပြုလုပ်သွားမည်ဟု ဖော်ပြထားသည်။
မြန်မာစစ်တပ်က အနည်းဆုံး မြို့သုံးမြို့ ဆုံးရှုံးထားသည်ဟု အသိအမှတ်ပြုထားပြီး တိုက်ပွဲများကြောင့် တရုတ်နှင့် တရားဝင်ကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်ပေါ်နေဖွယ်ရှိသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ အဓိက နယ်စပ်ကုန်သွယ်ရေးဂိတ်ငါးခုအနက် တစ်ခုဖြစ်သော ကျင်းစမ်းကြော့နယ်စပ်ဂိတ်ကို စနေနေ့က သိမ်းပိုက်ခံလိုက်ရသည်။
မူဆယ်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် တရုတ်နှင့် ကုန်သွယ်မှု ပမာဏ အကြီးမားဆုံး ပြုလုပ်ရာဖြစ်သည်။ မဟာမိတ်တပ်ဖွဲ့များက တစ်လအတွင်း အပြင်းအထန် တိုက်ပွဲများနောက်ပိုင်း နယ်စပ်ဖြတ်ကျော်သည့် နေရာ လေးခုကို သိမ်းပိုက်ထားသည်။
တရုတ်ရဲတပ်ဖွဲ့က နယ်စပ်စည်းရိုးအနီးတွင် ခိုလှုံရန်ရောက်ရှိလာသူများကို မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု သတင်းဖော်ပြမှုများလည်း ရှိခဲ့သည်။
ကိုးကား - AP
ပုံစာ - နိုဝင်ဘာလ ၂၃ ရက် ၂၀၂၃ ခုနှစ် လူမှုမီဒီယာ ဗီဒီယိုတစ်ခုမှ မူဆယ်မြို့၊ မြန်မာ-တရုတ်နယ်စပ်အနီး မီးလောင်နေသည့် ထရပ်ကားတစ်စီး (Photo: Video Obtained by REUTERS)
Burma Associated Press
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၁ ရက် က