Politics
အိမ်တွင်းမှုလုပ်ငန်းငယ်တွေ အခွန်မဆောင်ရင် အရေးယူမယ်လို့ စစ်ကောင်စီ အကြောင်းကြားနေ
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၂၆။
ရန်ကုန်မြို့က အသေးစားအိမ်တွင်းမူလုပ်ငန်းတွေ ဝင်ငွေခွန်ဆောင်ဖို့ အခွန် မဆောင်ရင်၊ အခွန်ဥပဒေအရ အရေးယူမယ် ဆိုပြီး စစ်ကောင်စီ လက်အောက်ခံ အခွန်ရုံးတွေက စာပို့အကြောင်းကြားနေတယ်လို့ ရန်ကုန်မြို့ခံ တွေဆီက သိရပါတယ်။
"လုပ်ငန်းကသေးသေးလေး၊ ဆိုင်တောင်ဖွင့်ထားတာမဟုတ်ပဲ ဝင်ငွေခွန် ပေးဆောင်ဖို့ဆိုပြီး စာလာတယ်၊ ရုံးကို လာတွေ့ဖို့ဆိုပြီး လာတာ"လို့ အခွန်ဆောင်ဖို့ အကြောင်းကြားခံရသူတစ်ဦးက ပြောပါတယ်။
အကြောင်းကြားစာရပြီး ၅ ရက်အတွင်း သက်ဆိုင်ရာမြို့နယ်အလိုက် အခွန်ရုံးတွေကို လာရောက်ဖို့ အခွန် ဆောင်ရန် ပျက်ကွက်ပါက ဒဏ်ငွေရိုက်တာ၊ အရေးယူတာတွေ ပြုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။
အသေးစားအိမ်တွင်းမူလုပ်ငန်းတွေအပြင် ပစ္စည်းပို့တဲ့လုပ်ငန်း အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းတွေ ကိုယ်ပိုင်ကျောင်း အွန်လိုင်းရှော့လုပ်ငန်း အချို့ကိုလည်း ကောက်ခံနေတယ်လို့ သိရပါတယ်။
အခွန်ဦးစီးမှူး စသုံးလုံးနဲ့ အထူးတပ်ဖွဲ့တွေဟာ မြို့နယ်အလိုက် နာမည်ထွက်နေတဲ့ လုပ်ငန်းတွေ၊ စီးပွားရေး အောင်မြင်နေတဲ့လုပ်ငန်းတွေကို စောင့်ကြည့်နေပြီး ငွေကြေးတောင်းယူမှုတွေရှိနေတယ်လို့ ရန်ကုန်မြို့က အသေးစား စီးပွားရေးလုပ်ငန်းလုပ်သူအချို့ဆီက သိရပါတယ်။
" ကိုယ်ပိုင်ကျောင်းတွေကိုလည်း ညစ်တယ်၊ ကျောင်းသားများတဲ့ ကိုယ်ပိုင်ကျောင်းတွေကိုဆို အချိန်ပြည့် ငွေတောင်းနေတာ၊ လုပ်ငန်းခွန်လည်းဆောင်ထားတော့ ကျောင်းကလခမြင့်တဲ့ ဆရာမအချို့ရဲ့ ဝင်ငွေကိုပြပြီး ညှိလိုက်တာ ရတယ်" လို့ ရန်ကုန်မြို့နယ်တစ်ခုက ဝင်ငွေခွန်ဆောင်ခဲ့သူတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က အခွန်မဆောင်သူ များပြားနေတာကြောင့် အခွန်အပြည့်အ၀ ရရှိစေရေး ကောက်ခံပေးဖို့ လျှို့ဝှက် ညွှန်ကြားထားတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။
နိုဝင်ဘာလ ၂ ရက်နေ့ နေပြည်တော်မှာလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ အာဏာသိမ်းခေါင်းဆောင်က "အစိုးရတစ်ရပ်အနေဖြင့် အခွန်ပေါ်မူတည်ပြီး လုပ်ငန်းများ ဆောင်ရွက်ရသဖြင့် တာဝန်ရှိတာကြောင့် ပြည်ထောင်စုဝန်ကြီး ဌာနများက အခွန်ကို ဖိဖိစီးစီးနဲ့အပြည့်အ၀ ရရှိအောင် ကောက်ခံပေးရန်" ညွှန်ကြား ထားတာလို့ဆိုပါတယ်။
အောက်တိုဘာလတုန်းကလဲ ရန်ကင်းမြို့နယ် အခွန်ရုံးက အိမ်ရှင်၊ ဆိုင်ခန်းရှင်၊ တိုက်ခန်းပိုင်ရှင်တွေကို ငှားရမ်းထားတဲ့ အိမ်၊ ဆိုင်ခန်းနဲ့တိုက်ခန်းတွေအတွက် အခွန် ပေးရမယ်ဆိုပြီငွေကြေး တောင်းယူနေတယ်လို့ ရန်ကင်းမြို့နေသူတွေ ဆီက သိရပါတယ်။
" အိမ်ငှားခ ရတဲ့ ဝင်ငွေအပေါ် စည်းကြပ်မယ်ဆိုပြီးတော့ ရုံးက ဆင့်ခေါ်စာ ပို့တယ်။ မသွားတဲ့သူတွေများတယ်၊ အခွန်ကို စတိဆောင်ပြီး လူကြီးတွေကို ငွေပေးရတာပါ။ တစ်ရုံးလုံး ဝေစားမျှစားတွေ နိုင်ငံတော်က အခွန်ရဖို့ထက် သူတို့မျိုဆို့ဖို့က ပိုအရေးကြီးနေတာ" လို့ ရန်ကင်းမြို့နေသူတဦးက ပြောပါတယ်။
အခု လတ်တလော ရန်ကုန်မှာ စစ်ကောင်စီက သံချပ်ကာကားတွေနဲ့ ဟန်ရေးပြ လှည့်ပတ်မှုတွေအပြင် ညအချိန်တွေမှာဆို လူငယ်လူလတ်ပိုင်းတွေထံကနေ ငွေညှစ်တောင်းခံနေတာတွေလည်း ရှိနေပါတယ်။
Top News
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၇ ရက် က
လွန်ခဲ့သော ၁၁ ရက် က