bap-logo
Weather

မြေရှားသတ္တု တူးဖော်မှုများကြောင့် မဲခေါင်မြစ်လက်တက်များ အဆိပ်သင့်လျက်ရှိ

-1pL0HYOttOYO0hEBe82j-image

လွန်ခဲ့သော တစ်နာရီ က

BAP၊ ဘာသာပြန်။

ငါးဖမ်းလှေဦးတွင် ထိုင်လျက် အသက် ၇၅ နှစ်အရွယ် Sukjai Yana သည် ကွန်မှမိသော ငါးအနည်းငယ်ကို ဖြုတ်ယူနေသည်။ ဖမ်းမိသည့် ငါးအရေအတွက် နည်းပါးလှသဖြင့် ၎င်းမှာ စိတ်ပျက်လျက်ရှိပြီး အဆိုပါ ငါးများကို ရောင်းချနိုင်ပါ့မလားဟူ၍ စိုးရိမ်ပူပန်နေသည်။

 

အချို့သောနေ့ရက်များတွင် Sukjai Yana အနေဖြင့် ဝင်ငွေ လုံးဝမရှိချေ။ အကြောင်းမှာ မဲခေါင်မြစ်နှင့် ယင်း၏ လက်တက်များ ညစ်ညမ်းနေသည်ဟူသော စိုးရိမ်မှုများကြောင့် မြစ်ညာရှိ မြေရှားသတ္တုမိုင်းများမှ စီးဆင်းလာသော အဆိပ်အတောက်များက အဆိုပါ ရေပြင်ကို အမှီပြု၍ စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြသော လူသန်းပေါင်းများစွာအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေသောကြောင့် ဖြစ်သည်။

 

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ငါးဖမ်းလုပ်ငန်းဗဟိုချက်ဖြစ်သော Chiang Saen သည် Sukjai Yana ၏ မိသားစုများ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် နေရာဖြစ်သည်။ "ဒီနေရာကလွဲရင် ကျွန်တော် ဘယ်ကိုသွားရမလဲဆိုတာ မသိတော့ဘူး။" ဟု ၎င်းက ဆိုသည်။

 

Yana သည် ကီလိုမီတာ ၅၀၀၀ (မိုင် ၃၁၀၀) နီးပါးရှည်လျားသော မဲခေါင်မြစ်ကို မှီခိုနေရသော အရှေ့တောင်အာရှ ကုန်းမကြီးရှိ လူဦးရေ သန်း ၇၀ တွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ရှားပါးသတ္တုပစ္စည်းများအတွက် ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် အနောက်ဘက်ရှိ စစ်ဘေးသင့် မြန်မာနိုင်ငံတွင် ဗဟိုပြု၍ အထိန်းအကွပ်မဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းများ တိုးတက်လာပြီး အရှေ့ဘက်ရှိ လာအိုအထိ ပျံ့နှံ့သွားခဲ့သည်။

 

မဲခေါင် မြစ်သည် ပလတ်စတစ်ညစ်ညမ်းမှု၊ မြစ်ညာပိုင်းရှိ ရေအားလျှပ်စစ်ဆည်များနှင့် သဲတူးဖော်မှုများကြောင့် နှစ်ပေါင်းများစွာ ဖိအားများကြားတွင် ရှိနေခဲ့သည်

 

မဲခေါင် မြစ်သည် ပလတ်စတစ်ညစ်ညမ်းမှု၊ မြစ်ညာပိုင်းရှိ ရေအားလျှပ်စစ်ဆည်များနှင့် သဲတူးဖော်မှုများကြောင့် နှစ်ပေါင်းများစွာ ဖိအားများကြားတွင် ရှိနေခဲ့သည်။ သို့သော်လည်း ကျွမ်းကျင်သူများကမူ တူးဖော်ရေးလုပ်ကွက်များမှ စီးဆင်းလာသော အဆိပ်သင့်ရေဆိုးများသည် ဖြစ်တည်မှုအတွက်ပင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။

 

အာဆင်းနစ်၊ ပြဒါး၊ ခဲ နှင့် Cadmium ကဲ့သို့သော Heavy metals များနှင့် ထိတွေ့မိပါက ကင်ဆာရောဂါ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ပျက်စီးခြင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပွားနိုင်ခြေ မြင့်မားသည်။ အထူးသဖြင့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ပိုမိုဆိုးရွားသည်။

 

ထိုင်းနိုင်ငံသည် ဤတူးဖော်မှု များပြားလာခြင်း၏ အကျိုးဆက်ကို အဓိကခံစားနေရသည်။ အကြောင်းမှာ အဆိုပါ အဆိပ်အတောက်များသည် အမေရိကန်စူပါမားကတ်များရှိ ဆန်အိတ်များမှသည် ဂျပန်နိုင်ငံရှိ Edamame(ပဲပိစပ်ဖြင့် ပြုလုပ်သောမုန့်တစ်မျိုး) နှင့် မလေးရှားမီးဖိုချောင်သုံး ကြက်သွန်ဖြူများအထိ ပါဝင်နေသော ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ အစားအသောက်တင်ပို့မှုကဏ္ဍကို ခြိမ်းခြောက်နေသောကြောင့် ဖြစ်သည်။

 

လက်ရှိတွင် တုံ့ပြန်မှုများမှာ ဒေသအဆင့်မျှသာ ရှိသေးသည်။ တရားမဝင် မှောင်ခိုကူးမှုများနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ပဋိပက္ခများက ဒေသတွင်း ဖြေရှင်းချက်များကို ပိုမိုရှုပ်ထွေးစေပြီး ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ကဲ့သို့သော မြစ်အောက်ပိုင်း နိုင်ငံများအတွက် စိုးရိမ်ဖွယ်ရာများ တိုးပွားလာစေသည်။

 

ထိုင်းနိုင်ငံမြောက်ပိုင်း၊ Chiang Rai ရှိ Mae Fah Luang တက္ကသိုလ်မှ Suebsakun Kidnukorn က စိုက်ပျိုးရေးသည် အရှေ့တောင်အာရှ၏ စီးပွားရေး ကျောရိုးဖြစ်ကြောင်း၊ မြေရှားသတ္တုမိုင်းများသည် "ကမ္ဘာ့မီးဖိုချောင်" ကို ဖျက်ဆီးနေကြောင်း သတိပေးခဲ့သည်။

 

ကျွန်တော်တို့ရဲ့ စိုးရိမ်တာက ကျွန်တော်တို့ တင်ပို့တဲ့ ဆန်တွေထဲမှာ အဆိပ်ဓာတ်တွေ စုပုံပါဝင်လာမှာကိုပဲ။ ဒါက ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုလည်းဖြစ်တဲ့ ဆန်စပါးစိုက်ပျိုးရေး လုပ်ငန်းကို ပြိုလဲသွားစေနိုင်တယ်

 

အဆိပ်သင့်ရေများ ထိုင်းနိုင်ငံသို့ စီးဝင်

 

ထိုင်းနိုင်ငံရှိ တောင်တန်းဒေသ ရွာတစ်ရွာဖြစ်သည့် Tha Ton တွင် ငှက်ပျောဖီးများကို ခုတ်ထွင်နေသည့် အသက် ၆၃ နှစ်အရွယ် Lah Boonruang သည် ၎င်းရိတ်သိမ်းထားသည့် စိုက်ပျိုးသီးနှံများဖြစ်သော ဆန်၊ ကြက်သွန်ဖြူ၊ ပြောင်းဖူး၊ ကြက်သွန်နီ၊ သရက်သီးနှင့် ငှက်ပျောသီးများတွင် အဆိပ်သင့်မှု ရှိမရှိကို လက်ချိုး ရေတွက်လျက် ရှိသည်။ ၎င်းသည် မြန်မာနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ စီးဆင်းလာပြီး အဆိပ်အတောက်များ ပြည့်နှက်နေသည့် Kok River မှ ရေကို အသုံးပြု၍ ၎င်း၏ လယ်ယာမြေများကို ရေသွင်းလျက်ရှိသည်။

 

"လူတိုင်း အဆိပ်ကို ကြောက်ကြတယ်။" ဟု ၎င်းက ဆိုသည်။ "ကျွန်တော်တို့အနေနဲ့ ပြည်ပကို တင်ပို့မှု မလုပ်နိုင်တော့ရင် တောင်သူတွေက အရင်ဆုံး သေမှာပဲ။"

 

ထိုင်းနိုင်ငံသည် အိန္ဒိယနှင့် ဗီယက်နမ်တို့နှင့်အတူ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့်နိုင်ငံဖြစ်သည်။ ၂၀၂၄ ခုနှစ် ကုန်သွယ်ရေးကိန်းဂဏန်းများအရ ဆန်နှင့် သစ်သီးဝလံ တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိခဲ့ပြီး ၎င်းထံမှ ဆန်အများဆုံး တင်သွင်းသည့်နိုင်ငံမှာ အမေရိကန် ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ စိုးရိမ်တာက ကျွန်တော်တို့ တင်ပို့တဲ့ ဆန်တွေထဲမှာ အဆိပ်ဓာတ်တွေ စုပုံပါဝင်လာမှာကိုပဲ။ ဒါက ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုလည်းဖြစ်တဲ့ ဆန်စပါးစိုက်ပျိုးရေး လုပ်ငန်းကို ပြိုလဲသွားစေနိုင်တယ်။" ဟု ထိုင်းနိုင်ငံမြောက်ပိုင်း Chiang Khong မြို့ရှိ The Mekong School ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန တည်ထောင်သူ Niwat Roykaew က ပြောသည်။

 

ထိုင်းသိပ္ပံပညာရှင်များသည် Sai နှင့် Ruak ကဲ့သို့သော အခြား မဲခေါင် မြစ်လက်တက်များတွင်လည်း Heavy metals(သတ္တုလေး) ညစ်ညမ်းမှု မြင့်မားနေသည်ကို တွေ့ရှိထားသည်။

 

မဲခေါင် မြစ်သည် တရုတ်နိုင်ငံမှ စတင်စီးဆင်းလာပြီး အရှေ့တောင်အာရှ နိုင်ငံ ငါးနိုင်ငံကို ဖြတ်သန်း၍ ပင်လယ်ထဲသို့ စီးဝင်သည်။ သန်းနှင့်ချီသော လူတို့သည် မဲခေါင် မြစ်ဝှမ်းမှ ငါးများကို ပရိုတင်းဓာတ်အတွက် မှီခိုနေကြရသည်။

 

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် နေထိုင်သည့် လူနည်းစု တိုင်းရင်းသားများအား မြစ်ရေကို အသုံးမပြုရန် သတိပေးချက်များသည် ငါးဖမ်းလုပ်ငန်းဖြင့် ကျော်ကြားသော Lahu တိုင်းရင်းသားများအတွက် နာကျင်စရာဖြစ်ကြောင်း Lahu လူကြီး Sela Lipo (အသက် ၅၆ နှစ်) က ဆိုသည်။ "Lahu လူမျိုးတွေရဲ့ ဘဝနေထိုင်ရေးလမ်းကြောင်းက မြစ်နဲ့ အမြဲတမ်း တွဲနေတာပါ။ အခုလို အဆိပ်သင့်နေတဲ့ မြစ်က ကျွန်တော်တို့ရဲ့ အသက်သွေးကြောကို ဖြတ်တောက်ပစ်လိုက်သလိုပါပဲ။" ဟု ၎င်းက ပြောသည်။

 

မဲခေါင် မြစ်လက်တက်များမှ မကြာသေးမီက ရယူထားသည့် ရေ၊ ငါးနှင့် နုန်းနမူနာများတွင် မြေရှားသတ္တု တူးဖော်မှုကြောင့်ဖြစ်သော အာဆင်းနစ်၊ ပြဒါး၊ ခဲ နှင့် Cadmium ကဲ့သို့သော အန္တရာယ်ရှိသည့် Heavy metals များ မြင့်မားစွာ ပါဝင်နေကြောင်း ထိုင်းနိုင်ငံ Naresuan တက္ကသိုလ်မှ သုတေသနပညာရှင် Warakorn Maneechuket က ပြောသည်

 

ဖြေရှင်းချက်များမှာ ဒေသအဆင့်နှင့်သာ ကန့်သတ်ထား

 

ထိုင်းအစိုးရကမူ နယ်စပ်တစ်ဖက်ကမ်းရှိ ပဋိပက္ခများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ တူးဖော်ရေးလုပ်ငန်းများကို ထိန်းချုပ်ရန် လုပ်ပိုင်ခွင့် နည်းပါးနေကြောင်း ဆိုသည်။ ထိုင်းနိုင်ငံ၏ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနမှ Aweera Pakkamart က ထိုင်းနိုင်ငံ၏ တုံ့ပြန်မှုမှာလည်း ကျွမ်းကျင်မှု၊ သတင်းအချက်အလက်နှင့် ရန်ပုံငွေ အကန့်အသတ်များကြောင့် အခက်အခဲ ရှိနေကြောင်း ပြောသည်။

 

အများပြည်သူ တက္ကသိုလ်များ၊ ဒေသန္တရ အစိုးရများနှင့် မဲခေါင်မြစ်ကော်မရှင် (Mekong River Commission) ကဲ့သို့သော ဒေသတွင်း အဖွဲ့အစည်းများကမူ Heavy metals ပမာဏကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် ရောဂါဖြစ်ပွားနိုင်ခြေများအကြောင်း လူထုကို ပညာပေးခြင်းတို့ကိုသာ အဓိကထား လုပ်ဆောင်နေကြသည်။

 

မဲခေါင် မြစ်လက်တက်များမှ မကြာသေးမီက ရယူထားသည့် ရေ၊ ငါးနှင့် နုန်းနမူနာများတွင် မြေရှားသတ္တု တူးဖော်မှုကြောင့်ဖြစ်သော အာဆင်းနစ်၊ ပြဒါး၊ ခဲ နှင့် Cadmium ကဲ့သို့သော အန္တရာယ်ရှိသည့် Heavy metals များ မြင့်မားစွာ ပါဝင်နေကြောင်း ထိုင်းနိုင်ငံ Naresuan တက္ကသိုလ်မှ သုတေသနပညာရှင် Warakorn Maneechuket က ပြောသည်။

 

ဓာတ်ခွဲခန်းတစ်ခုအတွင်း၌ ၎င်းသည် Kok River မှ ဖမ်းမိသော ငါးခူတစ်ကောင်အား ခွဲစိတ်စစ်ဆေးစဉ် အသားလုံးကဲ့သို့ ကြီးထွားမှုများ၊ အရေခွံအရောင် ပြောင်းလဲမှုနှင့် ထူးခြားသော မျက်လုံးအရောင်များကဲ့သို့သော ညစ်ညမ်းမှု လက္ခဏာများကို ခွဲစိတ်ဓားဖြင့် ညွှန်ပြရှင်းပြသည်။

 

Heavy metals စုပုံလာခြင်းသည် အလွန်အန္တရာယ်များသည်။ အာဆင်းနစ်သည် ကိုယ်အင်္ဂါများ ပျက်စီးစေပြီး၊ ပြဒါးသည် အာရုံကြောစနစ်ကို ထိခိုက်စေသည်။ ခဲသည် မှတ်ဉာဏ်ကို လျော့နည်းစေကာ Cadmium သည် ကျောက်ကပ်ကို ထိခိုက်စေသည်။

 

ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို အသိပညာပေးရန်အတွက် Naresuan တက္ကသိုလ်မှ Tanapon Phenrat သည် စမတ်ဖုန်း ငါးဘေးကင်းရေး အက်ပ်တစ်ခုကို ဖန်တီးခဲ့သည်။ Chiang Saen ရှိ ငါးဖမ်းသမားများကို သံသယဖြစ်ဖွယ် ငါးများအား ရှာဖွေဖော်ထုတ်ရန်နှင့် ဓာတ်ပုံများ ရိုက်ယူ၍ အက်ပ်တွင် တင်သွင်းရန် လေ့ကျင့်ပေးခဲ့သည်။ ထိုင်းနိုင်ငံမြောက်ပိုင်းအတွက် ပြည်သူ့သိပ္ပံ အချက်အလက်စနစ်တစ်ခု တည်ဆောက်ခြင်းသည် ညစ်ညမ်းမှု၏ အတိုင်းအတာနှင့် ပျံ့နှံ့မှုကို တိုင်းတာရန် ကူညီပေးနိုင်ကြောင်း ၎င်းက ဆိုသည်။ "နမူနာတစ်ခုစီတိုင်းဟာ အလွန်အရေးကြီးပါတယ်။" ဟု ၎င်းက ပြောသည်။

 

မြေရှားသတ္တု လိုအပ်ချက် မြင့်တက်လာ

 

မြေရှားသတ္တုဒြပ်စင်များ (Rare earth elements) သည် နယ်ပယ်တိုင်းတွင် အသုံးပြုနေရသဖြင့် လိုအပ်ချက်မှာ ဆက်လက် မြင့်တက်နေသည်။

 

၎င်းတို့ကို စမတ်ဖုန်းများ၊ လျှပ်စစ်ကားများ၊ ဒုံးကျည်များနှင့် ဂျက်လေယာဉ်များကဲ့သို့သော ခေတ်မီနည်းပညာများအတွက် မရှိမဖြစ် လိုအပ်သည်။ ၎င်းတို့၏ အမည် (မြေရှားသတ္တု) အရ ရှားပါးသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ (ကမ္ဘာမြေပြင်၌) ပေါများစွာ တွေ့ရှိရသည်။ သို့သော်လည်း တရုတ်နိုင်ငံတွင် ဗဟိုပြုထားသည့် ဈေးကြီးသော တူးဖော်မှုနှင့် ရှုပ်ထွေးသော သန့်စင်မှု လုပ်ငန်းစဉ်များက ၎င်းတို့ကို ရှားပါးစေခြင်းဖြစ်သည်။

 

အမေရိကန်အခြေစိုက် Stimson Center သည် ဂြိုဟ်တုဓာတ်ပုံများကို အသုံးပြု၍ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ မဲခေါင် မြစ်လက်တက်များတစ်လျှောက် တရားမဝင်ဟု သံသယဖြစ်ဖွယ် မြေရှားသတ္တုနှင့် အခြားသတ္တုတူးဖော်သည့် လုပ်ကွက်ပေါင်း ၈၀၀ နီးပါးကို ဖော်ထုတ်ထားသည်။

 

မြန်မာနိုင်ငံရှိ လုပ်ကွက်အများအပြားမှာ တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသများတွင် တည်ရှိသည်။ Stimson Center မှ Regan Kwan ၏ အဆိုအရ စစ်ပွဲကြောင့် သတ္တုတွင်းများသည် နယ်မြေအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့ပြီး လာအိုနိုင်ငံရှိ မြစ်ချောင်းများတစ်လျှောက်တွင် တူးဖော်ရေးနေရာပေါင်း ၂၆ ခုအထိ တိုးပွားလာသည်ကို ခြေရာခံမိသည်ဟု ဆိုသည်။

 

မြေရှားသတ္တုများကို ကျောက်တုံးများကို တူးဖော်ခြင်း သို့မဟုတ် မြေဆီလွှာများမှတစ်ဆင့် ဓာတုပစ္စည်းများဖြင့် ဆေးကြောခြင်းဖြင့် ထုတ်ယူကြပြီး အဆိပ်သင့်စွန့်ပစ်ပစ္စည်းများကို ဖြစ်ပေါ်စေသည်။ ဤလုပ်ငန်းစဉ်၏ ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဂြိုဟ်တုအချက်အလက်များတွင် ထင်ရှားစွာ မြင်တွေ့နိုင်ကြောင်း Kwan က ဆိုသည်။

 

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ မြေရှားသတ္တု အဓိက ပေးသွင်းသူဖြစ်ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံကျော် တန်ဖိုးရှိသော သတ္တုများကို တင်ပို့ခဲ့သည်။ အဆိုပါ တင်ပို့မှုအများစုသည် ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

 

အမေရိကန်သမ္မတ Donald Trump သည် အမေရိကန်၏ အရေးကြီးသည့် သတ္တုများနှင့် မြေရှားသတ္တုများ ထောက်ပံ့မှုကို လုံခြုံစေရန် နိုင်ငံခြားရေးမူဝါဒ၏ အဓိက ရည်မှန်းချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ အမေရိကန်အစိုးရ၏ အဆိုအရ F-35 ဂျက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ Tomahawk ဒုံးကျည်များ၊ ရေဒါစနစ်များနှင့် စမတ်ဗုံးများတွင် အသုံးပြုသည့် မြေရှားသတ္တုများ လိုအပ်ချက်မှာ အီရန်နှင့် ယူကရိန်းစစ်ပွဲများတွင် သုံးစွဲခဲ့သည့် စစ်လက်နက်များကို ပြန်လည်ဖြည့်တင်းရန်နှင့် တိုးချဲ့ရန်အတွက် ပိုမိုမြင့်တက်လာလျက်ရှိသည်။

 

ဤအချက်သည် အရှေ့တောင်အာရှပြည်မကြီးကို အသက်ဆက်ပေးနေသော မြစ်အတွက် ဆိုးရွားသော သတင်းဖြစ်လာသည်။

 

လွန်ခဲ့သည့် ရာစုနှစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ (ဗီယက်နမ်စစ်ပွဲနှင့် ခမာနီမျိုးဖြုတ်သတ်ဖြတ်မှု အပါအဝင်) သည် မဲခေါင်ဒေသအတွက် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး ဖြစ်ခဲ့သော်လည်း မိုင်းတွင်းများမှ ထွက်လာသော 'အဆိပ်သင့်ရေဆိုး' များသည် ဒုတိယမြောက် အဆိုးရွားဆုံး ဘေးအန္တရာယ်အဖြစ် ရပ်တည်နေကြောင်း၊ ထိုအခြေအနေကို မြစ်ဝှမ်းဒေသအတွက် 'အနုမြူဗုံး' တစ်လုံးကဲ့သို့ ဖြစ်နေကြောင်း Stimson Center မှ Brian Eyler က သုံးသပ်ထားသည်။

 

၎င်းသည် အခြားသော ခြိမ်းခြောက်မှုများဖြစ်သည့် ဆည်ကြီးများထက် ပိုမိုဖျက်ဆီးနိုင်ပြီး "ဒါကသည် ရပ်တန့်သွားမှာ မဟုတ်ဘူး။"

 

ကိုးကား - AP

ပုံစာ - ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆ ထိုင်းနိုင်ငံ၊ Chiang Saen မြို့ရှိ Kok မြစ် (Kok River) ကမ်းနားတွင် တံငါသည် Sukjai Yana က သူ၏ ပိုက်ကွန်များကို ရှင်းလင်းနေစဉ်။ AP Photo/Anton L. Delgado

 

 

မဲခေါင်မြစ်
မြေရှား

Share With
bap-logo