bap-logo
Article

လွတ်လပ်စွာ ပြောဆိုခွင့် အလေးပေး မခံရသည့် အရှေ့တောင်အာရှ

Dj-RxFNOWAiefzL3JmfG0-image

လွန်ခဲ့သော တစ်နှစ် က

အရှေ့တောင်အာရှမှ လူအများအပြားက လူမှု"သဟဇာတ" ဖြစ်ခြင်းကို လွတ်လပ်စွာ ပြောဆိုခွင့်ထက် ပိုမိုဦးစားပေးကြောင်း လတ်တလော လေ့လာချက်တစ်ခုတွင် ဖော်ပြထားသည်။

 

အရှေ့တောင်အာရှနိုင်ငံများသည် ကမ္ဘာပေါ်တွင် သတင်းစာလွတ်လပ်ခွင့်နှင့် မီဒီယာအခွင့်အရေး အဆိုးရွားဆုံး အဆင့်နိုင်ငံများထဲတွင် ထည့်သွင်းသတ်မှတ်ခံရသည်။ လွတ်လပ်သော သတင်းစာများကို အင်အားသုံး ပိတ်ပင်ခြင်း၊ အများသိ ထုတ်ဖော် မှတ်ချက်ပေးသည့် တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်အပြစ်ပေးခြင်း တို့သည် လတ်တလော နှစ်များအတွင်း သက်ဦးဆံပိုင်အစိုးရများနှင့် အနောက်တိုင်း ဒီမိုကရေစီတို့အကြား တင်းမာရခြင်းအကြောင်း ဖြစ်လာခဲ့သည်။

 

 အရှေ့တောင်အာရှနိုင်ငံများသည် ကမ္ဘာပေါ်တွင် သတင်းစာ လွတ်လပ်ခွင့်နှင့် မီဒီယာအခွင့်အရေး အဆိုးရွားဆုံးအဆင့် နိုင်ငံများထဲတွင် ထည့်သွင်း သတ်မှတ်ခံရသည်

 

သို့ရာတွင် တစ်ပါတီစနစ်၊ ကွန်မြူနစ်နိုင်ငံများဖြစ်သော ဗီယက်နမ်နှင့် လာအို၊ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ အပါအဝင် အရှေ့တောင်အာရှနိုင်ငံအစိုးရများသည် အမျိုးသား"သဟဇာတ” ဖြစ်မှုကို ကာကွယ် ခုခံသည့်အနေဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို ပြင်းပြင်းထန်ထန် ကန့်သတ်ရမည်ဟု သဘောတူလေ့ရှိသည်။

 

၎င်းအချက်မှာ Pew သုတေသနစင်တာ၏ "အာရှတောင်ပိုင်းနှင့် အရှေ့တောင်အာရှမှ ဗုဒ္ဓဝါဒ၊ အစ္စလမ်နှင့် ဘာသာရေးဗဟုဝါဒအစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရခြင်းဖြစ်သည်။ ၎င်းလေ့လာချက်မှာ အာရှတောင်ပိုင်းနှင့် အရှေ့တောင်အာရှမှ မတူညီသည့် လူမှုအသိုင်းအဝိုင်းများမှ ဘာသာရေးအခန်းကဏ္ဍကို အထူးပြုလေ့လာထားခြင်းဖြစ်သည်။

 

အစီရင်ခံစာ၏ ဘာသာရေးနှင့် နိုင်ငံရေးကဏ္ဍတွင် "ဒေသတွင်း၌ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ဒီမိုကရေစီတို့သည် ကျယ်ပြန့်စွာ လက်ခံယုံကြည်မှု အမြဲ မရှိဟု တွေ့ရှိရကြောင်း ဖော်ပြထားသည်။

 

အရှေ့တောင်အာရှ၏ အဆင့်နိမ့်ကျနေသော သတင်းလွတ်လပ်ခွင့်

 

၎င်းရှာဖွေတွေ့ရှိချက်များမှာ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကဲ့သို့ နှစ်ပတ်လည် တိုင်းတာသည့် ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက်များကိုလည်း ထင်ဟပ်နေသည်။

 

ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်အညွှန်းတွင် ဗီယက်နမ်သည် တရုတ်နှင့် မြောက်ကိုရီးယား အနောက် ကမ္ဘာပေါ်တွင် တတိယအဆိုးဆုံး အဆင့်ရရှိခဲ့သည်။ စစ်အာရှင်ဦးဆောင်နေသည့် မြန်မာနိုင်ငံသည်လည်း အဆိုးဆုံး အောက်ခြေ ၁၀ နိုင်ငံတွင် ပါဝင်ခဲ့သည်

 

၎င်း၏ ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်အညွှန်းတွင် ဗီယက်နမ်သည် တရုတ်နှင့် မြောက်ကိုရီးယား အနောက် ကမ္ဘာပေါ်တွင် တတိယအဆိုးဆုံး အဆင့်ရရှိခဲ့သည်။ စစ်အာရှင်ဦးဆောင်နေသည့် မြန်မာနိုင်ငံသည်လည်း အဆိုးဆုံး အောက်ခြေ ၁၀ နိုင်ငံတွင် ပါဝင်ခဲ့သည်။

 

အဆင့် ၇၃ ရရှိခဲ့သည့် မလေးရှားနိုင်ငံမှလွဲ၍ အခြားဒေသတစ်ခုလုံးသည် အဆင့်သတ်မှတ်ချက်များကို အလယ်မှ ဖြတ်ပိုင်းကြည့်လျှင် အောက်ပိုင်းတွင်သာ ရှိနေခဲ့ကြသည်။

 

နိုင်ငံတကာတွင် လွတ်လပ်စွာ ပြောဆိုခွင့် စံနှုန်းများ ယိုယွင်းလာခြင်းသည် "နိုင်ငံ အများအပြားမှ အာဏာပိုင်များ၏ ရန်လိုမှုတိုးမြင့်လာခြင်းနှင့် လူမှုမီဒီယာများပေါ်တွင်သာမက ပြင်ပလက်တွေ့တွင်ပါ ဂျာနယ်လစ်များကို ရန်လိုမှု တိုးပွားလာခြင်း၏ ရလဒ် ဖြစ်သည်။” ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ အထွေအထွေ အတွင်းရေးမှူး Christophe Deloire က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားထားသည်။

 

တည်ငြိမ်မှုမရှိဘဲ လှုပ်ခတ်နေရခြင်းမှာ မမှန်သတင်းများ ထုတ်လုပ်၊ ဖြန့်ချိနေပြီး ၎င်းကဲ့သို့ ထုတ်လုပ်ရန် အထောက်အကူပြု ကိရိယာများ ပေးအပ်ထောက်ပံ့နေသည့် အတုအယောင်အချက်အလက်ထုတ်လုပ်သော လုပ်ငန်းများ တိုးတက်လာခြင်း၏ နောက်ဆက်တွဲရလဒ်လည်း ဖြစ်သည်။”

 

အွန်လိုင်းတွင် လွတ်လပ်စွာ ပြောဆိုမှု အခြေအနေကို စောင့်ကြည့်လေ့လာသော အခြား အညွှန်းကိန်း တစ်ခုဖြစ်သည့် Freedom House ကွန်ရက်ပေါ်မှ လွတ်လပ်မှု အညွှန်းကိန်းတွင် မကြာသေးမီက "အင်တာနက် လွတ်လပ်မှု” အဆင့်တွင် မြန်မာနှင့် တရုတ်တို့သည် နောက်ဆုံးနေရာကို ပူးတွဲရယူထားကြောင်း ဖော်ပြထားသည်။

 

အခြားသော အရှေ့တောင်အာရှနိုင်ငံ နှစ်ခုဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းတို့သည် အဆိုးရွားဆုံး နိုင်ငံ ၂၀ စာရင်းတွင် သတ်မှတ်ဖော်ပြခံခဲ့ရသည်။

 

သာမာန်လူတွေက သတင်းစာလွတ်လပ်ခွင့်ကို ထင်မြင်ယူဆပုံ

 

Pew လေ့လာချက်သည် သာမန်လူများ၏ လွတ်လပ်စွာ ပြောဆိုခွင့် အရေးအပေါ် ထင်မြင်ယူဆချက်များကို အထူးပြုသည့် နှစ်ပတ်လည် သတင်းစာလွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက်များနှင့် ကွဲလွဲနေသည်။

 

စက်တင်ဘာလ အစောပိုင်းက ထုတ်ဝေခဲ့သည် ယင်းအစီရင်ခံစာအရ စစ်တမ်းကောက်ယူခဲ့သည့် အရှေ့တောင် အာရှနိုင်ငံ လေးနိုင်ငံအနက် သုံးနိုင်ငံမှ ဖြေကြားသူ အများစုသည် အမျိုးသား"သဟဇာတ” ဖြစ်မှုသည် လွတ်လပ်စွာ ပြောဆိုခွင့်ထက် ဦးစားပေးရမည်ဟု ၎င်းတို့၏ အစိုးရများနှင့် သဘောတူညီကြကြောင်း ဖော်ပြထားသည်။

 

အရှေ့တောင်အာရှလေးနိုင်ငံမှ ဖြေဆိုသူအများစုသည် ၎င်းတို့၏ အစိုးရများကို အများသိအောင် ဝေဖန်ပိုင်ခွင့် ရှိသင့်ကြောင်း ထင်မြင်ယူဆကြသော်လည်း အနည်းစုဖြစ်သည့် မလေးရှားနိုင်ငံ (၃၆%) နှင့် စင်ကာပူ (၄၁%) တို့ကမူ နိုင်ငံသားများအနေဖြင့် ၎င်းကဲ့သို့ ဝေဖန်နိုင်ခြင်း မရှိသင့်ဟု ဖြေကြားကြသည်။

 

ဖြေဆိုသူများကို "တစ်စုံတစ်ဦး၏ ထင်မြင်ယူဆချက်ကို ပြောဆိုခွင့်ထက် အခြားသူများနှင့် သဟဇာတဖြစ်ရန် ပိုမိုအရေးကြီးသည်။" သို့မဟုတ် "အခြားသူများကို စိတ်ပျက်စေနိုင်သော်လည်း လူအများသည် ၎င်းတို့၏ ထင်မြင်ယူဆချက်ကို အများသိအောင် ပြောဆိုခွင့် ပြုသင့်သည်။" ဟူသည့် ဖော်ပြချက်နှစ်ခုအနက် ပေး၍ ရွေးချယ်စေခဲ့ခြင်းဖြစ်သည်။

 

ထိုင်းနိုင်ငံတွင်သာ အများစု (၅၉%) က လွတ်လပ်စွာ ပြောဆိုခွင့်သည် လူမှုသဟဇာတဖြစ်ခြင်းထက် အလေးပေးသင့်သည်ဟု ယူဆကြသည်။ စင်ကာပူ ၆၄ % အင်ဒိုနီးရှား ၆၇% နှင့် ကမ္ဘောဒီးယား ၆၉% တို့သည် လူမှုသဟဇာတဖြစ်မှုကို လွတ်လပ်စွာ ပြောဆိုခွင့်ထက် အရေးပေးသင့်သည်ဟု ဖြေဆိုခဲ့ကြသည်။

 

အရှေ့တောင်အာရှ နိုင်ငံအများအပြားမှာ လူမှုသဟဇာတဖြစ်မှုရဲ့ ရိုးရာအစဉ်အလာတွေ၊ နှစ်ပေါင်းများစွာ အာဏာရှင်အုပ်ချုပ်မှုတွေ ပေါင်းစပ်မှု၊ ပြီးတော့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖိနှိပ်ထားမှုတွေက လွတ်လပ်စွာ ပြောဆိုခွင့်ကို အလေးပေးဖို့ အမြင်တွေအပေါ် သက်ရောက်မှုရှိနေပါတယ်။” ဟု အရှေ့တောင်အာရှ နိုင်ငံခြားဆက်ဆံရေးကောင်စီမှ အကြီးတန်း ပညာရှင် Joshua Kurlantzick က DW ကို ပြောကြားသည်။

 

မည်သို့ပင်ဖြစ်စေ လွတ်လပ်စွာ ပြောဆိုခွင့်တိုက်တွန်းတောင်းဆိုသည့် စောဒကတက်မှုများသည် အထူးသဖြင့် ငယ်ရွယ်သည့် မျိုးဆက်များအကြားတွင် "ဖြတ်သန်း နေရာယူနေကြသည်”ဟု ၎င်းက ပြောသည်။

 

တကယ်တမ်းတွင် ငယ်ရွယ်သူများနှင့် ပညာတတ်သည့် ဖြေဆိုသူနှစ်မျိုးလုံးက အစိုးရကို ဝေဖန်ပိုင်ခွင့် ပိုမိုထောက်ခံပုံရကြပြီး လူမှုသဟဇာတဖြစ်ရေးထက် လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိုမိုအလေးထားသည်ဟု Pew စစ်တမ်းတွင် တွေ့ရှိရသည်။

 

နိုင်ငံများအကြား ကွဲပြားမှုများ

 

အစီရင်ခံစာတွင် ဘာသာတရားပေါ်မူတည်၍ ကွဲပြားမှုများလည်း တွေ့ရသည်။ ဥပမာအားဖြင့် ထိုင်းမူဆလင် တစ်ဝက်နီးပါးခန့် (၅၂%) က အခြားသူများနှင့် သဟဇာတဖြစ်မှုသည် လွတ်လပ်စွာ ပြောဆိုခွင့်ထက် ပိုမို အရေးကြီးသည်ဟု ဖြေကြားကြပြီး ထိုင်းဗုဒ္ဓဘာသာ ၃၈% ကသာ ၎င်းအတိုင်း ရပ်တည်ကြသည်။

 

တင်းကျပ်သော ဘုရင်စနစ် ပြစ်တင်စော်ကားမှု ဥပဒေသည် "ထိုင်းလူမျိုးဖြစ်တည်မှုကို သတ်မှတ်ပေးသည့် ဖွဲ့စည်းတည်ဆောက်မှု ဖြစ်သောကြောင့် လိုအပ်သည်ဟု အာဏာပိုင်များက ပြောကြား ကြသည်

 

ထိုင်းနိုင်ငံ၏ ဘုရင်နှင့် ၎င်း၏ မိသားစုကို ပြစ်တင်စော်ကားလျှင် ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်သည့် တင်းကျပ်သော ဘုရင်စနစ် ပြစ်တင်စော်ကားမှု ဥပဒေသည် "ထိုင်းလူမျိုးဖြစ်တည်မှုကို သတ်မှတ်ပေးသည့် ဖွဲ့စည်းတည်ဆောက်မှုဖြစ်သောကြောင့် လိုအပ်သည်ဟု အာဏာပိုင်များက ပြောကြား ကြသည်။

 

ကမ္ဘောဒီးယားအစိုးရက လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် တင်းကျပ်ကြောင်း စွပ်စွဲမှုများအပေါ် ခုခံပြောဆိုသည့်အနေဖြင့် အတိုက်အခံ နိုင်ငံရေးသမားများနှင့် လွတ်လပ်သည့် သတင်းစာများသည် ၁၉၉၀ နောက်ပိုင်း ခုနှစ်များတွင် အဆုံးသတ်ခဲ့သည့် ဆယ်စုနှစ် သုံးစုကြာမြင့်ခဲ့သော ပြည်တွင်းစစ်ပွဲနောက်ပိုင်း နိုင်ငံ၏ ခက်ခဲစွာ ရယူထားရသည့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ ကွန်မြူနစ်အစိုးရများက အမျိုးသားအသိုင်းအဝန်းသည် တစ်ဦးချင်း ပြောဆိုလိုသည့်အတိုင်း ပြောဆိုခွင့်ထက် ဦးစားပေးရမည်ဟု အခိုင်အမာ ပြောကြားထားသည်။

 

တိုင်းရင်းသားနှင့် ဘာသာအယူဝါဒ အစုံအလင်ပါဝင်သည့် နိုင်ငံဖြစ်ပြီး ၁၉၆၀ ခုနှစ်များတွင် "လူမျိုးရေး အဓိကရုဏ်းများ” ကြုံတွေ့ခဲ့ရသော စင်ကာပူအစိုးရသည် ၎င်း၏ "အမုန်းစကား” ဥပဒေကို မကြာသေးခင် နှစ်များအတွင်း တိုးချဲ့ ပြဌာန်းခဲ့သည်။

 

စင်ကာပူမှာတော့ ကျွန်တော်တို့ အမုန်းစကားရော ထိခိုက်နစ်နာစေတဲ့ စကားတွေကိုရော အရေးယူပါတယ်။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ တခြားလူမျိုးကို ဒါမှမဟုတ် တခြားဘာသာကို တိုက်ခိုက်တဲ့၊ ပြစ်တင်စော်ကားတဲ့ လုပ်ရပ်တွေ လုပ်ဖို့ ကျွန်တော်တို့ ခွင့်မပြုပါဘူး။ဟု ၂၀၂၁ ခုနှစ် မိန့်ခွန်းတွင် စင်ကာပူ ပြည်ထဲရေးဝန်‌ကြီး K. Shanmugam က ပြောကြားခဲ့သည်။

 

ကျွန်တော်တို့အတွက် လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ အခြားသူတွေကို တိုက်ခိုက်ပြောဆိုခြင်းတဲ့ ဘောင်ကို မကျော်ရပါဘူး။” ဟု ၎င်းက ပြောသည်။

 

သို့ရာတွင် ဝေဖန်သူများက အရှေ့တောင်အာရှ၏ ကြမ်းတမ်းသော "အမုန်းစကား” ဥပဒေများနှင့် အခြားသော ဥပဒေများသည် လူမှု"သဟဇာတ” ဖြစ်မှုကို လက်တွေ့တွင် ကာကွယ်ပေးခြင်း ရှိပါရဲ့လား ဟု မေးခွန်းထုတ်ကြသည်။

 

ထိုင်းနိုင်ငံအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်သော အာရှစင်တာ၏ ၂၀၂၁ ခုနှစ် အစီရင်ခံစာတစ်ခုတွင် "သဟဇာတ” နှင့် အခြားဥပဒေများကို ပြဌာန်းခြင်းသည် "လူမျိုးရေး-ဘာသာရေးအရ လူများစု၏ ဆက်လက်လွှမ်းမိုးချုပ်ကိုင်မှုဖြစ်ကြောင်း၊ [ဘာသာရေး သို့မဟုတ် ယုံကြည်မှု လွတ်လပ်ခွင့်] ကို ကန့်သတ်ခြင်းဖြစ်ကြောင်း၊ လူနည်းစုအစိုင်းအဝိုင်းများ၏ နစ်နာချက်များကို ပြောဆိုခွင့် ဆက်လက်ပိတ်ပင်ခြင်း ဖြစ်ကြောင်းဖော်ပြပြောဆိုထားသည်။

 

လူမျိုးရေး-ဘာသာရေး လွှမ်းမိုးထားသည့် ဒေသတွင်း အစိုးရများသည် နိုင်ငံရေးအကျိုးအမြတ်အတွက် လူမှုအသိုင်းအဝိုင်းကွဲပြားမှုကို အမြတ်ထုတ်ရန် အလွန်အမင်း စိတ်အားထက်သန်နေဆဲဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

 

ကိုးကား - DW

ပုံစာ - ဂျာနယ်လစ်တစ်ဦး သတ်ဖြတ်ခံရသည့်အတွက် ဆန္ဒဖော်ထုတ်နေသည့် ဖိလစ်ပိုင် သတင်းစာလွတ်လပ်ခွင့် တက်ကြွလှုပ်ရှားသူများ (Photo: Basilio Sepe/ZUMA Wire/IMAGO)

 

အရှေ့တောင်အာရှ
လွတ်လပ်စွာ ပြောဆိုခွင့်
သတင်းစာလွတ်လပ်ခွင့်

Share With
bap-logo