Editorial
ဘဝ၊ အိပ်မက်နှင့် အခွင့်အရေးတိုင်းအတွက်
လွန်ခဲ့သော ၂ နှစ် က
"ငါတို့ဘဝ၊ ငါတို့အိပ်မက်" ဆိုသော ဆောင်ပုဒ်သည် အလွန်လှပ၍၊ တန်ဖိုးရှိအဓိပ္ပါယ်ပြည့်ဝသော ဆောင်ပုဒ် ကောင်းတစ်ခုဖြစ်သည်။ ထိုဆောင်ပုဒ်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်၊ ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ ကလေးများနေ့အတွက် ရည်ရွယ်ပြီး ယူနီဆက်က စီစဉ်ကျင်းပခဲ့သော ပြိုင်ပွဲတစ်ခု၏ ဆောင်ပုဒ်ဖြစ်သည်။
သို့သော် ထိုသို့ အလွန်လှပ၍ အဖိုးတန်လှသော "ငါတို့ဘဝ၊ ငါတို့အိပ်မက်"ဆောင်ပုဒ်သည် မြန်မာနိုင်ငံအတွင်းက ကလေးများအတွက် လားလားမျှမသက်ဆိုင်သော ကိစ္စဖြစ်နေသည်။ ထို့နည်းတူ ယခုနှစ် ကမ္ဘာ့ကလေးများနေ့အ တွက် ကုလသမဂ္ဂက တရားဝင်ထုတ်ပြန်ခဲ့သော ဆောင်ပုဒ်သည် For every child, every right ဟူ၍ ဖြစ်၏။ ဆီလျော်အောင် မြန်မာမှု ပြုရလျင်ဖြင့် ‘ကလေးတိုင်းအတွက် အခွင့်အရေးအားလုံး’ ဟု ဆိုရမည်ထင်၏။ သို့သော် အထက်ကဆိုခဲ့သလို ထိုဆောင်ပုဒ်သည်လည်း မြန်မာနိုင်ငံအတွင်းက ကလေးငယ်များအတွက် ဝေးကွာလွန်းနေဆဲ ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ယင်းကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲ ကာလ ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်၌ အသက် ၇ နှစ်အရွယ် မခင်မျိုးချစ်သည် စစ်ကောင်စီ၏ အိမ်တွင်းသို့ ဝင် ရောက် ပစ်ခတ်မှုကြောင့် အဖိုးဖြစ်သူ၏ ပေါင်ပေါ်တွင် ထိုင်နေရင်းအသက်ဆုံးရှုံးခံရသည်။
၂၀၂၂ ခုနှစ်အတွင်းဖြစ်ခဲ့သော လက်ယက်ကုန်းရွာစာသင်ကျောင်းအား စစ်ကောင်စီ၏ ရဟတ်ယာဉ်ဖြင့် ပစ်ခတ် မှုတွင် ကလေး ၇ ဦး သေဆုံးခဲ့သည်။ ထို့အတူ ၂၀၂၃ ခုနှစ်အတွင်းဖြစ်ခဲ့သော ပဇီကြီးရွာလေကြောင်း တိုက်ခိုက်ခံရမှုတွင် ကလေး ၃၈ ဦး သေဆုံးခဲ့ရသည်။ ထို့အတူ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှု တွင်လည်း ကလေး ၁၁ ဦး သေဆုံးခဲ့ရသည်။
ထိုဖြစ်စဉ်များသည် လူသိများ၍ ထင်ရှားသော ဖြစ်စဉ်များဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်အတွင်း နှစ်နှစ်ကျော်ကာလအတွင်း ကလေး ၅၀၀ နီးပါးသေဆုံးခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က စာရင်းထုတ်ပြန်ထားပါသည်။ ထိုအခြေအနေ များသည် စစ်အာ ဏာသိမ်းခြင်းနှင့် စစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသောအရေအတွက်ဖြစ်သည်။
စစ်အာဏာသိမ်းခြင်းကြောင့် ကလေးများကြုံတွေ့ရသည်များတွင် အသက်ဆုံးရှုံးခြင်းအပြင် ကိုယ်လက်အင်္ဂါဆုံး ရှုံးခြင်း၊ အိုးအိမ်စွန့်ခွာရခြင်းနှင့် လွတ်လပ်လုံခြုံစွာ ပညာသင်ကြားခွင့်မရခြင်းလည်း ပါဝင်နေသည်။ စစ်ရေးပဋိ ပက္ခ မြင့်မားနေသည့်နေရာမှ ကလေးသူငယ်များသည် ဗုံးခိုးကျင်းများတွင် ပညာသင်ကြားနေရသည်။ လေယာဉ်သံ ကြားပါက စာသင်နေရင်း ဘေးလွတ်ရာသို့ ပြေးကြရသည်။
စစ်ရေးပဋိပက္ခနည်းပါးသည့်ဒေသမှကလေးများသည်လည်း ပျက်စီးယိုယွင်းနေသော စနစ်များနှင့် စားဝတ်နေ ရေး ကျပ်တည်းလာမှုများကြောင့် ပညာသင်ကြားရေးအခွင့်အလမ်းများ ဆုံးရှုံးနေသည်။ ထို့အတူ စစ်ကောင်စီ၏ ဖမ်းဆီး နှိပ်စက်ခြင်းများကြောင့် ကလေးများသည် မိခင်နှင့်အတူဖမ်းဆီးခံရခြင်း၊ မိဘများလွတ်မြောက်နေ၍ ကလေးများကို ဓားစာခံအဖြစ် ဖမ်းဆီးခံရခြင်းများကိုပါ ကြုံတွေ့ခဲ့ကြရသည်။ ထို့ကြောင့် ကလေးများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် ဘဝလုံခြုံရေးကိစ္စများတွင်ပါ ထိခိုက်နစ်နာလျက် ရှိပြီး ကိုယ်ပိုင်ဘဝ ပျောက်ဆုံးနေကြ ရသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ ကလေးများအပေါ် အာရုံစိုက်စေရေး၊ ကလေးသူငယ်များ လူအများနှင့်အတူတကွ ပူး ပေါင်းလုပ်ဆောင်တတ်ရေး၊ ကလေးများ၏ အနာဂတ်ပိုမိုတောက်ပလာစေရေး၊ ကလေးများ၏ ကျန်းမာရေး ပြဿ နာအခက်အခဲများ မိဘများသိရှိစေရေး၊ ကျန်းမာပျော်ရွှင်သော ကလေးများဖြစ်ရန် ပျိုးထောင်ရေး၊ ကလေးသူငယ် များ လူမှုဖူလုံရေးအပြည့်အဝရရှိစေရေးနှင့် ကလေးငယ်များအပေါ် နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖျက်မှုလျော့ကျ စေရေးဆိုသော ရည်ရွယ်ချက် (၇) ချက်သည် ကမ္ဘာ့ကလေးများနေ့အတွက်ဖြစ်သည်။
မြန်မာနိုင်ငံတွင်းမှ ကလေးများသည် ဖော်ပြခဲ့သောရည်ရွယ်ချက်များဖြင့် မည်သို့မျှမသက်ဆိုင်သည့် အခြေအနေ သို့ ရောက်ရှိနေပါပြီ။ ကလေးများတွင် ဘဝများပျောက်ဆုံးနေပြီဖြစ်သလို အိပ်မက်များနှင့် အခွင့်အရေး များလည်း မျှော်လင့်ချက်မဲ့နေပြီ ဖြစ်သည်။ ထိုအခြေအနေများကို အဆုံးသတ်နိုင်မည်မှာ အာဏာရှင်စနစ် ဆုံးခန်းတိုင်၍ ဒီမိုကရေစီစနစ် ထွန်းကားပါမှဖြစ်မည်။ စနစ်ပြောင်းနိုင်မှသာ ကလေးများ၏ ဘဝ၊ အိပ်မက်နှင့် အခွင့်အရေးတိုင်းအတွက် ရရှိသာယာနိုင်ပါလိမ့်မည်။
Burma Associated Press