bap-logo
Article

မြန်မာ ရွှေ့ပြောင်းအလုပ်သမား၊ ဘာသာ စကားအခက်အခဲနှင့် အေးဂျင့်များ

uZTLnf4CCeDMtOiw6wu1c-image

လွန်ခဲ့သော တစ်နှစ် က

နိုဝင်ဘာ ၂၁။

 

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အခြေခံအလုပ်သမားများသည် ထိုင်းဘာသာစကားမတတ်မှုနှင့် စာရွက်စာတမ်း မစုံလင်မှုတို့ကြောင့် အလုပ်ရှာခြင်းနှင့် လိုအပ်သည့် စာရွက်စာတမ်းများ လုပ်ခြင်း အတွက် အေးဂျင့်များ ဝါ ပွဲစားများကို အသုံးပြုနေရဆဲ ဖြစ်သည်။    

 

မထွေးထွေးထိုင်းသို့ရောက်သည်မှာ ၄ နှစ်ကျော်ခန့် ရှိပြီဖြစ်သည်။

 

ထိုအချိန်က အစိုးရချင်းလက်မှတ်ထိုး၍ လုပ်သားစေလွှတ်သည့် MoU အစီအစဥ်ဖြင့် လာကြခြင်း ဖြစ်သည်။ ၎င်းတို့အသုတ်တွင် အယောက် ၅၀ ရှိကာ ထိုစက်ရုံသို့ တစ်သုတ်တည်းရောက်ကြသည်။ ထိုစက်ရုံမှာပင် အလုပ် လုပ်ကိုင်ကြသည်။

 

Work Permit က ကိုယ့်ဘာသာလုပ်လို့ မရဘူးလေ။ သူတို့လုပ်ပေးမှရတာ“ အလုပ်ဖြုတ် ခံရသူများမှ တစ်ဦး ဖြစ်သည့် အသက် ၃၅ နှစ်ဝန်းကျင်အရွယ် မပန်းပန်းက ပြောသည်။

 

 

ယခုလေးနှစ်ကြာပြီးနောက်မူ အယောက် ၅၀ တွင် ၁၂ ဦးသာကျန်တော့သည်ဟု မထွေးထွေးက ဆိုသည်။ ၎င်းတို့ထဲတွင် ထိုင်းဘာသာစကားကို အပြန်အလှန်ပြောဆိုနိုင်သည့်သူမရှိပေ။ ထို့ကြောင့် ၎င်းတို့၏ work permit စာအုပ်သက်တမ်းကုန်ခါနီးတွင် ၎င်းတို့စက်ရုံမှ မြန်မာဘာသာပြန်အား မေးမြန်းရာ ထိုစာအုပ်အား ဆက်လက် သက်တမ်းတိုးပေးမည်ဟု ဖြေဆိုခဲ့ကြောင်း အလုပ်ဖြုတ်ခံ ရသည့် မထွေးထွေးတို့က ဆိုသည်။

 

Work Permit က ကိုယ့်ဘာသာလုပ်လို့ မရဘူးလေ။ သူတို့လုပ်ပေးမှရတာ“ အလုပ်ဖြုတ် ခံရသူများမှ တစ်ဦး ဖြစ်သည့် အသက် ၃၅ နှစ်ဝန်းကျင်အရွယ် မပန်းပန်းက ပြောသည်။

 

၎င်းတို့၏ စာအုပ်သက်တမ်းတိုးရန် ကိစ္စအတွက် စက်ရုံမှမြန်မာဘာသာပြန်ကို မေးမြန်းရာတွင် လုပ်ပေးမည် ဖြစ်ပြီး work permit နောက်ကျပါက ၎င်းတို့အတွက် ပန်းရောင်ကဒ် လုပ်ပေးမည်ဟု ဆိုခဲ့သဖြင့် စိတ်ချလက်ချ နေထိုင်ခဲ့ကြသည်ဟု မပန်းပန်းက ဆက်ပြောသည်။

 

နှစ်နှစ်တစ်ခါ သက်တမ်းကုန်သည့် Work Permit ကုန်ဆုံးသွားချိန်တွင် အလုပ်ရှင်မှ ၎င်းတို့အား ထိုစာအုပ်အတွက် သက်တမ်းမတိုးပေးတော့ဘဲ အလုပ်ဖြုတ်လိုက်သည်။ အလုပ်ဖြုတ်ခံရသည့် အပြင် work permit စာအုပ်လည်း သက်တမ်းကုန်သွားသောကြောင့် မထွေးထွေးတို့ အားလုံး အလုပ်ရှာရ ခက်ခဲကုန်ကြသည်။

 

ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ အလုပ်ရှင်မှ အလုပ်သမားအား အလုပ်ဖြုတ်လိုပါက လစာ ၃ လမှ ၆ လ အထိ ပေးပြီး အလုပ်ဖြုတ်ရသည်။ မထွေးထွေးတို့ ၁၂ ယောက်ကိုမူ ၄၅ ရက်စာ လုပ်အားခပေး၍ အလုပ်ဖြုတ် လိုက်လေသည်။ ယင်းပမာဏသည် အလုပ်အသစ်ရှာရန်အတွက် ရင်းနှီးရန်နှင့် ဝင်ငွေမရှိစဥ် နေထိုင်စရိတ် အတွက် အသုံးပြုရန် မလောက်ငှကြောင်း ပြောကြသည်။

 

ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အလုပ်အတွက် ပတ်ပို့စ်စာအုပ်( Passport for Job) သာမက ထိုင်းလုပ်ငန်းရှင်၏ ထောက်ခံချက်ဖြင့် ပြုလုပ်ရသည့် work permit လိုအပ် သည်။

 

အလည်ဗီဇာအား မကြာခဏ သက်တမ်းတိုးခြင်း သည် ငွေကုန်ရုံသာမက ထိုင်းအစိုးရဘက်မှလည်း ထိုသို့ မကြာခဏ သက်တမ်းတိုး လျှောက်မှုတိုင်းကို ခွင့်ပြုရန် မသေချာချေ။

 

 

Work Permit သည် အသစ်လုပ်သည်ဖြစ်စေ သက်တမ်းတိုးသည်ဖြစ်စေ အလုပ်ရှင်၏ ထောက်ခံ ချက် လိုအပ်သည်။ Work Permit သည် ထိုင်းနိုင်ငံအစိုးရဘက်မှ ရွှေ့ပြောင်းလုပ်သားများအပေါ် အလုပ်လုပ်ခွင့်ပေးသည့် ခွင့်ပြုချက်ဖြစ်သည်။ ထိုပါမစ်စာအုပ်ရရန် အလုပ်ရှင်၏  ထောက်ခံချက် များ လိုသည်။ ထို့ကြောင့် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် အလုပ်လုပ်ခွင့်ရရန် အတွက် ထိုင်းအလုပ်ရှင်ထံတွင် အလုပ်ရရှိပြီး ဖြစ်ပြီးသား ဖြစ်ရပေမည်။

 

ထိုင်းနိုင်ငံတွင် နှစ်နှင့်ချီကာ နေထိုင်နိုင်ရန် အလုပ်ဗီဇာ သို့မဟုတ် ကျောင်းသားဗီဇာများလိုအပ်သည်။ အလည်ဗီဇာအား မကြာခဏသက်တမ်းတိုးခြင်းသည် ငွေကုန်ရုံသာမက ထိုင်းအစိုးရဘက်မှလည်း ထိုသို့ မကြာခဏ သက်တမ်းတိုး လျှောက်မှုတိုင်းကို ခွင့်ပြုရန် မသေချာချေ။

 

ရွှေ့ပြောင်းလုပ်သားများသည် အသက် ၅၅ နှစ်ကျော်ပါက ထိုင်းအစိုးရမှ အလုပ်ဗီဇာ သက်တမ်း မတိုးပေးတော့ပေ။ အလုပ်ဗီဇာအတွက် ပတ်စ်ပို့မှာ Passport for Job အမျိုးအစားဖြစ်ရမည်။

 

ရွှေ့ပြောင်းလုပ်သားတစ်ဦးသည် ပတ်စ်ပို့ အနီ၊ ဗီဇာ၊ Working Permit (ထိုင်းနိုင်ငံအတွင်း အလုပ်လုပ် ခွင့်ပြုကြောင်း ထောက်ခံစာ)၊ ပန်းရောင်ကဒ်ဟုခေါ်သည့် ထိုင်းနိုင်ငံတွင် နေထိုင်အလုပ် လုပ်ကိုင်ခွင့် ပြုသည့်ကဒ်၊ ကျန်းမာရေးအာမခံကဒ် (ပကန်ကဒ်) များရှိလျှင် လိုအပ်သည့် စာရွက်စာတမ်း ရှိသည်ဟု ဆိုရမည်။

 

ထိုစာရွက်စာတမ်း အထောက်အထားများနှင့် ပြည့်စုံလျှင် ထိုင်းနိုင်ငံ၌ အေးဆေးစွာ အလုပ်လုပ် ကိုင်နိုင်သည်။ တစ်စုံတစ်ရာ နစ်နာမှုဖြစ်ပါကလည်း ထိုင်းရဲစခန်းသို့ တိုင်ကြားနိုင်သည်။ ထို့အပြင် အလုပ်အသစ်ရှာခြင်း၊ လစာနှင့် အခွင့်အလမ်းပိုမိုကောင်းမွန်သော အလုပ်များရရှိရန်မှာလည်း ထို အထောက်အထား စာရွက်စာတမ်း များကို လိုအပ်သည်။

 

ပန်းရောင်ကဒ်သည် ထိုင်းနိုင်ငံ၌ အိမ်ထောင်စုဇယားစနစ်ထဲသို့ ထည့်သွင်းထားကြောင်း သက်သေခံ ကဒ်ပြား ဖြစ်သည်။ ကျန်းမာရေးအာမခံကဒ်ဖြင့် အလုပ်သမားများသည် ဈေးသက်သာစွာ ကျန်းမာ ရေး စောင့်ရှာက်မှု ခံယူနိုင်သည်။ နှစ်နှစ်တစ်ကြိမ် သက်တမ်းတိုးရပြီး ထိုသို့သက်တမ်းတိုးတိုင်း သွေးစစ်၊ ရောဂါစစ်ရသည်။ အလုပ်သမားတွင် B ပိုး၊ တီဘီပိုးကဲ့သို့ ရောဂါများတွေ့ပါက အလုပ် ဆက်လုပ်ရန် လက်မခံတော့ပေ။ ထိုစာရွက်စာတမ်းများဖြင့် မြန်မာလူငယ် အလုပ်သမားများ၏ လုပ်အားသည် ထိုင်းနိုင်ငံ၏ စက်မှုဇုန်နှင့် ရေလုပ်ငန်းတို့ကို ကောင်းစွာ လည်ပတ်နေစေသည်။

 

မထွေးထွေးတို့ အလုပ်ရှာရခက်ကုန်သည်မှာ ၎င်းတို့၏ work permit သက်တမ်းကုန်သွားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ Work Permit ရနိုင်ရန်အတွက် အလုပ်တစ်ခုရှိထားပြီး အလုပ်ရှင်၏ ထောက်ခံချက်လိုအပ်သည်။ အလုပ်ရှင်ကလုပ်ပေးရသည့် permit ဖြစ်သည်။ သို့သော် အလုပ်မရှိ ဖြစ်ရာ အလုပ်ရှင်၏ထောက်ခံချက်ကိုလည်း မရနိုင်ပေ။ သို့နှင့် ထွေးထွေးတို့ Work Permit ရရန်မှာ မုန့်လုံးစက္ကူကပ်သည့် အနေအထားတွင်ရှိပြီး အလုပ်ရှာဖွေရခက်ခဲနေဆဲပင်ဖြစ်သည်။

 

“အလုပ်ရဖို့ စမတ်ကြေးပေးရမှာ” ဟု ၎င်းတို့ထဲမှ အသက် ၂၅ ဝန်းကျင်အရွယ် မစောစောက ပြောသည်။

 

 

ပုံမှန်မှာ အလုပ်ရှင်သည် အလုပ်ဆက်မခန့်ဖြစ်ပါက ၎င်းတို့အား ကြိုတင်အသိပေးရမည်ဖြစ်သည်။ သို့မှသာ အလုပ်သမားသည် တရားဝင်လမ်းကြောင်းဖြင့် အလုပ်အသစ် ရှာဖွေနိုင်မည်ပင်။ မထွေးထွေးတို့ ထင်သည်မှာ ၎င်းတို့အား စာချုပ်သက်တမ်းတိုး၍ work permit ဆက်လုပ်ပေးမည်ဟု ထင်ခဲ့ကြသည်။

 

ထို့ကြောင့် ထိုအချိန်က အလုပ်အသစ် မရှာဖြစ်ခဲ့ပေ။ ယခုမူ အလုပ်အသစ် ရှာရတော့မည်။ အလုပ် ရှာရာတွင်လည်း ထိုင်းလုပ်ငန်းရှင်များသည် အေးဂျင့်ပါမှ အလုပ်ခန့်ကြသည်ဟု မပန်းပန်းက ဆိုသည်။ ၎င်းတို့အားလုံး အလုပ်ပြုတ်သည်မှာ ၄ လခန့်ရှိပြီဖြစ်ပြီး အလုပ်အသစ် ကိုယ့်ဟာကိုယ် ရှာရာ မည်သူမှ မခန့်ကြဟု ဆိုသည်။   

 

မဟာချိုင်ဒေသမှ စက်ရုံတစ်ခု

 

 

“အလုပ်ရဖို့ စမတ်ကြေးပေးရမှာ” ဟု ၎င်းတို့ထဲမှ အသက် ၂၅ ဝန်းကျင်အရွယ် မစောစောက ပြောသည်။ စမတ်ကြေးဟူသည် အလုပ်ရှာရန်အတွက် အေးဂျင့်အသုံးပြုရပြီး ထိုအတွက် ပွဲစားခကို ဆိုလိုခြင်းဖြစ်သည်။ ထိုင်းဘာသာစကားအရ အလုပ်လျှောက်သည်ကို “ စမတ်ငါး “ ဟု ခေါ်သည်။

 

မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြားကြားတွင် အလုပ်လျှောက်ရန် အေးဂျင့် မဖြစ်မနေ လိုအပ်သည် ဖြစ်ပြီး ထိုအေးဂျင့်ကို ပိုက်ဆံလည်း ပေးရသည်ဖြစ်ရာ အလုပ်အသစ် လျှောက်လျှင် ပိုက်ဆံပေးရခြင်းအား စမတ်ကြေးပေးသည်ဟုသာ အလွယ်ခေါ်ကြပါသည်။

 

ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများ လောကတွင် အလုပ်သမားများ လိုအပ်သည့် စာရွက် စာတမ်း လုပ်ရန် ဝန်ဆောင်မှုပေးသည့် အေးဂျင့်၊ အလုပ်ရှာပေးသည့် အေးဂျင့်၊ ပတ်စ်ပို့ကဲ့သို့ စာရွက်စာတမ်းများအား သက်တမ်းတိုးပေးသည့် ဝန်ဆောင်မှုပေးသည့်အေးဂျင့် စသည့် အေးဂျင့် ခေါ်  ပွဲစားများ ကောင်းစွာ ရပ်တည် ကျင်လည်နိုင်ကြသည်။

 

ထိုင်းနိုင်ငံရှိ မြန်မာစက်ရုံ အလုပ်သမားများနှင့် အခြေခံအလုပ်သမား အများစုသည် ထိုင်းဘာသာ စကား မပြောနိုင်ကြပေ။

 

 

အလုပ်သမားများသည် အထောက်အထား၊ စာရွက်စာတမ်း မပြည့်စုံလျှင်ဖြစ်စေ ဘာသာစကား အခက်အခဲ ရှိလျှင်ဖြစ်စေ လိုအပ်သည့် စာရွက်စာတမ်းများကို ကိုယ်တိုင် လုပ်ဆောင်နိုင်ရန် အခက်အခဲများရှိသည်။ ထို့အပြင် စာရွက်စာတမ်းများ သွားလုပ်နိုင်ရန် အချိန် အခက်အခဲလည်း ရှိသည်။ အစိုးရရုံးဖွင့်ချိန်နှင့် အလုပ်သမားအများစု၏ အလုပ်ချိန်သည် အများအားဖြင့် တစ်ချိန် တည်းတွင် ဖြစ်သည်။

 

အထောက်အထားထုတ်ပေးမည့် ထိုင်းနိုင်ငံ၏အစိုးရဝန်ထမ်းများနှင့် ထိုင်းအလုပ်ရှင်တို့နှင့် ဆက်ဆံ နိုင်ရန်အတွက် ထိုင်းဘာသာစကားတတ်ရန် လိုအပ်သည်။ ထိုင်းနိုင်ငံရှိ မြန်မာစက်ရုံ အလုပ်သမား များနှင့် အခြေခံအလုပ်သမားအများစုသည် ထိုင်းဘာသာစကား မပြောနိုင်ကြပေ။ ထို့ကြောင့် ထိုင်းအလုပ်ရှင်သည်လည်း ထိုင်းစကား မပြောတတ်သည့် မြန်မာအလုပ်သမားများနှင့် ဆက်သွယ် စကားပြောရန်နှင့် လိုအပ်သည့် စာရွက်စာတမ်း ကိစ္စများအတွက် မြန်မာဘာသာပြန်များနှင့် အေးဂျင့်များကို အသုံးပြုရသည်။

 

အလုပ်သမားများ အစိုးရရုံးသို့ ကိုယ်တိုင်သွား၍ စာရွက်စာတမ်းကိစ္စ ဆောင်ရွက်လျှင် အလုပ် ပျက်နိုင်သဖြင့် အလုပ်ရှင်များက ၎င်းတို့အလုပ်သမားများ၏ စာရွက်စာတမ်းကိစ္စများအတွက် အေးဂျင့်များကို အသုံးပြုကြ သည်ဟု ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် အလုပ် လုပ်နေသည့် အသက် ၃၅ ဝန်းကျင် အရွယ် ဒေါ်နန်း(အမည်လွှဲ) ကဆိုသည်။

 

ဒေါ်နန်းသည် ရှမ်းပြည်နယ်ဘက်မှ လာရောက် အလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ရှမ်းဘာသာစကား သာမက ထိုင်းနှင့် မြန်မာဘာသာစကားကိုလည်း ကောင်းစွာပြောဆိုနိုင်သည်။ ထိုင်းနိုင်ငံတွင် မိသားစုတစ်ခုပင် ရှိနေချေပြီ။ လက်ရှိတွင် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက် ပေးနေသည့် အရပ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် Women for Justice Group တွင် ပင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ယူ လုပ်ကိုင်နေလျက်ရှိသည်။

 

စာရွက်စာတမ်းလုပ်ရသည့် လုပ်ငန်းစဥ်များကို ဒေါ်နန်း ကောင်းစွာနားလည်သော်လည်း ၎င်း၏ စာရွက်စာတမ်း ကိစ္စရပ်များအတွက် စာရွက်စာတမ်းပြုလုပ်ပေးသည့် အေးဂျင့်အသုံးပြုနေရဆဲပင်။ အကြောင်းမှာ ၎င်းတွင် မြန်မာ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း မရှိသောကြောင့်ဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံသားမဟုတ်ကြောင်း ထိုင်းအစိုးရမှ အသိအမှတ်ပြု၍ ထုတ်ပေးသည့် အိုင်ဒီကဒ် ဟူသော အစိမ်းရောင်စာအုပ်သာ ရှိသည်။ ထိုစာအုပ်သည် ထိုင်းနိုင်ငံအတွင်းသာ အသုံးဝင်ပြီး ထိုင်းအစိုးရမှ ရွှေ့ပြောင်းအလုပ်သမားများတွင် အကြောင်းကြောင်းကြောင့် ပတ်စ်ပို့ မလုပ်နိုင်သည့် သူများကို ထုတ်ပေးသည့် စာအုပ်ဖြစ်သည်။ ပတ်စ်ပို့စာအုပ်နှင့် အလားသဏ္ဍာန် တူသည်။

 

“အစိမ်းရောင်က ဒီထိုင်းတစ်နိုင်ငံတည်းပဲ အသုံးဝင် တာ။ အခွင့်အရေးတွေလည်း ကွာတယ်” ဟု ဒေါ်နန်းက ဆိုသည်။

 

 

မနန်းရွာသည် ထိုင်းသို့မထွက်လာခင်တွင် ရှမ်းလက်နက်ကိုင်အဖွဲ့ RCSS နှင့် စစ်တပ်၏တိုက်ပွဲတွင် မီးရှို့ခံရပြီး ပျောက်ကွယ်သွားခဲ့သည်။ အများစုမှထွက်ပြေးကုန်ကြပြီး ၎င်းအား ရွာသားဖြစ်ကြောင်း ထောက်ခံပေးနိုင်သည့် သူကြီးလည်း ဘယ်ရောက်သွားသည်မသိဟု ဆိုသည်။

 

၎င်း၏ဆွေမျိုးများနှင့် အဆက်အသွယ်ရှိသေးသော်လည်း ၎င်းအားရှမ်းပြည်ရွာတစ်ခုမှ ဒေသခံ ဖြစ်သည်ဟူသည်ကို ထောက်ခံပေးနိုင်သည့် အစိုးရဌာနတွင် အလုပ်လုပ်နေသူမရှိသဖြင့် မြန်မာ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းလည်း မလုပ်နိုင်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံကူး လက်မှတ်လည်း မလုပ်နိုင်ပေ။

 

“အစိမ်းရောင်က ဒီထိုင်းတစ်နိုင်ငံတည်းပဲ အသုံးဝင်တာ။ အခွင့်အရေးတွေလည်း ကွာတယ်” ဟု ဒေါ်နန်းက ဆိုသည်။

 

ထိုင်းနိုင်ငံတွင် အနေကြာပြီဖြစ်သည့် ဒေါ်နန်းအတွက်မူ အစိမ်းရောင်စာအုပ်နှင့်ပင် ရွှေ့ပြောင်း အလုပ်သမားတစ်ဦး အနေဖြင့် လိုအပ်သည့်စာရွက်စာတမ်း အထောက်အထားများကို ဆောင်ရွက် ပြီး ဖြစ်သည်။ သို့သော် အခြားနိုင်ငံ တစ်ခုသို့ သွားလို့မရပေ။ အသက် ၅၅ နှစ်ကျော်ပါက နေထိုင်ခွင့်သက်တမ်း မတိုးပေးတော့မည့် ထိုင်းနိုင်ငံ ဥပဒေကို သိသော်လည်း အနာဂါတ် အစီအစဥ် အတွက် ရေရေရာရာ မစီစဥ်နိုင်သေးပေ။

 

စစ်ကောင်စီလက်အောက်ရှိ အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် အောက်တိုဘာ လအထိ လုပ်ငန်းဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်သည့် လိုင်စင်ရအေဂျင်စီ ၄၈၇ ခုနှင့် (ထိုင်း) လိုင်စင်ရ အေဂျင်စီ ၁၄၇ ခု ရှိသည်။

 

ယခုကာလတွင် မြန်မာနိုင်ငံဘက်မှ တရားဝင်လမ်းကြောင်းသာမက တရားမဝင်လမ်းကြောင်းနှင့်ပါ လာရောက် အလုပ်လုပ်ကိုင်ကြမှု မြင့်လာပြီး ရောက်နှင့်ပြီးရွှေ့ပြောင်းများပင် အလုပ်ရှာရခက်ကြ သည်။

 

ယခုလ ၁၆ တွင် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF နှင့် စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီး ဦးမြင့်နောင် အပါအဝင် အခြားအရာရှိများ တွေ့ဆုံခဲ့ကြသည်။

 

ထိုအစည်းအဝေးတွင် ပြည်ပအလုပ် အကိုင်အကျိုးဆောင် အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်လိုက်သည့် အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်များတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှု/ သေဆုံးမှုဖြစ်စဉ်များ နှင့်စပ်လျဉ်းပြီး အလုပ် သမားရေးရာ ကိစ္စရပ်များ၊ ပြဿနာများ၊ ထူးခြားဖြစ်စဉ်များ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက သက် ဆိုင်ရာဌာနများသို့ သတင်းပို့၍ အလုပ်သမားသံအရာရှိများနှင့်အတူ အချိန်နှင့်တစ်ပြေးညီ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရန်လိုသည်ဟု ဦးမြင့်နောင်က ဆိုခဲ့သည်။

 

မိမိတို့ စေလွှတ်သည့်အလုပ်သမားများ စတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့် အချိန်အထိ တာဝန်အပြည့်အဝရှိကြောင်း၎င်းက ပြောကြားခဲ့သည်။ အလုပ်သမားများ၏ ပြဿနာ ကို အစိုးရက ဝင်ဖြေရှင်းရမည့်အစား အေဂျင်စီလက်သို့ ပုံအပ်ခြင်းဖြစ်သည်။

 

စစ်ကောင်စီဘက်မှ အလုပ်သမားဝန်ကြီးဌာနသည် ရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲနှင့် ပြဿနာများကို ဖြေရှင်းပေးခြင်းမရှိဘဲ အခွန်တိုးတောင်သည်သာ ရှိကြောင်း ဒေါ်နန်းကဆိုသည်။

 

လက်ရှိတွင် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရာ၌ အလုပ်သမား အခွင့်အရေးချိုးဖောက်ခဲ့သည့် ထိုင်းနိုင်ငံဘက်ရှိ ကုမ္ပဏီ ၁၃၀ နီးပါးကို အမည်ပျက်စာရင်းသွင်း၍ အရေးယူထားကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

 

ထိုင်းဘက်ခြမ်းမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် ကုမ္ပဏီ (၁၂၆) ခု၊ ထိုင်းနိုင်ငံသား (၁၂၅) ဦး၊ ထိုင်းအေဂျင်စီ (၂၀) ခုတို့ကို အမည်ပျက်စာရင်း သွင်းထားခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်အရ သိရသည်။

 

အဆိုပါ ကုမ္ပဏီများသည် ထိုင်းနိုင်ငံသို့ မြန်မာလုပ်သား စေလွှတ်ရာတွင် သက်မှတ်စည်းကမ်းနှင့် မညီခြင်း အလုပ်သမားအခွင့်အရေးများ ချိုးဖောက်မှုများရှိနေသည့်အတွက် အမည်ပျက်စာရင်း သွင်း၍ အရေးယူခြင်း ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ရုံးများတွင် အလုပ် ဗီဇာသမားများအတွက် ပတ်စ်ပို့ သက်တမ်း တိုးလို ပါက အခွန်ဆောင်ထားပြီးကြောင်း ထောက်ခံစာ လိုလာပြီ ဖြစ်သည်။

 

 

အလားတူ ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်နေသည့် မြန်မာအေဂျင်စီ (၈) ခုကိုလည်း လိုင်စင် ၆ လမှ ၁ နှစ် ယာယီရုပ်သိမ်းပြီး အေဂျင်စီ (၄၃) ခုကို လိုင်စင် ရာသက်ပန်ရုပ်သိမ်းထားကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီမှ ထိုသို့အရေး ယူမှုများ လုပ်နေသော်လည်း ထိုင်းနိုင်ငံရှိ အလုပ်ပွဲစားများနှင့် ရွှေ့ပြောင်းအလုပ်သမား ဈေးကွက် သည် တရားဝင်မဟုတ်သည့် ဝန်ဆောင်မှုများပေးသည့် စနစ်တွင်လည်ပတ်ကာ ကျယ်ပြန့်နေဆဲ ဖြစ်သည်။ 

 

ထိုင်းတွင် ခုနှစ်နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့ပြီး ဆက်လက်အလုပ်လုပ်ရန် စိတ်ကူးရှိသည့် မစောစော သည် ထိုင်းဘာသာစကား အနည်းငယ်သာရသည်။ လသားအရွယ် ကလေးတစ်ဦးရှိပြီး ထိုကလေး အား မိဘအိမ်သို့ ပြန်ပို့ထားသည်။ ကလေးအား ထိုင်းသို့ခေါ်ရန်နှင့် ကျောင်းထားရန် စိတ်ကူးမရှိဘဲ အလုပ်အသစ်ရှာကာ ထိုင်းတွင်ပင် ဆက်နေဦးမည်ဖြစ်သည်။

 

မဟာချိုင် ပင်လယ်စာရောင်းသည့် ဈေးအနီးရှိ တိုက်တန်းလျား

 

 

လွန်ခဲ့သည့် လေးနှစ်က အစိုးချင်းချိတ်သည့် MOU အစီအစဥ်နှင့်လာခဲ့သော်လည်း ယခုအခေါက် တွင်မူ အစိုးရမပါဘဲ ပွဲစားနှင့်ကိုယ်တိုင်သာ အလုပ်ရှာပြီး ထိုင်းတွင် ဆက်အလုပ်လုပ်မည်ဟု ဆိုသည်။ အစိုးရနှင့် ချိတ်ခြင်းနှင့် အခွန်ဆောင်ရမည်ဖြစ်ရာ ၎င်းကထိုအခွန်အတွက် မပေးချင်ပေ။ သို့သော် မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ရုံးများတွင် အလုပ်ဗီဇာသမားများအတွက် ပတ်စ်ပို့ သက်တမ်းတိုးလိုပါက အခွန်ဆောင်ထားပြီးကြောင်း ထောက်ခံစာလိုလာပြီ ဖြစ်သည်။ ထိုအခြေ အနေ အတွက်မူ မစောစော စဥ်းစားမိပုံမရသေးပေ။

 

ဒေါ်နန်းမှာ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာအကြောင်း မသိသေးပေ။ မြန်မာစစ်ကောင်စီ အစိုးရသည် ထိုင်းရွှေ့ပြောင်းများ အရေးကိစ္စနှင့် ပြဿနာများ အခက်အခဲများကို ဖြေရှင်းပေးမှု မရှိဘဲ အခွန်အနေဖြင့် ရွှေ့ပြောင်းလုပ်သားများဆီမှ ပိုက်ဆံသာတောင်းနေသည်ဟု ယူဆကြောင်း ဆိုသည်။ ၎င်းက ထိုအခွန်ငွေအတွက်ပေးရန်ဆန္ဒမရှိဟုပြောသည်။ ဖိအားပေးလာပါက တစ်နည်း စဥ်းစားမည်ဟု ဆိုပါသည်။

 

“မနေ့က ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်၊ စာရွက်စာတမ်း မရှိဘူး။ ကျတော်တို့ပဲ ဆေးခန်း လိုက်ပြ ပေးလိုက်တယ်”

 

 

လက်ရှိတွင် မြန်မာနိုင်ငံမှ တရားဝင်လမ်းကြောင်း၊ တရားမဝင်လမ်းကြောင်းနှင့် တက်လာကြပြီး အလုပ်မရှိသဖြင့် ထိုင်နေကြရသူ အများအပြားတွေ့ခဲ့ရသည်။

 

မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်ပေးနေသည့် ထိုင်းအရပ်ဘက်အဖွဲ့အစည်း Proud Association တွင် မြန်မာစေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နေသည့် ကိုကျော်မျိုး(အမည်လွှဲ) က ပြောသည်။

 

“မနေ့က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်၊ စာရွက်စာတမ်းမရှိဘူး။ ကျတော်တို့ပဲ ဆေးခန်းလိုက်ပြ ပေးလိုက်တယ်” ဟု ၎င်း၏ လုပ်ငန်းအတွေ့အကြုံကို ပြောသည်။

 

ထိုအမျိုးသမီးမှာ ထိုင်းစကားလည်းမပြောတတ်ပေ။ ကိုကျော်မျိုးက ဆေးရုံတင်ကား မောင်းပါသည်။ ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားများသည် စာရွက်စာတမ်းမရှိပါက ဆေးရုံများတွင် ဆေးကုသခွင့်မရှိပေ၊ ၎င်းတို့အဖွဲ့အစည်း၏အမည်ဖြင့် ချိတ်ဆက်ပို့ဆောင်ပေးသဖြင့်သာ ဆေးရုံ သွားပြနိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

 

မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် ထိုင်းဘာသာစကားမတတ်သော်လည်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြဆဲပင်။ ဘာသာစကားမတတ်မှုနှင့် စာရွက်စာတမ်းမပြည့်စုံမှုကြောင့် လုပ်အားခ နှင့် အလုပ်သမားအခွင့်အရေး အနှိမ်ခံရသော်လည်း လက်ရှိမြန်မာနိုင်ငံတွင် အလုပ်ရှာရကြပ်တည်း မှုထက် သာသေးသည်ဟု ယူဆကြသည်။

 

ထို့ကြောင့် မထွေးထွေး မစောစောနှင့် မပန်းပန်းတို့က အလုပ်ထုတ်ခံရသည့်အချိန်တွင်ပင် ထိုင်းနိုင်ငံ၌သာ အလုပ်အသစ်ကို ရှာဖွေကြသည်။ ဒေါ်နန်းသည် မြန်မာသို့ပြန်၍ စာရွက်စာတမ်း ကိစ္စပင် မကြိုးပမ်းဖြစ်တော့ပေ။ မြန်မာ့နိုင်ငံကူးလက်မှတ်ရုံးများတွင် ပြည်ပထွက် အလုပ် လုပ်ကိုင်ရန် ပတ်စ်ပို့အေးဂျင့်များသည် ပွဲစည်နေဆဲပင်ဖြစ်သည်။  

 

 

 

Burma Associated Press

မြန်မာ
ထိုင်းနိုင်ငံ
ရွေ့ပြောင်းအလုပ်သမား

Share With
bap-logo