bap-logo
Data

ယခင်နှင့် ယခု ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်

YB7KL9aSHKhh9KKb-Z3CC-image

လွန်ခဲ့သော ၄ ရက် က

BAP၊ ဒီဇင်ဘာ ၁။

 

အာဏာသိမ်းစစ်အုပ်စုသည် ယခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် “အတုအယောင်” ရွေးကောက်ပွဲ၏ တစိတ်တပိုင်းကို ကျင်းပတော့မည်ဖြစ်သည်။

 

ယခုရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုပြီးနောက် ၄ ကြိမ်မြောက် ဖြစ်လာမည့် အထွေထွေ ရွေးကောက်ပွဲလည်းဖြစ်သည်။

 

 

 

ယခင် ကျင်းပခဲ့သည့်  ရွေးကောက်ပွဲ ၃ ကြိမ် (၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀) တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ- USDP က ၁ ကြိမ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD က ၂ ကြိမ်အနိုင်ရထားသည်။

 

ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူစနစ် First past the post – FPTP ဖြစ်သည်။

 

ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ပြိုင်သည့် နိုင်ငံရေးပါတီ ၉၁ ခုရှိခဲ့ပြီး ပါတီအများဆုံးဝင်ပြိုင်သည့် ရွေးကောက်ပွဲတခုဖြစ်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ၃၇ ပါတီနှင့် ၂၀၂၀ တွင် ၈၇ ပါတီသာရှိခဲ့သည်။

 

မဲဆန္ဒနယ်မြေအသီးသီးအတွက် ပါဝင်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်အရေအတွက်အနေဖြင့် ၂၀၁၀ ခုနှစ်တွင် ၃,၀၆၉ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၆,၀၃၈ ဦး၊ ၂၀၂၀ ခုနှစ်တွင် ၅,၆၃၉ ဦးတို့ဖြစ်သည်။

 

ရွေးကောက်ပွဲ ၃ ကြိမ်တွင် NLD မပါသည့် ရွေးကောက်ပွဲ (၂၀၁၀) မှအပ USDP သည် အစိုးရ ဖွဲ့နိုင်လောက်သည့် မဲမရခဲ့ပေ။

 

 

 

 

ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် မကျင်းပနိုင်သည့် မြို့နယ်များနှင့် မဲဆန္ဒနယ်များရှိခဲ့သည်။

 

၂၀၁၀ ရွေးကောက်ပွဲတွင် ရှမ်းးပြည်နယ်တွင် ၅ မြို့နယ်နှင့် ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်မြေ ၁၂ ခုရှိခဲ့သည်။

 

 

 

 

၂၀၁၅ ခုနှစ်တွင်လည်း ရှမ်းပြည်နယ်ရှိ မြို့နယ် ၇ ခုနှင့် တစိတ်တပိုင်းရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ၃၁ ခု ရှိခဲ့သည်။

 

 

 

 

ရှမ်းပြည်နယ်အတွင်းရှိ သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA ထိန်းချုပ်နယ်မြေရှိ မြို့ ၄ ခု (ပန်ဆန်း (ပန်ခမ်း)၊ နားဖန်းပန်ဝိုင် နှင့် မိုင်းမော) နှင့် အမျိုးသားဒီမိုကရက်တစ် တပ်မတော်- NDAA (မိုင်းလားတပ်ဖွဲ့) ထိန်းချုပ်သည့် မိုင်းလားမြို့နယ်တို့တွင် ရွေးကောက်ပွဲ ၃ ကြိမ်စလုံး ကျင်းပနိုင်ခြင်း မရှိပေ။

 

ရွေးကောက်ပွဲ  ၃ ကြိမ်အနက် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၂၀ ရွေးကောက်ပွဲတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် မကျင်းပနိုင်သည့် မြို့နယ်များအနေဖြင့် ရှမ်းပြည်နယ်တွင် ၆ မြို့၊ ရခိုင်ပြည်နယ်တွင် ၉ မြို့အထိရှိခဲ့သည်။ တိုက်ပွဲများကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် ရခိုင်ဒေသ မြို့များသည် ၂၀၁၅ ခုနှစ်တွင် ရခိုင်အမျိုးသားပါတီက အနိုင်ရထားသည့်နယ်မြေများဖြစ်သည်။

 

 

 

 

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သည့် စစ်အုပ်စုသည် လာမည့် ဒီဇင်ဘာမှ စတင်ကာ ယင်းတို့ စိတ်ကြိုက်ရွေးကောက်ပွဲတခုကို ကျင်းပတော့မည်ဖြစ်သည်။

 

ကနဦးအနေဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပထမပိုင်းအနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်တွင် ပြုုလုပ်မည်ဖြစ်သည်။ စစ်တပ်နှင့် ခုခံတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေသည့် ကချင်၊ ရခိုင်၊ ကယား၊ ကရင်နှင့် ချင်း ပြည်နယ်တို့ရှိ မြို့အများစုသည် ရွေးကောက်ပွဲ၏ ပထမပိုင်းတွင် ပါဝင်မလာခဲ့ပေ။

 

 

၂၀၀၈ ဖွဲ့စည်းပုံအတည်ဖြစ်ပြီးနောက် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများအနက် ယခု စစ်အုပ်စု ပြုလုပ်မည့် ၂၀၂၅ ခုနှစ်သည် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်အများဆုံးဖြင့် စံချိန်တင်ခဲ့သည်။

 

နိုင်ငံတဝှမ်း ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ၅၆ ခုအထိ ရှိနေသည်။

 

ယင်းတို့အနက် ရှမ်းပြည်နယ်သည် မြို့နယ် ၁၇ ဖြင့် အများဆုံးဖြစ်ကာ၊ စစ်ကိုင်းနှင့် ရခိုင်တွင် ၁၀ မြို့နယ်၊ မကွေးတွင် ၅ မြို့နယ်၊ ကချင်နှင့် ချင်းတွင် ၄ မြို့နယ်၊ မန္တလေးနှင့် ကယား(ကရင်နီ) တွင် ၃ မြို့တို့ဖြစ်သည်။

 

ပြည်သူ့လွှတ်တော် မဲအများ ဆုံးရသူ အနိုင်ယူစနစ်အတွက် ၅၆ မြို့နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် အတွက် မဲဆန္ဒနေရာ ၉ ခု (မြို့နယ် ၁၈) ခု၊ တိုင်းနှင့်ပြည်နယ် လွှတ်​တော် အတွက် ၅၆ မြို့နယ်​များတွင် ရွေးကောက်ပွဲ မလုပ်နိုင်ခြင်းဖြစ်သည်။

 

 

 

ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများနှင့် ကွဲပြားသည်မှာ ယခုတကြိမ်တွင် စစ်အုပ်စုသည် ရွေးကောက်ပွဲကို အနိုင်ရသူအကုန်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ် စသည့် ပုံစံ ၂ မျိုးဖြင့် ပြုလုပ်မည်ဖြစ်သည်။

 

အနိုင်ရသူအကုန်ယူစနစ်တွင် ပြည်သူ့လွှတ်တော်အတွက် ၁,၃၃၂ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၃၆၈ နေရာနှင့် တိုင်းနှင့်ပြည်နယ်လွှတ်တော်အတွက် ၁,၁၉၇၊ တိုင်းရင်းသားလူမျိုးများလွှတ်တော်တွင် ၁၀၃ နေရာတို့ဖြစ်သည်။

 

အချိုးကျကိုယ်စားပြုစနစ်တွင် အမျိုးသားလွှတ်တော်တွင် ၄၄၅ နေရာ၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်တွင် ၁,၄၉၂ နေရာတို့ဖြစ်သည်။

 

 

 

စစ်အုပ်၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီက ၅၇ ပါတီအထိရှိနေပြီး တနိုင်ငံလုံးတွင် ၆ ပါတီနှင့် တိုင်းနှင့်ပြည်နယ်တွင် ၅၁ ပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

စစ်ဗိုလ်ချုပ်ဟောင်းများနှင့် စစ်တပ်အငြိမ်းစားများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-ပြည်ခိုင်ဖြိုးက လာမည့် စစ်အုပ်စုရွေးကောက်ပွဲတွင် တနိုင်ငံလုံး ကိုယ်စားလှယ်အများဆုံး ဝင်ပြိုင်ဖို့ရှိနေသည်။

 

 

 

 

တနိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ပြိုင်မည့် နိုင်ငံရေးပါတီ ၆ ခုအနက် ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ် တထောင်ကျော် (၁,၀၄၂ ဦး) ဖြင့် ဝင်ပြိုင်မည်ဖြစ်သည်။

 

ယင်းနောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဒုတိယအများဆုံးဖြင့် ကိုယ်စားလှယ် ၆၉၀ ဦး၊ ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီက ၆၆၇ ဦးတို့ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။

 

ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ၅၇၆ ဦး၊ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီက ၅၀၁ ဦး မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၄၂၃ ဦး စသည်ဖြင့် စစ်အုပ်စု ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမည်ဖြစ်သည်။

 

နိုင်ငံရေးပါတီများအနက် တိုင်းနှင့်ပြည်နယ်အတွင်း စည်းရုံးမည့်ပါတီ ၅၁ ခုသည် ကိုယ်စားလှယ်စုစုပေါင်း ၉၄၅ ဦး စာရင်းတင်သွင်းထားပြီး တသီးပုဂ္ဂလပြိုင်မည့်သူက ၉၃ ဦး ရှိနေသည်။

 

ထို့ကြောင့် စစ်အုပ်စုရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်ဦးရေမှာ ၄,၉၃၇ ဦး ရှိနေသည်။

 

စစ်အုပ်စုရွေးကောက်ပွဲ ပထမပိုင်းကို ယခုဒီဇင်ဘာလ ၂၈ ရက်တွင်လုပ်ရန် ကြေညာထားပြီး၂၀၂၀ အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD၊ တတိယအများဆုံး အနိုင်ရပါတီ ဖြစ့်သည့် ရှမ်းတိုင်းရင်းများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-SNLD ကဲ့သို့ ပါတီများက သပိတ် မှောက်ထား သည်။

 

Burma Associated Press 

ရွေးကောက်ပွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မြန်မာ
ကြံ့ခိုင်ရေးပါတီ

Share With
bap-logo