Editorial
အကျိုးစီးပွားနှင့် နိုင်ငံရေး ချိန်ခွင်လျှာ
လွန်ခဲ့သော ၂ နှစ် က
မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့နှင့် စစ်ကောင်စီအကြား တိုက်ပွဲများကို ယာယီအပစ်အခတ်ရပ်စဲထားရန် တရုတ်နိုင်ငံ ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် သဘောတူထားကြသည်။
စစ်ရေးနည်းလမ်းနှင့် နိုင်ငံရေးနည်းလမ်းတို့အကြား နည်းလမ်းနှစ်သွယ်အနက် နိုင်ငံရေးနည်းလမ်း အားသာသူနှင့် စစ်ရေးနည်းလမ်းအားသာသူအဖြစ် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် တွေ့ရမည်။
မြန်မာ့နိုင်ငံရေးပြဿနာနှင့် လက်နက်ကိုင်ပဋိပက္ခသည် တော်လှန်ရင်း၊ ရပ်နားရင်းဖြင့် ဖြတ်သန်းခဲ့ကြခြင်းဖြစ် သည်။ ပြည်တွင်းစစ်သည်လည်း နှစ်ပေါင်း (၇၀) ကျော်ကြာ ရှိနေသည်။ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များလည်း တိုးပွားလာနေသည်။
ထိုအခင်းအကျင်းများ အဘယ့်ကြောင့် ပေါ်ပေါက်လာရသနည်းဆိုသော မေးခွန်းအတွက်အဖြေကို ဤနေရာတွင် ဖြေဆိုရမည်ဖြစ်သည်။ လက်နက်ကိုင်ခြင်းသည် လက်နက်ကိုင်နည်းလမ်းဖြင့်သာ နိုင်ငံရေးစကား ပြောနိုင် မည်ဟု ယုံကြည်သောကြောင့် ဖြစ်သကဲ့သို့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ လွတ်လပ်ခွင့်၊ တန်းတူညီတူခွင့်နှင့် လူ့အခြေခံရ ပိုင်ခွင့်များ ဆုံးရှုံးနေကြခြင်းကြောင့်ဖြစ်သည်။
စစ်ကောင်စီက ပုံမှားရိုက်ချေဖျက်နေသည့် နယ်မြေလိုချင်၍ မဟုတ်ကြောင်းနှင့် ဌာနေတိုင်းရင်းသားတို့သည် သူ တို့ဒေသကို သူတို့ကိုယ်တိုင် စီမံခန့်ခွဲလို၍သာဖြစ်ကြောင်း နားလည်ထားသင့်သည်။
အထက်ဖော်ပြပါ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ ယာယီအပစ်အခတ်ရပ်စဲခြင်းကို ပြန်လည်ဆွေးနွေးရမည်ဆို လျှင်ယင်းသည် အဖြေမဟုတ်ကြောင်း သိသာပါမည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်းနှင့် အပစ်အခတ်ရပ်စဲခြင်းကိစ္စများ များစွာရှိခဲ့သည်။ ၁၉ ၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ၁၉၉၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ၂၀၁၀ ခုနှစ်နောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် အောင်မြင်ခဲ့ခြင်း မရှိပါ။
ယင်းဆွေးနွေးပွဲများ မအောင်မြင်ခြင်း၏ သက်သေနှင့်အကြောင်းအရင်းမှန်သည် စစ်အာဏာရှင်၊ စစ်အာဏာရှင် စနစ်နှင့် ယင်းတို့ဖြင့် နှီးနွယ်နေသော အုပ်စုများသာဖြစ်သည်။ ယင်းတို့၏ အစုအဖွဲ့များ နှစ်ပေါင်း(၇၀) ကျော်ကြာ ဗိုလ်ကျစိုးမိုးချယ်လှယ်ခဲ့ကြ၍သာ ယခုအခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးဖြေရှင်းရန် အသုံးပြုနေသော နည်းလမ်း(၂)ရပ်သည် အသင့်တော်ဆုံးဖြစ်ပြီး ယင်းနှစ် ရပ်ကို ဟန်ချက်ညီ ထိန်းကြောင်းရန်သာလိုအပ်မည်။
သည့်အပြင် သတိပြုရန်ကိစ္စသည် ကြားဝင်စေ့စပ်သူများကိစ္စဖြစ်၏။ ကြားဝင်စေ့စပ်သူများ ကြားဝင်လာ ခြင်းသည် မြန်မာ့အရေး အကောင်းဘက်သို့ ဦးတည်ရန်လိုလားကြမည်က မှန်သော်လည်း ကြားဝင်သူများ၏ အကျိုးစီးပွား လိုလားချက်နှင့် ကမ္ဘာ့နိုင်ငံရေး ဩဇာပြိုင်ဆိုင်နေကြခြင်းကိုလည်း သတိမူကြရမည်။ သူ့အကျိုး စီးပွား၊ ကိုယ့်အကျိုးစီးပွား ချိန်ခွင်လျာညှိ၍ စစ်အာဏာရှင်နှင့် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးသာ အလေးထားသင့်ကြောင်း တိုက်တွန်းအပ်ပါသည်။