Politics
မြန်မာ့အရေး တွေ့ဆုံဆွေးနွေးရန် အင်ဒိုနီးရှားတွင် အစည်းအဝေး ပြုလုပ်
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၂၅။
စစ်တပ်အုပ်ချုပ်နေသည့် မြန်မာနိုင်ငံ ပဋိပက္ခမှ အဓိက သက်ဆိုင်သူများပါဝင်သည့် အစည်းအဝေးတစ်ခု အင်ဒိုနီးရှားတွင် ပြုလုပ်ခဲ့ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု ကျင်းပရေး "အပြုသဘောဆောင်သော ညွှန်ပြချက်” ကို ပါဝင်သူများက ပြသခဲ့သည်ဟု အင်ဒိုနီးရှားက ပြောသည်။
နိုဝင်ဘာ ၂၀ မှ ၂၂ ရက်နေ့အထိ ဂျကာတာတွင် ပြုလုပ်သော အစည်းအဝေးတွင် ဒီမိုကရေစီလိုလားသူအုပ်စုများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် NUG တို့လည်း ပါဝင်ခဲ့ပြီး စစ်အာဏာရှင်ဘက်မှ တက်ရောက်ခြင်း မရှိ သော်လည်း "အလယ်လူ" အဖြစ်ကိုယ်စားပြုသူတို့ တက်ရောက်ခဲ့ကြသည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။
အာဆီယံဥက္ကဌတာဝန်မှ လွှဲပြောင်းပေးရတော့မည့် အင်ဒိုနီးရှားသည် ပြိုင်ဘက်အဖွဲ့များအကြား တွေ့ဆုံ ဆွေးနွေးရေး တွန်းအားပေးလုပ်ဆောင်နေသော်လည်း တိုးတက်မှု အနည်းငယ်သာ ရရှိသေးသည်။
တွေ့ဆုံဆွေးနွေးမှု၏ ရည်ရွယ်ချက်မှာ အားလုံးပါဝင်သည့် ဆွေးနွေးမှု ဖြစ်ပေါ်နိုင်ရေး၊ အကြမ်းဖက်မှုများ လျှေ့ာချရေးနှင့် လူသားချင်းစာနာမှု အားထုတ်လုပ်ဆောင်မှုများ ထောက်ပံ့ရေးတို့ကို "သဘောတူညီချက် ငါးရပ်” နှင့် အညီ ဖြစ်ပေါ်လာစေရေးဖြစ်သည်ဟု အင်ဒိုနီးရှားက ပြောသည်။
“အထူးသံတမန်ရုံးကလည်း ဖြစ်ပေါ်လာနိုင်သည့် ပဏာမ ဆွေးနွေးပွဲအတွက် လမ်းခင်းပေးရန် မျှော်လင့်သည့် အဖွဲ့တစ်ခုချင်းစီအကြား 'သတင်းစကား’ အပြန်အလှန် ဖလှယ်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“သတင်းစကား အသီးသီး ရရှိပြီးနောက် သက်ဆိုင်သူများက အားလုံးပါဝင်ပြီး စစ်မှန်သော ဆွေးနွေးပွဲ ဖြစ်ပေါ်လာနိုင်ရန် အပြုသဘောဆောင်သော ညွှန်ပြချက်များ ပြသခဲ့ကြသည်။”
စစ်တပ်က "အကြမ်းဖက်သမားများ” ဟု ပြောဆိုခဲ့သည့် ခုခံကာကွယ်ရေးလှုပ်ရှားမှုကို NUG က ကျောထောက်နောက်ခံပြုသည်ဟု စွပ်စွဲကာ တွေ့ဆုံဆွေးနွေးရန် ငြင်းဆိုခဲ့သည်။ စစ်တပ်ပြောခွင့်ရသူကို အင်ဒိုနီးရှား၏ ထုတ်ပြန်ချက်အကြောင်း မေးမြန်းရန် ဆက်သွယ်ရာ ချက်ချင်းတုံ့ပြန်မှု မရခဲ့ပါ။
NUG ပြောခွင့်ရသူက စစ်မှန်သော ဆွေးနွေးပွဲအတွက် အားထုတ်မှုဖြစ်ကြောင်း နှင့် "ဒါပေမယ့် စစ်တပ်က အနာဂတ်နိုင်ငံရေးမှာ နေရာမရှိပါဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အရပ်သားအစိုးရ လက်အောက်ခံ ဖြစ်ရပါမယ်။” ဟု ပြောဆိုခဲ့သည်။
ကိုးကား - Reuters
ပုံစာ - စက်တင်ဘာ ၅ ရက် ၂၀၂၃ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးမှ လစ်လပ်နေသော မြန်မာနိုင်ငံအတွက် ထိုင်ခုံ။ (Mast Irham/Pool Photo via AP)