bap-logo
Editorial

စံနမူနပြု မြဲမြံကြရန်

mBIriEcAv4M67q3OoY01V-image

လွန်ခဲ့သော ၂ နှစ် က

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ဒီဇင်ဘာ၁၀ ရက် ရောက်တိုင်းကျင်းပလာခဲ့သည်မှာ ၇၅ နှစ်တိုင်ခဲ့ပါပြီ။ တနည်းအားဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်း ၇၅ နှစ်ပြည့်လည်း ဖြစ်ပါသည်။

 

မြန်မာနိုင်ငံသည် ယနေ့ကာလတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို အမြင့်ဆုံးအခြေအနေဖြင့် ရင်ဆိုင်နေရ သည်။ လူ့အခွင့်အရေးကြေညာစာတမ်းပါ လူသားတိုင်းရရှိထိုက်သည့် အခြေခံလူ့အခွင့်အရေးများနှင့် လူ့ဂုဏ်သိ က္ခာ ရှိခြင်းများသည် အလုံးစုံ ဆုံးရှုံးလျက်ရှိပြီး တရားဥပဒေအရ အကာအကွယ် ရရှိခြင်းသည်လည်း လုံးဝ ပျောက်ဆုံးနေပါသည်။ ထိုသို့ ရင်ဆိုင်ကြုံတွေ့နေရခြင်းသည် စစ်အာဏာသိမ်းခြင်းနှင့် အာဏာရှင်စနစ် ကြီးစိုးခြင်းတို့ကြောင့် ဖြစ်ပါသည်။ ထိုသို့အခြေအနေများသည် ယခုကာလမှ စတင်ကြုံတွေ့နေရသည် မဟုတ်ပါဘဲ လူ့အခွင့်အရေး စတင်ကြေညာခဲ့သည့်ကာလမှ ယနေ့တိုင်အောင် နှစ်ပေါင်း ၇၀ ကျော်ခဲ့ပါပြီ။

 

လူ့အခွင့်အရေးကြေညာစာတမ်းကို သဘော တူညီကြောင်း အစောဆုံးလက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံများတွင်ပါ ဝင်ခဲ့သော မြန်မာနိုင်ငံသည် ယနေ့အထိ လူ့အခွင့်အရေးဆုံးရှုံးနေပါသည်။ ထိုသို့ဆုံးရှုံးနေသည်သာမက လူ့အခွင့် အရေးအတွက် တိုက်ပွဲဝင်ကြသူများနှင့် ကာကွယ်ကြသူများကို ဖိနှိပ်ခြင်းများလည်း နှစ်ပေါင်းများစွာ ရှိခဲ့ပါသည်။

 

ထင်ရှားသည့် သာဓကအားဖြင့် ၁၉၉၁ ခုနှစ်က ပြုလုပ်ခဲ့သော 10D လှုပ်ရှားမှုသည် အထင်အရှားဖြစ်ပါသည်။ ယင်း လှုပ်ရှားမှုကြောင့် ရာနှင့်ချီသော တက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံခဲ့ရပါသည်။ ထို့အပြင် လူ့အခွင့်အရေး ကြောင်း ပြောဆိုသူများနှင့် လူ့အခွင့်အရေးစာရွက်စာတမ်း လက်ဝယ်ကိုင်ဆောင်သူများသည်လည်း ဖမ်းဆီးခံခဲ့ဖူးပါသည်။

 

လူ့အခွင့်အရေးသည် လူသားအဖြစ် မွေးဖွားလာသူများ၏ မွေးရာပါအခွင့်အရေးများကို လူသားဖြစ်သူတိုင်း သာတူ ညီမျှရရှိအောင် အာမခံပေးထားခြင်းဖြစ်သည်။ သို့သော်လည်း လူ့အခွင့်အရေးသည် မြန်မာနိုင်ငံတွင် ပုံဖျက်ခြင်း ခံထားရသည်။

 

လူ့အခွင့်အရေးကြောင့် အမျိုးဘာသာ သာသနာပျက်စီးတော့မည့် ယောင်ယောင်၊ လူအများ စည်းပျက်ကမ်းပျက် ဖြစ်၍ နိုင်ငံပျက်စီးတော့မည် ယောင်ယောင်၊ အနောက်နိုင်ငံများ၏ ဩဇာလွှမ်းမိုးခံရ၍ တိုင်းတစ်ပါး လက်အောက် ကျွန်ဖြစ်တော့မည့် ယောင်ယောင် ပုံဖော်ခံခဲ့ရပါသည်။

 

တကယ့်တကယ်တွင် ထိုအခြေအနေများသည် အာဏာရှင်များ၏ လှည့်ကွက်ဖြစ်ပါသည်။ အာဏာရှင်၊ အထူး သဖြင့် စစ်အာဏာရှင်များသည် လူ့အခွင့်အရေးကို မိုင်ကုန်ချိုးဖောက်ကြသူများဖြစ်သည်။ ထို့ကြောင့် လူ့အခွင့်အရေးကို လေးစားနိုင်ခြင်း မရှိသလို ယင်းကြောင့် အပြစ်ဒဏ်သင့်မည်ကိုလည်း စိုးရိမ်ကြောင့်ကျ ကြပါသည်။ ထို့ ကြောင့် လူ့အခွင့်အရေးအား ပုံဖျက်၍ အာဏာရှင်စနစ်တည်မြဲရန် အားထုတ်နေခြင်းဖြစ်သည်။

 

နွေဦးတော်လှန်ရေးသည် လူသားတိုင်း လူ့အခွင့်အရေးနှင့်အညီ၊ လူ့ဂုဏ်သိက္ခာနှင့်အညီ လွတ်လပ်လုံခြုံ၍ ဥပဒေ အကာအကွယ်အောက်တွင် ငြိမ်းချမ်းစွာ အတူလက် တွဲနေထိုင်ခွင့်ရရန် တိုက်ပွဲဝင်နေသော တော်လှန်ရေး တစ် ရပ်သာဖြစ်သည်။ လူ့အခွင့်အရေးအခြေခံသော ဒီမိုကရေစီ ဖက်ဒရယ်စနစ် တည်ဆောက်ရန်ဖြစ်သည်။

 

လူတစ်ဦး တစ်ယောက်၊ တစ်ဖွဲ့တစ်စည်း၏ အာဏာအတွက်၊ အာဏာတည်မြဲရေးအတွက် မဟုတ်ပါ။ ထို့ကြောင့် နွေဦးတော်လှန်ရေးပါဝင်ဆင်နွှဲနေသူများသည်လည်း လူ့အခွင့်အရေးဆိုင်ရာ အခြေခံရပိုင်ခွင့်များကို အကြွင်းမဲ့ လေးစားလိုက်နာရပါမည်။

 

လူ့အခွင့်အရေးပါ အချက်များကို လိုက်နာရာတွင် တာဝန်ခံမှုနှင့် တာဝန်ယူမှုများပါ ပူးတွဲပါရှိပါသည်။ ထို့ကြောင့် လူ့အခွင့်အရေးလေးစားလိုက်နာခြင်းသည် လူ့အခွင့်အရေးကျင့်သုံးခြင်းသာ ဖြစ်သည်။ အပြည်ပြည်ဆိုင်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပသည်ထက် လူ့အခွင့်အရေးကျင့်သုံးခြင်းနှင့် လက်တွေ့လိုက်နာ ခြင်းများ ပိုမိုထွန်းကားလာစေရန် စံနမူနာပြ အကောင်အထည် ဖော်ဆောင်ရန် လိုအပ်ပါသည်။

 

နွေဦးတော်လှန်ရေးဆင်နွှဲသူများသည် လူ့အခွင့်အရေးစံနှုန်းများကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာလိုက်နာ ကြကြောင်း၊ လေးစားကြကြောင်း ယခုထက်ပိုမိုသော စံပြုနေထိုင်ခြင်းဖြင့် လက်တွေ့ပြသအပ်ပါသည်။ စစ် အာဏာရှင်စနစ် အလွန်တွင် တည်ဆောက်မည့် နိုင်ငံသစ်သည် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို အလေးထား သော စနစ်သစ် နိုင်ငံဖြစ်ကြောင်း သေချာစေရန် အထူးအားပြု အားထုတ်ကြရပါမည်။

 

Burma Associated Press

အာဏာသိမ်းမှု
မြန်မာ

Share With
bap-logo