bap-logo
Crime

'လိမ်လည်မှုနိုင်ငံတော်' ခေတ်သစ်၊ တရားမဝင် ဘီလီယံပေါင်းများစွာတန်ကြေးရှိ လုပ်ငန်းကြီး အရှေ့တောင်အာရှတွင် အမြစ်တွယ်လာပုံ

E_M0WtBP21tT43it9-2X8-image

လွန်ခဲ့သော တစ်ရက် က

ပုံစာ - မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ လိမ်လည်မှုစင်တာများနှင့် လူကုန်ကူးမှုအတွက် အဓိက ဗဟိုဌာနများထဲမှ တစ်ခုဖြစ်သော KK Park အတွင်းမှ အဆောက်အအုံများ။ အဆိုပါနေရာကို စီးနင်းခဲ့သော်လည်း စီမံခန့်ခွဲသူများမှာ ကြာမြင့်စွာကတည်းက ထွက်ခွာသွားပြီဖြစ်သည်။ (ပုံပေါင်းစပ်သူ: Jittrapon Kaicome/The Guardian)

 

မူးယစ်ဆေးဝါးနိုင်ငံတော်များ (narco-state) ကဲ့သို့ပင် 'လိမ်လည်မှုနိုင်ငံတော်' (scam state) ဆိုသည်မှာ တရားမဝင်သောလုပ်ငန်းတစ်ခုက အစိုးရအဖွဲ့အစည်းများထဲသို့ နက်နက်ရှိုင်းရှိုင်း ခြေချဝင်ရောက်ပြီး စီးပွားရေးကို ပြောင်းလဲပစ်ခဲ့သော နိုင်ငံများကို ရည်ညွှန်းပါသည်။

 

ပေါက်ကွဲမှုများ မစတင်မီ ရက်များစွာကတည်းက စီးပွားရေးဥယျာဥ်ကြီးမှာ ရှင်းလင်းနေခဲ့ပြီးဖြစ်သည်။ ဗုံးများ ပေါက်ကွဲသွားသောအခါ ဗလာနတ္တိဖြစ်နေသော ရုံးခန်းများ ပြိုလဲသွားပြီး လှိုဏ်သံထွက်နေသည့် အမျိုးမျိုးသော ဟင်းလျာရောင်းချသည့် စားသောက်ဆိုင်ခန်းမကြီးများကို ဖျက်ဆီးပစ်လိုက်သည်။ ဒိုင်းနမိုက်များဖြင့် လေးထပ်ဆေးရုံ၊ တိတ်ဆိတ်နေသော ကာရာအိုကေ အဆောက်အအုံများ၊ လူသူကင်းမဲ့နေသည့် အားကစားခန်းမများနှင့် အိပ်ဆောင်များကိုပါ ဖြိုချပစ်ခဲ့သည်။

 

ဤသို့ဖြင့် အရှေ့တောင်အာရှ၏ အကျယ်ပြန့်ဆုံး "လိမ်လည်မှုစင်တာများ" အနက်မှ တစ်ခုဖြစ်သည့် KK Park ၏ အဆုံးသတ်ကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း မြန်မာစစ်အုပ်စု၏ သတင်းထုတ်ပြန်ချက်များက ကြေညာခဲ့သည်။ အဆိုပါစခန်းတွင် ကမ္ဘာတစ်ဝန်းရှိ လူများကို အဆက်မပြတ်လိမ်လည်ရန် အတင်းအကျပ်စေခိုင်းခြင်းခံရသည့် လူပေါင်းထောင်သောင်းချီ၍ ထိန်းသိမ်းခံထားရသည်။ ယခုအခါ ၎င်းနေရာကို တစ်စစီ ဖြိုချနေပြီဖြစ်သည်။

 

သို့သော် အဆိုပါပန်းခြံကို စီမံခန့်ခွဲသူများမှာ ကြိုတင်သတင်းရထားသည့်ပုံစံဖြင့် ကြာမြင့်စွာကတည်းက ထွက်ခွာသွားခဲ့ပြီး အခြားနေရာများတွင် အလုပ်များစွာ စတင်နေပြီဖြစ်သည်။ လုပ်သား ၁,၀၀၀ ကျော်သည် နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးနိုင်ခဲ့ပြီး အခြား ၂,၀၀၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သို့သော် လူကုန်ကူးခံရပြီး ရက်စက်စွာ ဖိနှိပ်ခံရဖွယ်ရှိသော လုပ်သား ၂၀,၀၀၀ အထိ ပျောက်ဆုံးသွားခဲ့သည်။ စစ်အုပ်စု၏ ကင်မရာများမှ ဝေးရာတွင် KK Park ကဲ့သို့ လိမ်လည်မှုစင်တာများ ဆက်လက်ကြီးထွားနေဆဲဖြစ်သည်။

 

ဘီလီယံပေါင်းများစွာတန်ဖိုးရှိသော ကမ္ဘာလုံးဆိုင်ရာ လိမ်လည်မှုလုပ်ငန်းကြီးသည် အလွန်အမင်း ကြီးမားလာသောကြောင့် ကျွမ်းကျင်သူများက 'လိမ်လည်မှုနိုင်ငံတော်' (scam state) ခေတ်သို့ ရောက်ရှိနေပြီဟု ဆိုကြသည်။ Narco-state ကဲ့သို့ပင်၊ အဆိုပါအသုံးအနှုန်းသည် တရားမဝင်လုပ်ငန်းတစ်ခုက တရားဝင်အဖွဲ့အစည်းများအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ခြေစွဲဝင်ရောက်ပြီး၊ စီးပွားရေးကို ပြန်လည်ပုံဖော်ကာ၊ အစိုးရများကို အဂတိလိုက်စားစေပြီး တရားမဝင်ကွန်ရက်တစ်ခုအပေါ် နိုင်ငံတော်မှ မှီခိုအားထားလာစေသည့် နိုင်ငံများကို ရည်ညွှန်းသည်။

 

KK Park ကို စီးနင်းမှုသည် အရှေ့တောင်အာရှတစ်ဝန်းရှိ လိမ်လည်မှုစင်တာများကို အများပြည်သူသိအောင် ဖြိုခွင်းသည့် ဖြစ်စဉ်များ၏ နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်။ သို့သော် ဒေသဆိုင်ရာ လေ့လာသူများက ဤလုပ်ရပ်များသည် နိုင်ငံတကာ ဖိအားအောက်တွင်ရှိသောကြောင့် လုပ်ဆောင်ရသည့် ဟန်ပြလုပ်ဆောင်ခြင်းများသာဖြစ်ပြီး အလွန်အမင်း အကျိုးအမြတ်များသောကဏ္ဍကို ဖယ်ရှားပစ်ရန် စိတ်ဝင်စားမှုနည်းပါးသည့် အရာရှိများ၏ "နိုင်ငံရေးပြဇာတ်" သာဖြစ်ကြောင်း သုံးသပ်ကြသည်။

 

"ဒါဟာ Whack-a-Mole(တွင်းဝတွင် ခေါင်းပြူလာသည့် ‌ပွေးကောင်များကို အမြန်ထုရိုက်ရသည့် ကစားနည်း) ကစားတာနဲ့တူပါတယ်၊ ဒါပေမဲ့ သူတို့က ပွေးကောင်(Mole)ကို တကယ်တမ်း ရိုက်ချင်ကြတာမဟုတ်ပါဘူး။" ဟု ဟားဗတ်တက္ကသိုလ် အာရှစင်တာမှ ဧည့်သည်အဖွဲ့ဝင်၊ မဲခေါင်ဒေသတွင်း ဖြတ်ကျော်မှုဆိုင်ရာနှင့် ဆိုက်ဘာမှုခင်းကျွမ်းကျင်သူ Jacob Sims က ပြောကြားသည်။

 

လွန်ခဲ့သည့်ငါးနှစ်အတွင်း လိမ်လည်မှုသည် "အသေးစား အွန်လိုင်းလိမ်လည်မှုကွန်ရက်များမှ စက်မှုအဆင့် နိုင်ငံရေးစီးပွားရေးအဖြစ်" ပြောင်းလဲသွားခဲ့ကြောင်း Sims က ဆိုသည်။

 

"စုစုပေါင်း GDP အရဆိုရင် ဒါဟာ မဲခေါင်ဒေသခွဲတစ်ခုလုံးအတွက် အကြီးမားဆုံးသော စီးပွားရေးအင်ဂျင်ဖြစ်ပါတယ်။" ဟု ၎င်းက ပြောသည်။ "ဒါ့အပြင် အဓိကကျတဲ့ နိုင်ငံရေးအင်ဂျင်တွေထဲက တစ်ခု၊ ဒါမှမဟုတ် အကြီးမားဆုံးအင်ဂျင်ပင် ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

 

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံရှိ အစိုးရပြောရေးဆိုခွင့်ရှိသူများက The Guardian ၏ မေးခွန်းများကို တုံ့ပြန်ခြင်းမရှိခဲ့ပေ။ သို့သော် မြန်မာစစ်တပ်ကမူ ယခင်က ၎င်းတို့သည် "လိမ်လည်မှုလုပ်ငန်းများကို အမြစ်ပြတ်ချေမှုန်းရန် ကြိုးပမ်းနေကြောင်း" ပြောကြားခဲ့ဖူးသည်။ ကမ္ဘောဒီးယားအစိုးရကလည်း ၎င်းတို့နိုင်ငံတွင် "ဩဇာအရှိန်အဝါရှိသူများ၏ ပံ့ပိုးမှုဖြင့် ကမ္ဘာ့အကြီးဆုံး ဆိုက်ဘာမှုခင်းကွန်ရက်များ" အနက်မှ တစ်ခုတည်ရှိသည်ဆိုသော စွပ်စွဲချက်များကို "အခြေအမြစ်မရှိကြောင်း" နှင့် "တာဝန်မဲ့သည်" ဟု ပြောကြားခဲ့သည်။

CaptionGuardian ၏ ပုံပြဇယား) ရင်းမြစ်- USIPUNODC၊ ကမ္ဘာ့ဘဏ်။ မဲခေါင်ဒေသတွင်း ဆိုက်ဘာလိမ်လည်မှုလုပ်သားများသည် တစ်ရက်လျှင် ဒေါ်လာ ၃၀၀ မှ ၄၀၀ ဝင်ငွေရှိသည်ဟု ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ နှစ်စဉ်ဝင်ငွေ တွက်ချက်ထားခြင်း ဖြစ်သည်။

 

ဆယ်စုနှစ်တစ်ခုပင် မပြည့်သေးသည့် ကာလအတွင်း စာလုံးပေါင်းမှားနေသော အီးမေးလ်များနှင့် မယုံနိုင်စရာ နိုင်ဂျီးရီးယားမင်းသားများ၏ လိမ်လည်မှုကမ္ဘာမှ ပြောင်းလဲလာခဲ့ရာ၊ ယခုအခါ ဤလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းရှိ သားကောင်များထံမှ ဒေါ်လာဘီလီယံ ဆယ်ဂဏန်းပေါင်းများစွာ ရရှိနေသော ကြီးမားပြီး ခေတ်မီဆန်းပြားသော စနစ်ကြီးတစ်ခု ဖြစ်လာခဲ့သည်။ ယင်း၏ အဓိကအချက်မှာ "ဝက်သားပေါ်ခြင်း" ဟု အမည်ပေးထားသည့် လိမ်လည်မှုများ (pig-butchering scams) ဖြစ်ပြီး၊ အွန်လိုင်းမှတဆင့် ဆက်ဆံရေး တည်ဆောက်ပြီးနောက် လိမ်လည်သူက သားကောင်ကို ၎င်းတို့၏ငွေများကို စွန့်လွှတ်စေရန် တွန်းအားပေးခြင်း၊ များသောအားဖြင့် cryptocurrency တွင် "ရင်းနှီးမြှုပ်နှံမှု" တစ်ခုမှတဆင့် ပြုလုပ်ခြင်းဖြစ်သည်။

 

လိမ်လည်သူများက ပစ်မှတ်များကို လှည့်ဖြားရန် ခေတ်မီဆန်းပြားသော နည်းပညာများကို အသုံးပြုခဲ့ရာတွင် စကားပြောဆိုမှုများကို ဘာသာပြန်ရန်နှင့် တွန်းအားပေးရန် generative AI ကို အသုံးပြုခြင်း၊ ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်ရန် deepfake နည်းပညာကို အသုံးပြုခြင်းနှင့် အမှန်တကယ် ရင်းနှီးမြှုပ်နှံမှု ဖလှယ်ရေးများကို တုပ၍ ပုံစံတူဝက်ဘ်ဆိုဒ်များကို အသုံးပြုခဲ့ကြသည်။ စစ်တမ်းတစ်ခုအရ သားကောင်တစ်ဦးစီသည် ပျမ်းမျှအားဖြင့် ဒေါ်လာ ၁၅၅,၀၀၀ (ပေါင် ၁၁၇,၄၀၀) အထိ လိမ်လည်ခံခဲ့ရသည်။ အများစုက ၎င်းတို့၏ စုစုပေါင်းပိုင်ဆိုင်မှု၏ ထက်ဝက်ကျော် ဆုံးရှုံးခဲ့ရကြောင်း သတင်းပို့ခဲ့သည်။

 

ထိုကဲ့သို့ ကြီးမားလှသည့် အလားအလာရှိသော အမြတ်အစွန်းများသည် လိမ်လည်မှုလုပ်ငန်း၏ လုပ်ငန်းကြီးအသွင်ပြောင်းလဲမှုကို ဖြစ်လာစေခဲ့သည်။ ဤလုပ်ငန်း၏ ကမ္ဘာလုံးဆိုင်ရာ အရွယ်အစားခန့်မှန်းချက်မှာ ဒေါ်လာ ဘီလီယံ ၇၀ မှစ၍ ရာဂဏန်းဘီလီယံအထိ ရှိနေပြီး၊ ၎င်းပမာဏသည် ကမ္ဘာလုံးဆိုင်ရာ တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် တန်းတူဖြစ်နေပါသည်။ အဆိုပါစင်တာများကို နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်များက လုပ်ကိုင်လေ့ရှိပြီး များသောအားဖြင့် တရုတ်မှစတင်ခဲ့သော်လည်း ၎င်းတို့၏ မြေပြင်အခြေစိုက်ရာမှာ အရှေ့တောင်အာရှ ဖြစ်သည်။

 


Guardian ပုံပြဇယား။ ရင်းမြစ်- UNODC။ မှတ်ချက်- သံရုံးထုတ်ပြန်ချက်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနများနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများမှ စုဆောင်းရရှိသော အချက်အလက်များ

n

 

၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် မဲခေါင်နိုင်ငံများရှိ ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းများသည် တစ်နှစ်လျှင် ဒေါ်လာ ၄၄ ဘီလီယံ (ပေါင် ၃၃.၄ ဘီလီယံ) ခန့် ဝင်ငွေရှိကြောင်း ခန့်မှန်းရပြီး ၎င်းသည် စုစုပေါင်းတရားဝင်စီးပွားရေး၏ ၄၀% ခန့်နှင့် ညီမျှပါသည်။ ထိုကိန်းဂဏန်းသည် အနည်းဆုံး ခန့်မှန်းခြေဖြစ်ပြီး ဆက်လက်မြင့်တက်လာနေသည်ဟု ယူဆရသည်။ "ဒါဟာ ကြီးမားတဲ့ ဖွံ့ဖြိုးကြီးထွားရာ ဧရိယာတစ်ခုပါ။" ဟု နိုင်ငံဖြတ်ကျော် စနစ်တကျ ရာဇ၀တ်မှုများ တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းမှ Jason Tower က ပြောကြားသည်။ "ဒါက ၂၀၂၁ ခုနှစ်ကမှ စတင်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ဈေးကွက်ကြီး ဖြစ်လာတာပါ။ အခုဆိုရင် တစ်နှစ်ကို ဒေါ်လာ ၇၀ ဘီလီယံကျော် တန်ဖိုးရှိတဲ့ တရားမဝင်ဈေးကွက်အကြောင်း ကျွန်တော်တို့ ပြောနေကြတာပါ။ ၂၀၂၀ ပြည့်နှစ်ကို ပြန်ကြည့်ရင် ဒီအရွယ်အစားရဲ့ အနီးအနားကိုတောင် မရောက်သေးပါဘူး။"

 

ကမ္ဘောဒီးယားတွင် အမေရိကန်အစိုးရက နိုင်ငံတစ်ဝန်းရှိ လိမ်လည်မှုစခန်းများကို ဦးစီးလုပ်ကိုင်သည်ဟု စွပ်စွဲထားသည့် ကုမ္ပဏီတစ်ခု၏ cryptocurrency ဒေါ်လာ ၁၅ ဘီလီယံကို ပြီးခဲ့သည့်လက တရားရေးဌာန (DOJ) မှ သိမ်းဆည်းခဲ့သည်။ ထိုပမာဏသည် ကမ္ဘောဒီးယား၏ စီးပွားရေးထက်ဝက်နီးပါးနှင့် ညီမျှပါသည်။

 

ထိုကဲ့သို့ ကြီးမားသော အလားအလာရှိသည့် အမြတ်အစွန်းများကြောင့် အခြေခံအဆောက်အအုံများ လျင်မြန်စွာ တည်ဆောက်ခဲ့သည်။ အဆိုပါစင်တာများသည် ပဋိပက္ခဇုန်များ၊ တရားဥပဒေမဲ့ပြီး စည်းမျဉ်းစည်းကမ်း လျော့ရဲသော နယ်စပ်ဒေသများတစ်လျှောက်တွင် ကြီးထွားလာသည်။ လာအိုတွင် အရာရှိများက ရွှေတြိဂံ အထူးစီးပွားရေးဇုန်တွင် စင်တာ ၄၀၀ ခန့် လည်ပတ်နေကြောင်း ဒေသတွင်းမီဒီယာများကို ပြောကြားခဲ့သည်။ ဆိုက်ဘာလိမ်လည်မှုများကို စောင့်ကြည့်သည့် အဖွဲ့အစည်း (Cyber Scam Monitor) သည် ကမ္ဘောဒီးယားတစ်ဝန်းတွင် သံသယဖြစ်ဖွယ် နေရာ ၂၅၃ ခုကို ခြေရာခံနိုင်ခဲ့သည်။ ၎င်းတို့အများစုမှာ အလွန်ကြီးမားပြီး လူမြင်ကွင်းတွင် လည်ပတ်နေသည်။

 

အဆိုပါ စခန်းကြီးများ၏ အရွယ်အစားသည်ပင် ၎င်းတို့ကို လက်ခံကျင်းပသည့် နိုင်ငံများ မည်မျှအထိ လိုက်လျောမှု ပေးထားသည်ကို ပြသနေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

 

"ဒါတွေဟာ အလွန်ကြီးမားတဲ့ အခြေခံအဆောက်အအုံတွေဖြစ်ပြီး အများပြည်သူသိအောင် နေရာယူထားတာပါပဲ။ နယ်စပ်တွေကိုသွားပြီး စောင့်ကြည့်နိုင်ပါတယ်။ အချို့ထဲကိုတောင် လမ်းလျှောက်ဝင်ကြည့်နိုင်ပါတယ်။" ဟု Tower က ဆိုသည်။ "ဒီလိုမျိုး လူမြင်ကွင်းမှာ ဖြစ်နေတာက အပြစ်ပေးခံရခြင်းမရှိဘဲ လုံးဝ လွှတ်လပ်မှုအဆင့်ကို ပြသနေတာဖြစ်ပြီး ဒီရာဇဝတ်သားတွေဟာ နိုင်ငံတော်ထဲကို ဘယ်လောက်အထိ အမြစ်တွယ်ဝင်ရောက်နေပြီလဲဆိုတာကို ပြသနေတာပါ။" ဟု ၎င်းက ပြောကြားသည်။

 

ထိုင်းဒုတိယဘဏ္ဍာရေးဝန်ကြီးသည် ကမ္ဘောဒီးယားရှိ လိမ်လည်မှုလုပ်ငန်းများနှင့် ဆက်စပ်မှုစွပ်စွဲချက်များကြောင့် ယခုအောက်တိုဘာလတွင် ရာထူးမှ နုတ်ထွက်ခဲ့သော်လည်း ၎င်းကမူ ငြင်းဆိုထားသည်။ Prince Group လိမ်လည်မှုကွန်ရက်ကို ဦးဆောင်စီမံသည်ဟု စွပ်စွဲခံရသော Chen Zhi သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ အကြံပေးတစ်ဦး ဖြစ်ခဲ့ပြီး ၎င်းကို မကြာသေးမီက ယူကေနှင့် အမေရိကန်တို့က ပူးတွဲပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

 

Prince Group ကမူ ၎င်းတို့ကုမ္ပဏီ သို့မဟုတ် ၎င်း၏ဥက္ကဋ္ဌသည် မည်သည့်တရားမဝင်လုပ်ရပ်ကိုမျှ မလုပ်ဆောင်ခဲ့ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။ မြန်မာနိုင်ငံတွင်မူ လိမ်လည်မှုစင်တာများသည် လက်နက်ကိုင်အဖွဲ့များအတွက် အဓိကငွေကြေးစီးဆင်းရာ ဖြစ်လာခဲ့သည်။ ဖိလစ်ပိုင်တွင် ကြီးမားသော လိမ်လည်မှုစင်တာတစ်ခုကို ရာထူးတွင်ရှိနေစဉ် ဦးစီးလုပ်ကိုင်ခဲ့သော မြို့တော်ဝန်ဟောင်း Alice Guo သည် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်။

 

အရှေ့တောင်အာရှတစ်ဝန်းရှိ လိမ်လည်မှုခေါင်းဆောင်များသည် "သူတို့ဟာ သံတမန်ဆိုင်ရာ အထောက်အထားများ ရယူထားပြီး အကြံပေးတွေအဖြစ် အဆင့်မြင့်တဲ့နေရာတွေကနေ လုပ်ငန်းလည်ပတ်နေကြတဲ့အတွက် နိုင်ငံတော် ပါဝင်ပတ်သက်မှုနဲ့ သွေးဆောင်သိမ်းသွင်းမှု အဆင့်အတန်းအားဖြင့် ကြီးမားပါတယ်။" ဟု Tower က ပြောကြားသည်။

 

"ဒီလိုမျိုး တရားမဝင်ဈေးကွက်တစ်ခု ရှိနေပြီး ကမ္ဘာ့အန္တရာယ်ကို ဖြစ်စေကာ၊ အပြစ်ပေးခံရခြင်းမရှိဘဲ လုံးဝ လွတ်လပ်စွာနဲ့ လူသိရှင်ကြား ဖြစ်နေတာက လုံးဝမကြုံစဖူး ကိစ္စပါပဲ" ဟု ၎င်းက ဆိုသည်။

 

ကိုးကား - The Guardian

 

 

ကမ္ဘောဒီးယား
လိမ်လည်လှည့်ဖြားခြင်
အရှေ့တောင်အာရှ
လိမ်လည်မှုမှရသည့် ငွေကြေး

Share With
bap-logo