bap-logo
Politics

အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ မဖြစ်မနေ မှတ်ပုံတင်ရန် စစ်ကောင်စီ အမိန့်ထုတ်ပြန်

umZZNjFBFTWhlXUd8f5ee-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၁။

အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများမှတ်ပုံတင်ရန်အတွက်အမိန့်ကို စစ်ကောင်စီ က ယနေ့ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

စစ်ကောင်စီသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ဇူလိုင်လ ယနေ့ ၂၁ ရက်တွင် သတ်မှတ်ခဲ့ပြီးနောက် ယခုကဲ့သို့ မှတ်ပုံတင်ရန် အမိန့်ထွက်လာခြင်းဖြစ်သည်။

 

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းမှတဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့် လုပ်ငန်း အားလုံးကို ဆိုလိုသည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သတ်မှတ်သည်။

 

မှတ်ပုံတင်လျှောက်ထောက်သူများသည် ကုမ္ပဏီ သို့မဟုတ် စီးပွားရေး အဖွဲ့အစည်းဖြစ်ပါက တည်ဆဲဥပဒေ တစ်ရပ်ရပ်ဖြင့် ဖွဲ့စည်း တည်ထောင်ထားရန်၊ ကိုယ်ပိုင်အမည်သတ်မှတ်ချက်ဖြင့် တရားဝင် ဝပ်ဆိုဒ်ရရှိရန်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချ လုပ်ကိုင်မည့် နေရာကိုတင်ပြနိုင်ရန်လည်း လိုအပ်သည်ဟုဆိုသည်။

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကိုလုပ်ကိုင်လိုသူသည် လူပုဂ္ဂိုလ် ဖြစ်ပါက မြန်မာနိုင်ငံအတွင်း အခြေနေထိုင်သူဖြစ်ရန်၊ အသက် ၁၈ နှစ်ပြည့်ရန်၊ စိတ်ပေါ့သွပ်သူမဖြစ်ရန်၊ အမည်ပျက်စာရင်း ကြေညာခြင်း ခံထားရသူ မဖြစ်ရန်နှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချ လုပ်ကိုင်မည့် နေရာကို တင်ပြနိုင်သူ ဖြစ်ရမည်ဟုဆိုသည်။

 

မှတ်ပုံတင်လျှောက်ထားလိုသူများသည် စီးပွားရေး အဖွဲ့အစည်း၏ တာဝန်ခံဓာတ်ပုံ၊ လူပုဂ္ဂိုလ်ဖြစ်ပါက ယင်းပုဂ္ဂိုလ်၏ ရောင်စုံဓာတ်ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ ရပ်ကွက် သို့မဟုတ် အစိုးရဌာန ထောက်ခံ ချက်တို့အပြင် အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အမျိုးအစားစာရင်း၊ ယင်းနှင့် စပ်လျဉ်းသည့် အချက်အလက်နှင့် အာမခံချက် အားလုံးတင်ပြရန်လိုအပ်သည်ဟုလည်း ဖော်ပြထားည်။

 

မှတ်ပုံတင်လက်မှတ်၏ သက်တမ်းမှာ စတင်ထုတ်ပေးသည့်နေ့မှ နှစ်နှစ်အထိ ဖြစ်သည်ဟုလည်းဆိုသည်။

 

မှတ်ပုံတင်လက်မှတ်ရသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ တာဝန်ယူဖြေရှင်း ပေးရန်၊ ပြေစာပေးရန်၊ သတင်းအချက်အလက်နျင့် အာမခံချက်ပေးရန်၊ အရည်အသွေးကို တာဝန်ယူရန်၊ ပေးထားသည့် အာမခံချက်နှင့် မကိုက်ညီသည့်အခါ စားသုံးသူက ပြန်လည်အပ်နှံခွင့်ရှိရန်၊ မှတ်ပုံမတင်ထားသည့် အရာများ ဝန်ဆောင်မှုပေးခြင်း ရောင်းချခြင်း ရှောင်ကြည်ရန်၊ စားသုံးသူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် ပြုမူပြောဆိုမှု များရှောင်ရန် စသည်တို့ အပါအဝင် သတ်မှတ်ချက် ၁၅ ချက်လည်း ပါဝင်သည်။

 

မှတ်ပုံတင်ကြေးကို ဖော်ပြထားခြင်းမရှိသော်လည်း မှတ်ပုံတင်ကြေးအပြင် အွန်လိုင်းဝန်ဆောင်ခကိုပါ ဦးစီး ဌာနက သတ်မှတ်သည့် ဒီဂျစ်တယ် ငွေပေး ချေမှုဖြင့် ပေးသွင်းရမည်ဟု ဖော်ပြထားသည်။

 

ယခုအမိန့်ထုတ်ပြန်သည့်နေ့မှ လပြည့်သည်အထိ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက် မည်ဆိုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ အရ အရေးယူခံရမည်ဟု စစ်ကောင်စီက သတိပေးထားသည်။

 

ဓာတ်ပုံ - freepik

 

Burma Associated Press

အွန်လိုင်း အလုပ်အကိုင်
စစ်ကောင်စီ
လိုင်စင်

Share With
bap-logo