bap-logo
Editorial

ဤနေ့ရက်နှစ်သစ်မှသည်

BZ4895pmhWjgHJb99INK4-image

လွန်ခဲ့သော ၂ နှစ် က

 

မင်္ဂလာရှိသော ၂၀၂၄ ခုနှစ် ဖြစ်စေကြောင်း တောင်းဆုမေတ္တာ ပို့သအပ်ပါသည်။ ယနေ့သည် တစ်ကမ္ဘာလုံး အသိ အမှတ်ပြုထားသည့် နိုင်ငံတကာနှစ်သစ်ကူးနေ့၏ ပထမဦးဆုံးသော တနင်္လာနေ့၊ ဇန်နဝါရီလ ရက် ဖြစ်သည်။ ဖြတ်သန်းပြီးခဲ့သော နှစ်ကာလ၏ အကောင်းအဆိုးနှစ်ဖြာကိစ္စအပေါ်တည်၍ နှစ်သစ်မျှော်မှန်းချက်နှင့်ဆုံး ဖြတ် ချက်များကို ချမှတ်အကောင်အထည်ဖော်နိုင်ရန် စိတ်သစ်လူသစ်ဖြစ်နိုင်အောင် ကြိုးစားကြရပေဦးမည်။

 

သုံးနှစ် သုံးမိုး

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖြတ်သန်းရသည့် သုံးနှစ်သုံးမိုးတွင် မြန်မာနိုင်ငံသည် အဆိုးဆုံးသော ကာ လများကို ဖြတ်သန်းခဲ့ရသည်။ သေနတ်သံ ဗုံးသံများအကြားတွင် လူ့အသက်ပေါင်းများစွာ၊ အိုးအိမ်စည်းစိမ် ပေါင်းများစွာနှင့် ဘဝပေါင်းများစွာသည် နေ့စဉ်ရက်ဆက် ပျက်စီးဆုံးရှုံးနေကြရသည်။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်း ရင်းအမှန်သည် စစ်အာဏာသိမ်းခြင်းနှင့် စစ်အာဏာရှင်စနစ် အမြစ်မပြတ်သေးခြင်းကြောင့်သာ ဖြစ်သည်။ ထိုအကြောင်းကို အမြစ်မှတိုင်အောင် ပြတ်စေခြင်းငှာ ဖြတ်ထုတ်ရသည့် သုံးနှစ်တာကာလ သုံးနှစ် သုံးမိုးတွင် မည်သူတို့သည် အများပြည်သူ့ဘက်တော်သား၊ မည်သူတို့သည် တစ်ကိုယ်ကောင်းသမား စသဖြင့် ကွဲပြားစွာ သိခဲ့ကြပြီးဖြစ်သည်။

 

အဆုံးသတ်လား၊ အဆုံးဖြတ်လား

 

၂၀၂၃ ခုနှစ်ကို တော်လှန်ရေး၏ အဆုံးအဖြတ်နှစ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက ဆိုခဲ့သည်။ ထိုအဆို တွက် တိကျပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုမူ ပြောဆိုခဲ့ခြင်း မရှိပါ။ ယူဆချက်ပေါင်းများစွာ၊ အဓိပ္ပါယ်ပေါင်းများစွာဖြင့် စောင့်ကြည့်ရင်း ဖြတ်သန်းခဲ့ကြရသည်။ မြေပြင်တိုက်ပွဲများ ပြင်းထန်လာမှု သေချာသည်။ မြောက်ပိုင်း ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် လက်နက်ကိုင်တော်လှန်ရေး၏ အရှိန် အဟုန်ကို အမြင့်ဆုံးသို့ ဆွဲတင်နိုင်ခဲ့သည်။ ထို့ကြောင့်သာ ၂၀၂၃ ခုနှစ်ကို နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်နှစ်ဟု ဆိုနိုင်ခဲ့သည်။ စစ်ကောင်စီသည် မပြုတ်ကျသေး၊ မင်းအောင်လှိုင်ဦးဆောင်သော မြန်မာ စစ်တပ်သည် အလုံးစုံလက်နက်မချသေး၊ အာဏာရှင်သည် သူ၏တည်မြဲရေးအတွက် တင်းခံနေဆဲဖြစ်၍ အဆုံးသတ်ဆီသို့ ရောက်ရန် ရုန်းကန်ကြရဦးမည်။

 

ရန်သူကို မိတ်ဆွေလုပ်ခြင်း

 

ဆရာကြီး ဒဂုန်တာရာ၏ ထင်ရှားသည့်စကားဖြစ်သော "နိုင်ငံရေးဆိုသည်မှာ ရန်သူကိုမိတ်ဆွေလုပ်ခြင်း" အဆိုအတိုင်း မိမိ၏ရန်ဘက်ဖြစ်နေသော ရန်သူများ မိတ်ဆွေဖြစ်၍ ဘက်ပြောင်းလာစေရန် အရှိန်အဟုန်မြှင့် ကြိုးစားရမည့် ကာလသည် ၂၀၂၄ ခုနှစ် ဖြစ်မည်။ ၁၀၂၇ စစ်ဆင်ရေး၏ အရှိန်အဟုန်ကြောင့် မြို့သိမ်းစခန်း သိမ်းတိုက်ပွဲများကို ဖော်ဆောင်နိုင်ခဲ့ကြသည်။ ယင်းနှင့်အတူ လက်နက်ချခြင်း၊ အလံဖြူထောင်ခြင်းနှင့် ပြည်သူ့ရင်ခွင်ခိုလုံခြင်းများလည်း ရှိလာခဲ့သည်။ ယင်းသည် ရန်သူကို မိတ်ဆွေဖြစ်အောင် ကြံဆောင်ခြင်း ဖြစ်သည်။ ယင်းကြောင့် မင်းအောင်လှိုင်စစ်တပ်မှ ပြည်သူ့ရင်ခွင်သို့ ခိုလုံလာလိုသူများကို လမ်းဖွင့်ထား ပေးနိုင်သလို သွေးထွက်သံယိုနည်းသည့် တိုက်ပွဲတစ်ရပ်လည်း ဖြစ်‌ပေမည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုလည်း တုန်လှုပ်ချောက်ချားစေမည်။

 

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါမည်

 

"လှည်းဘီးနွံထဲ ကျွံနေသည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်"ဆိုသော ဆိုရိုးသည် မြန်မာ့နိုင်ငံရေးအရွေ့တွင် အပြောများသော စကားဖြစ်လာသည်။ မြန်မာနိုင်ငံအတွက် နိုင်ငံ‌ရေးစနစ်ကောင်းတစ်ခုကို လိုလားသော နိုင်ငံရေး အင်အားစုအသီးသီးနှင့် အများပြည်သူသည် သုံးနှစ်တာကာလအတွင်း အရွေ့များအားရွေ့နိုင်ရန် နိုင်ရာ အင်အားမှ ဝိုင်း၍ တွန်းခဲ့ကြသည်မှာ ငြင်းဖွယ်ရာမရှိပါ။

 

သို့သော် ထိုအရွေ့တွင် အားစိုက်သင့်သ၍ အားမစိုက်ဘဲ ရေသာခိုအချောင်လိုက်နေသည့် အင်အားစုများ ရှိနေ သည် ကိုလည်း သတိပြုရမည်။ အာဏာရှင်ကင်းစင်သော နိုင်ငံသစ်၏ ပုလ္လင်ထက် မင်းလောင်းသဖွယ် ဝင်ထိုင်နိုင်ရန် ဟန်ပြင်နေသူများကိုလည်း သတိမူရမည်။ နွေဦးတော်လှန်ရေးသည် လွတ်လပ်ခြင်း၊ တန်းတူ ညီမျှခြင်းနှင့် တရားမျှ တခြင်းတို့ဖြင့် နိုင်ငံသစ်ကို တည်ဆောက်ရန် ဖြစ်သည်။ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ အာဏာရရန်နှင့် အာ ဏာတည်ဆောက်ရန်အတွက် အခင်းအကျင်းမဟုတ်သည်ကို သတိမူရမည်။

 

ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်ဆိုသည့်အတိုင်း မည်သည့်နေရာ၊ မည်သည့်ဌာန၊ မည်သည့်အင်အားဖြင့်၊ မည်၍ မည်မျှ အားစိုက်နိုင်ကြမည်ကို ပြန်လည်ဆန်းစစ်၍ အားထည့်နိုင်ကြမည့် နေရာအသီးသီးသို့ အားထည့်နိုင်သ၍ အားကုန်စိုက်နိုင်ကြရမည်။

 

၂၀၂၄ နှစ်သည် အများပြည်သူ၏ အနာဂတ်မျှော်လင့်ချက် အမြင့်ဆုံးကာလဖြစ်သလို၊ စစ်ပန်း လူပန်း၊ တော်လှန် ရေးပန်းသည့် ကာလတစ်ခုကိုလည်း ဖြတ်သန်းရမည်မှာ မလွဲဧကန်ဖြစ်သည်။

 

ထို့ကြောင့် လိုရာပန်းတိုင်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရန် လေကိုလျော့၍ အလုပ်ဖြင့် သက်သေပြုနိုင်မှသာ အောင်ပန်းဆင်နိုင်မည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

 

နှစ်သစ်မှာ မျှော်လင့်ချက်ကောင်းများ ရှင်သန်နိုင်ပါစေကြောင်း ထပ်လောင်းတောင်းဆုပြုရပါသည်။

 

Burma Associated Press

မြန်မာ
နွေဦးတော်လှန်ရေး

Share With
bap-logo